မြိုင်မြို့နယ်က ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ ‌ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရ

ဇူလိုင် ၁၆ – ၂၀၂၆
SN (VOM)
မကွေးတိုင်း၊ မြိုင်မြို့နယ် (တောင်ပိုင်း) မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး မြိုင်မြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ကာ မနေ့ ဇူလိုင် ၁၅ ရက်နေ့၊ မနက်ပိုင်းမှာတော့ ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောကျေးရွာတွေကို ရောက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ဝါးရင်းချိုင်၊ အိုင်းမနဲ့ ပေပင်တိုက် စတဲ့ ကျေးတွေအထိ ဖြန့်ကျက် နေရာယူထားတယ်လို့ သိရပါတယ်။
“မြိုင်စစ်ရှောင်အရေအတွက်က ထောင်နဲ့ချီ ရှိနိုင်တယ်။ တောတောင်ထဲကို ရှောင်ကြတာ။ စစ်ကြောင်းရောက်လာလို့ အခုလို ဒေသခံတွေ ရှောင်ရတယ် ဆိုတာက တိုက်ပွဲဖြစ်မှာ၊ တိုက်ပွဲကြား ပိတ်မိသွားမှာကို စိုးရိမ်တာကြောင့်လည်း ပါတယ်။ ‌နောက်တခုက နေအိမ်တွေ ဖျက်ဆီးခံရတာ၊ လူတွေ ဖမ်းဆီးခံရတာတွေလည်း ရှိနေတော့ ဘယ်သူမှ မနေရဲကြဘူး။ အခုဆို ကျေးရွာ ငါးရွာက ခန့်မှန်းအိမ်ခြေ အလုံး ၅၀ ထက်မနည်းလည်း ပျက်စီးသွားပြီ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာပြီး အရေးပေါ် စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေသလို ကျွဲ၊ နွား အစရှိတဲ့ တိရစ္ဆာန်တွေအတွက်လည်း အစာရေစာ ရှားပါးတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိ မြိုင်မြို့နယ်ထဲမှာ ရှိနေတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာဘက်ကနေ ရောက်ရှိလာတဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းရွှေ့လျားရာ လမ်းတလျှောက်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“လတ်တလော လုံခြုံရေးအခြေအနေက စိတ်ချတဲ့အနေအထား လုံးဝမရှိဘူး။ ဒီစစ်ကြောင်းက ဘယ်ကို ဦးတည်မယ်ဆိုတာလည်း မသိရသေးဘူး။ လေကြောင်းအန္တရာယ်ကလည်း ရှိသေးတယ်။ အခုကတော့ အဲဒီ စစ်ကြောင်းက မြိုင်နယ်တောင်ခြမ်း တကြောလုံးကို နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ ကားတန်းတွေနဲ့ စက်မှု (၂) ထဲကိုလည်း အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်။ နောက်ပိုင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်မယ့်သဘော ရှိတယ်” လို့ သူက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၆ ရက်၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်ဒေသတနေရာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်း သိရပြီး အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခုအချိန်က လေကြောင်းရန်ရော၊ လက်နက်ကြီးရန်ကိုရော စိုးရိမ်နေရတာပါပဲ။ ပြီးတော့ အခုအခြေအနေက စစ်တပ်နဲ့ ဒေသတွင်းက လက်နက်ကိုင် တပ်တွေကို မေတ္တာရပ်ခံလို့ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ အစိုးရတပ်က သူတို့ဆုံးရှုံးထားတဲ့ နယ်မြေတွေပြန်ရဖို့ အမြဲတမ်း ကြိုးစားနေမှာပဲ။ လက်နက်ကိုင် တပ်တွေဘက်လည်း သူတို့ရထားတဲ့ ‌နယ်မြေတွေကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူတွေအတွက်ကတော့ တိုက်ပွဲဆိုတာ မဖြစ်လေ ကောင်းလေပါပဲ။
ကိုယ့်ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေ၊ စုဆောင်းထားသမျှ ပစ္စည်းဥစ္စာတွေ၊ လယ်တွေ၊ ယာတွေကို မပျက်စီးစေချင်ဘူးလေ။ ဘယ်သူမှလည်း ဒီလိုဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအခြေအနေကတော့ တဖက်နဲ့တဖက် ပြန်သိမ်း၊ ပြန်ပေးရ၊ တဖက်က ပြန်ထိုးစစ်ဆင်၊ နေအိမ်တွေ၊ ရွာတွေ ပျက်၊ လူတွေ သေ၊ ဒဏ်ရာရနဲ့ ဒီလိုပဲ သွားနေဦးမှာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မကွေးတိုင်းအတွင်းမှာ မြိုင်မြို့နယ်အပြင် ပေါက်မြို့နယ် (အရှေ့မြောက်ပိုင်း) က ကျေးရွာ ကိုးရွာမှ လူဦးရေ ၇,၀၀၀ ဝန်းကျင်လည်း စစ်ဘေးရှောင်နေရသလို မင်းဘူး (စကု) မြို့နယ်မှာလည်း ရွာပေါင်း ၂၀ နီးပါးက ဒေသခံတွေ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW