သူတို့အိမ် အခန်း (၁၇၂)

ဆူးငှက်

 

စာပေသမား ထမ်းဆောင်ရမယ့် တာဝန်
—————————————-

သြဂုတ်လ ၁၂ ရက်မှာ သဘောထား တင်ပြ တောင်းဆိုချက်တွေ ထုတ်ပြန်အပြီး၊ စာပေနှင့် အနုပညာရှင်များအဖွဲ့ သပိတ်စခန်းဖွင့်တာ၊ စာပေနှင့်အနုပညာရှင်များ စစ်ကြောင်းထွက် ဆန္ဒပြတာတွေကို သက်ဆိုင်ရာ စစ်ကြောင်းကြီးများရဲ့ သံဃာတော် များ ဦးဆောင်မှုနဲ့ လှုပ်ရှားခဲ့ကြသည်။ သို့သော် စာရေးဆရာ၊ အနုပညာရှင်များ၏ ပခုံးပေါ် ကျရောက်လာသော တာဝန်ကို ဒီထမ်းဆောင်မှုဟာ လုံလောက်ပါရဲ့လား။ သြဂုတ်လကုန်ခါနီး ဆန္ဒပြ အရှိန် အဟုန်မြင့်မားဆဲ ကာလမှာပင် ကျွန်တော်တို့ ခေါင်းချင်းဆိုင်ကြပြန်ပါသည်။ ဒီအချိန် ရန်ကုန်ဗဟိုပြုပြီး တစ်ပြည်လုံး အတိုင်းအတာအရ သတင်းမှန်များ တိကျစွာ အလျင်အမြန် ထုတ်ပြန် ချိတ်ဆက်နိုင်ရေး နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ မူဝါဒရေးရာ ထုတ်ပြန် ကြေညာရေးများက အရေးအကြီးဆုံး ဖြစ်နေပါပြီ။ ကောလာဟလ သတင်း တေနှင့် ဒေါသစိတ်၊ မာန်မာနစိတ်များဖြင့် ပေါက်ကွဲမှု သတင်းများလည်း ဗလောင်ဆူနေပါပြီ။ အဖြူအမည်း မသဲမကွဲသော ဒီအချိန် ကျွန်တော် တို့တတွေ သတင်းစာ တစ်စောင် အမြန်ထုတ်ဝေဖို့ သဘောတူညီလိုက်ကြသည်။

ကျွန်တော်တို့ သတင်းစာထုတ်ကြမယ်ဆိုတော့ “မန္တလေးစာပေနှင့်အနုပညာရှင်အဖွဲ့” ရုံးစိုက်ရာ ၈၃လမ်း၊ ၃၂x၃၃လမ်းကြား မြို့လယ်ဆူးခါးတိုက် အနောက်ပေါက်မှာရှိသော ကျူရှင်ရုံးခန်းမှာ ခေါင်းချင်းဆိုင်ကြ၏။ ဒီရုံးခန်းက ကျူရှင်ဆရာ ဦးခင်မောင်အုန်း (အင်္ဂလိပ်စာ) နှင့် ဆရာဦးစိန်မောင်ဝင်း (မြန်မာစာ) ကို ကျူရှင်သင်တန်းခန်းမဖြစ်သည်။ ဦးစိန်မောင်ဝင်း(မြန်မာစာ) ဆိုတာ စာရေးဆရာ ဝင်းစည်သူပါ ပဲ။ ဒီမှာ ခေါင်းချင်ဆိုင်ကြတော့ အယ်ဒီတာချုပ်အဖြစ် ဆရာဝင်းစည်သူနှင့် အယ်ဒီတာအဖွဲ့ဝင်များအဖြစ် ဆရာညီပုလေး၊ ကျွန်တော် (အဲဒီ ကာလက ဆူးငှက်မဖြစ်သေး၊ ဆန်းကျော်မောင်ပေါ့)၊ ဆရာချမ်းမြေ့အေး(ယခုကွယ်လွန်၊ အငြိမ့်အော်ပရာတွေလည်း ရေးသားတင်ဆက်သူ)၊ ဆရာကိုငြီးချမ်း (သူက သဘင်ဆောင်းပါးတွေရေးသူ)၊ ဒီဇိုင်းက မောင်မောင်ချိုဦး (သူက ဇေသော်နာမည်နဲ့လည်း ရုပ်ပြဝတ္တု ဇာတ်လမ်းတွေရေးတယ်)တို့ ဖြစ်သည်။

အယ်ဒီတာအဖွဲ့ကို ကြီးကြပ်သူတွေကတော့ ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက်၊ ဆရာရဲသျှမ်း၊ ကိုငယ်(ကျောက်ဆည်)၊ တို့ဖြစ်သည်။ သတင်းစာ ဝိုင်းတော်သားများအဖြစ် ကာတွန်း မောင်ဝင်းအောင် (မန္တလေး)၊ ကိုသန့်ဇော်(သန်းဇော်မြို့မ)၊ကိုရွှေမိုး၊ စသူတွေပါပဲ။ မန္တလေးစာပေနှင့် အနုပညာရှင်များအဖွဲ့ (နောင်သမဂ္ဂ)မှာ ဥက္ကဋ္ဌအဖြစ်က ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)က တာဝန်ယူသည်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ဆရာကြည်အောင်၊ ဆရာမ နုနုရည်(အင်းဝ)၊ ဆရာညိုထွန်းလူ၊ လူရွှင်တော်ချစ်စရာ၊ ဆရာ ကံချွန်တို့ကတော့ မြို့လုံးပတ်လည် ဟောပြောပွဲတွေ တာဝန်ယူကြသည်။

လက်ရေးသတင်းစာ
———————-

သတင်းစာ ထုတ်ကြမယ်ဆိုတော့ ရှေ့မှာ ပထမဦးဆုံး ဈေးဦးပေါက်သတင်းစာက ဥတ္တရလွင်ပြင် ကိုသန်းဌေး(ဆရာသင့်နော်) တို့၏ “အရေးတော်ပုံ” က ရှိနှင့်ထွက်နှင့်နေသည်။ နာမည်ကလည်း အားကောင်းလှ၏။ အဖွဲ့အစည်းနဲ့ လုပ်ကြမည့် ကျွန်တော်တို့သတင်းစာကို ဝါရင့်သတင်းစာဆရာကြီး ဆရာကြည်မြရှေ့မှာပင် နာမည်ရွေးကြသည်။ နာမည်ရွေးကြတော့ တော်တော်နှင့် စိတ်ကြိုက်မရပေ။ “အောင်စည်” ဆိုတာ ကြိုက်ပေမယ့်၊ ရှေးက “ရွှေမန်းအောင်စည်” အမည်နှင့် သတင်းစာထုတ်ခဲ့ဖူးလို့ လက်ရှောင် လိုက်ကြသည်။ နောက်ဆုံး လူထုကြားမှာ ကျနေသည့် နာမည် ဖြစ်သော “ရှစ်လေးလုံး” ပဲ ရွေးလိုက်ကြသည်။ သတင်းစာ ဆိုသော်ငြား ထိုအချိန်ကာလ အခြေအနေအရ ၈လက်မခွဲ ၁၃ လက်မ စက္ကူ တစ်ဝက်ချိုးဆိုဒ် ၄ဖောင် ရှစ်မျက်နှာပဲရှိပြီး လက်ရေးနှင့် စာစီကာ ဓာတ်ပုံကို ဖြတ်ညှပ် ဒီဇိုင်းဆင်ရသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၃၀ ရက်၊ ၁၃၅၀ ပြည့်နှစ် ဝါခေါင်လဆုတ် ၁၄ ရက် ဗုဒ္ဓဟူးနေ့ကစပြီး အမှတ်စဉ် ၁` ကို ထုတ်ဝေခဲ့၏။ အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၉ ရက်နေ့မှာအထိ ပစ်သံခတ်သံတွေကြားမှာ သတင်းစာကို ပြေးရင်းလွှားရင်း ထုတ်ခဲ့ကြပါသေးသည်။ သတင်းစာအစောင် ၂၀ သက်တမ်းရှိခဲ့တာပေါ့လေ …။

ခေါင်းကြီးနှင့် ပင်တိုင်ဆောင်းပါးရှင်တွေ
—————————————–

လက်ကမ်းစာစောင်သာသာ လက်ရေးသတင်းစာလေးပေမယ့် သတင်းစာ၏ ခေါင်းကြီးအားလုံးလိုလိုက ဒေါ်ဒေါ်လူထုဒေါ် အမာက ရေးပေးသည်။ ညပိုင်း ၈နာရီ သတင်းအပြီး ဘီဘီစီအသံလွှင့်အစီအစဉ်တွေအပြီး ဒေါ်ဒေါ်က အယ်ဒီတာ့ အာဘော်ခေါင်းကြီးကို ရေးသည်။ ဒေါ်ဒေါ့်လက်ရေး မူရင်းကို သားဖြစ်သူ ဆရာညီပုလေး၊ ဒါမှမဟုတ် အတူနေ ဒေါ်ဒေါ့်တူ၊ တူမများက ကော်ပီပြန်ကူးပြီး ည ၉နာရီခွဲဝန်းကျင်၊ ဒေါ်ဒေါ့်တူ ဖြစ်သူက ထိုကော်ပီကို ကျွန်တော့်လက်ထဲ ထည့်သည်။ ကျွန်တော်က အယ်ဒီတာချုပ်ရုံးခန်းထဲ ဝင်ပေးပြီးမှ ဖောင်ပိတ်ကြရသည်။ ဒေါ်ဒေါ် မရေးဖြစ်သည့် ခေါင်းကြီး ၂ပုဒ်လောက်ကိုတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီး အစ်ကိုကြီး တစ်ယောက်လို စောင့်ရှောက်ပေးသော ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ရေးပေးတာလည်း မှတ်မိသည်။ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ရှစ်လေးလုံးသတင်းစာမှာ “ဒေါ်ခင်ခင်ထူး”ကလောင်နာမည်နှင့်ရော၊ “ဝတ်လုံတော်ရ မောင်သောင်းဖေ” ကလောင်နှင့်ရော၊ “ဗဟိုတရားရုံး ရှေ့နေ တစ်ဦး”၊ “ဥပဒေပညာရှင်တစ်ဦး” စသည့် ကလောင်တွေနှင့်ရော ဥပဒေရေးရာ ဆောင်းပါးများ ရေးခဲ့သည်။

နောက် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမြသောင်း၊ ဆရာကြည်အောင်၊ ဆရာစိုးနိုင် (မန္တလေးတက္ကသိုလ်)၊ ဆရာသိုက်ထွန်းသက်၊ ဆရာညီပုလေး၊ ဆရာရဲသျှမ်းတို့ကလည်း ကလောင်ဝှက်များဖြင့် ဆောင်းပါးများ ရေးကြသည်။ ကျွန်တော်ကသတင်းဓာတ် ပုံတွေရိုက်၊ သတင်းတွေလိုက်၊ အင်တာဗျူးတွေရေးပေါ့လေ …။ ရှစ်လေးလုံးသတင်းစာမှာ ထို့ပြင် သတင်းစာအတွက် ကာတွန်းများကိုလည်း ကာတွန်းမောင်ဝင်းအောင်(မန္တလေး)၊ ကာတွန်းစိန်မိုဃ်း၊ ကာတွန်း စိန်အောင်၊ ကာတွန်းလေရူး၊ ကာတွန်းနေလင်းအောင်၊ ကာတွန်း မောင်ဝင်းမောင်(တမ္ပဝတီ)၊ ကာတွန်း ဂျင်ကလိ၊ ရောင်ခြည်ဦး၊ ဗိုလ်မြ၊ မှတ်ကြီး၊ ခရု၊ အေးထွေး၊ အူဝဲ၊ L.T တို့က ရေးကြသည်။ ကာတွန်း မောင်ဝင်းအောင်(မန္တလေး) ကတော့ တိုက်ပိုင်ကာတွန်းဆရာဖြစ်သည် ဖောင်ပိတ်ချိန်မှာ အပြောများ ရေပန်းစားသော သတင်းနှင့် ဆက်စပသည့် သတင်းကာတွန်း ကို ချက်ချင်းရေးဆွဲသည်။ ထိုစဉ်ကာလက သူ့ကာတွန်း၊ သူ့ကယ်ရီကေချားများက ပြည်ပမီဒီယာများမှ တဆင့် ကမ္ဘာကျော်ခဲ့သည်။

သတင်းစာသည် ကြီးသည် ငယ်သည်မဟူ
——————————————–

ဒေါ်ဒေါ်လူထုဒေါ်အမာ သည် ကြီးပွားရေးဂျာနယ်၊ လူထုဂျာနယ်၊ လူထုသတင်းစာများတွင် အယ်ဒီတာ၊ ပင်တိုင်ဆောင်းပါးရှင်း၊ နိုင်ငံရေး ဝေဖန်သူသာမက သတင်းစာထုတ်ဝေသူလည်း ဖြစ်ခဲ့သည်။ ဦးလေးလူထုဦးလှနှင့် ဒေါ်ဒေါ်လူထုဒေါ်အမာတို့၏ လူထုသတင်းစာက ၁၉၆၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ နောက်ဆုံး ထုတ်ဝေခွင့်ရခဲ့ပြီးနောက် သတင်းစာအလုပ်နှင့် အဆက်ပြတ်သွားသော်လည်း သတင်းစာဆရာနှင့် သတင်းစာထုတ်ဝေသူ သွေးက မအေးနိုင်ပေ။ ထို့ကြောင့် လက်ရေးသတင်းစာ “ရှစ်လေးလုံး” ကိုလည်း မနက် ၆နာရီ အချိန်လောက်ထိ သတင်းစာမရောက်သေး မဖြန့်နိုင်သေးလျှင် ဒေါ်ဒေါ် စိတ်ပူနေပါပြီ။ ယောက်ယက်ခတ် နေပါပြီ။ ကျွန်တော်တို့ ကတော့ အေးဆေး ။ သတင်းစာ စာဖောင်ရိုက်သော ပုံနှိပ်တိုက်က ဘုရားကြီး နားမှာ၊ အဲဒီက ရိုက်ပြီး စာဖောင်တွေ လူထုတိုက်ရောက်လာပြီးမှ ဖြတ်ကာ ဖောင်ကောက်၊ ဖောင်ခေါက်တာပါ။

ထို့ကြောင့် လူထုတိုက်သို့ ရိုက်ပြီး စာဖောင်များ အချိန်မီ မရောက်လျှင် ဒေါ်ဒေါ်က “သတင်းစာဆိုတာ မနက်လင်း တာနဲ့ အိမ်ပေါက်စေ့ ရောက်ရတာ။ မနက်ဆွမ်းခံကိုယ်တော်နဲ့၊ ပဲပြုတ်သည်တွေထက် သတင်းစာက နောက်မကျရဘူး၊ ညက ဖောင်ပိတ် နောက်ကျတာလား၊ ဖလင်ထုတ်နောက်ကျတာလား၊ စက်ပျက်တာလား၊ သွားမစုံစမ်းကြဘူးလား၊ ဒီလိုပဲ ထိုင်စောင့်နေကြမှာလား” စသည်ဖြင့် ကျွန်တော်တို့ကို ဆူပါတော့တယ်။ ဆိုက်ကားနှင့် စာဖောင်တွေ ရောက်လာတော့ ဒေါ်ဒေါ်က ထိုင်ခုံလေးဆွဲပြိး ကိုယ်တိုင် ဖောင်ကောက်တော့သည်။ ဒေါ်ဒေါ်သည် သတင်းစာအပေါ် အဲလောက်ထိ သံယောဇဉ်ကြီးကာ ပရိသတ်အပေါ် အဲလောက်ထိ သစ္စာရှိခဲ့သည်။ ရှစ်မျက်နှာ၊ လေးဖောင်၊ လက်ရေးစာစောင်လေးပေမယ့် ဒေါ်ဒေါ်၏ လုံ့လနှင့် စေတနာက မလျော့ခဲ့ပေ။ သတင်းစာကြီး တစ်စောင်ကဲ့သို့ လုံ့လဝီရိယရှိခဲ့သည်က စံနမူနာဖြစ်သည်။

 

ရက်၂၀ကြာ သတင်းစာပညာသင်တန်း
——————————————

“ရှစ်လေးလုံး” သတင်းစာတွင် ရက် ၂၀ သာ ကြာခဲ့ပေမယ့်၊ သတင်းစာ မနက်ပိုင်း ထွက်အပြီး နေ့လယ်ရောကလျှင်၊ ဒေါ်ဒေါ်က အယ်ဒီတာချုပ်ရယ်၊ သူ့သား ဆရာညီပုလေးရယ်၊ ကျွန်တော်ရယ်ကို သူ့စားပွဲရှေ့ခေါ်ပြီး သတင်းစာလေး ကိုင်ကာ မျက်နှာဖုံးမှ ကျောဖုံးထိ တစ်မျက်နှာချင်းကြည့်သည်။ ပြီးတော့ အားနည်း အားသာချက်များကို တစ်ပုဒ်ချင်း ဝေဖန်အကြံပြု သုံးသပ်သင်ကြား ပေးပါသည်။ ဒါဟာ ကျွန်တော့်အတွက် တစ်သက်နဲ့တစ်ကိုယ် တက်ဖူးသည့် သတင်းစာ သင်တန်းပဲ ဖြစ်ပါသည်။ တစ်နိုင်ငံလုံး အုန်းအုန်းကြွက်ညံမျှ သရော်ခဲ့ကြသည့် သမ္မတသစ် ဒေါက်တာမောင်မောင် ၏ မိန့်ခွန်းကို သတင်းစာမျက်နှာဖုံးတွင် ကယ်ရီကေးချားနှင့် သရော်တာထက် အတွင်း စာမျက်နှာမှာ မထင်မရှား ပါသွားသည့် ဥက္ကဋ္ဌကြီး ဦးနေဝင်း၏ သူပိုင်ငွေ ၁၈သိန်းကျပ်နှင့် ညီမျှသော ဂျာမန်မတ်ငွေ များကို ရန်ကုန် နိုင်ငံခြားငွေလွှဲဘဏ် ကတစ်ဆင့် ဆွစ်ဇာလန်မှာရှိသည့် သူ့ဘဏ်ငွေစာရင်းထဲ လွှဲပေးဖို့ အမိန့်ပေးတာ ပေါက်ကြားသွားပြီး ရန်ကုန်က ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ က ကန့်ကွက် ဆန္ဒပြကြတဲ့ သတင်းကို မျက်နှာဖုံးမှာ သိသာ ထင်ရှားအောင် သတင်းပေးတာက ပိုပြီး ထိရောက်ကြောင်း ဒေါ်ဒေါ်က ညွှန်ပြခဲ့သည်။

အလားတူ လက်တွေ့မဆန်သည့် ဂမ္ဘီရဆန်ဆန်သတင်းတွေ၊ ဗေဒင်ယတြာနဲ့ အရေးတော်ပုံကြီး ကူပံ့မှု သတင်းတွေ၊ သူရဲကောင်း ဆန်ဆန် စတန့်လုပ်ပြသည့် သတင်းတွေ၊ အခြေအမြစ်မရှိသည့် ရာဇဝတ်ဆိုင်ရာ ကောလာဟလ သတင်းတွေကိုလည်း သတင်းစာတွင် မပါအောင် သတိပေး သလို ထိပါသွားရင်လည်း နောက်နောင် မထည့်ဖို့ ဒေါ်ဒေါ်က ဆုံးမသည်။ “ဒီအချိန်က အရေးကြီးဆုံးအချိန့််ကွဲ့၊ အရေးတော်ပုံနဲ့ အရေးတော်ပုံ လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးစေမယ့်၊ သံသယဖြစ်စေမယ့်၊ လမ်းလွဲစေမယ့် သတင်းမျိုး မထည့်ကြပါနဲ့ကွယ်”ဟု ပြောဆိုသည်။

 

သူရဲကောင်းတစ်ယောက်တည်းနှင့် မအောင်နိုင်
————————————————

အထူးသဖြင့် ထိုစဉ်က မြို့တစ်မြို့တွင် သူရဲကောင်းဆန်ဆန် လူတစ်ဦးပေါ်ခဲ့သည်။ သူ့ကို ရှစ်လေးလုံး သတင်းစာ၏ မျက်နှာဖုံးက ကောင်းချီးသြဘာပေး ရေးသားလိုက်သည်ကို ဒေါ်ဒေါ်က ဝေဖန်တယ်။ “အရေးတော်ပုံ တိုက်ပွဲတွေဟာ လူထုမပါဘဲ မဖြစ်ဘူး။ လူထုက အဓိက အင်အားဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှေ့ရောက်လာတဲ့သူတစ်ဦးကို ဒီလောက် အမွှမ်းမတင်သင့်ဘူး။ လူထုအင်အားကို ဥပေက္ခာပြုရာရောက်တယ်။ ရှေ့မှာ သူ့သမိုင်းက အရှည်ကြီး ကျန်သေးတယ်။ သတင်းစာ တစ်စောင်အနေနဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့ပတ်သက်ပြီး သမိုင်းမသိဘဲ အဆုံးအဖြတ်မမြန်စေနဲ့၊ ချစ်သူမို့ မသာစေနဲ့၊ မုန်းသူမို့လည်း မနာစေနဲ့”တဲ့။

နောက် … အဲဒီကာလ သူခိုးမိလို့ အင်္ကျီချွတ်ပြီး တစ်နေကုန် နေပူလှန်း အပြစ်ပေးတဲ့ သတင်းတို့ …၊ အာဠဝီ စီလမ်းထိပ်မှာ ဝါးလုံးတိုင်ကြီးစိုက်ပြီး ဒီမိုကရေစီ မရမချင်း ဝါးလုံးတိုင်ထိပ်က မဆင်းဘဲ ဆန္ဒပြမယ်ဆိုတဲ့ တစ်ကိုယ်တော် စတန့်သတင်းမျိုးလည်း ဒေါ်ဒေါ် က မသုံးစေ၊ မဖော်ပြစေချင်ပေ။ “သတင်းဆိုတာ မှန်တယ်ဆိုတိုင်း ဖော်ပြစရာမလိုဘူး။ စာဖတ်ပရိသတ်အတွက် အကျိုးရှိရဲ့လား၊ အကျိုးမရှိရုံမက လတ်တလော ဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေမှာ အဆိုးဖက် ရောက်စေသလား၊ တိုင်းပြည်အတွက် အဟန့်အတား ဖြစ်စေသလားဆိုတာတွေ ကြည့်ရမယ်။ ဒီအချိန်ဟာ သိပ်အရေးကြီးတဲ့ အချိန်မို့၊ သတင်း ထုတ်ပြန်မှုတွေဟာလည်း သိပ်အရေးကြီးတယ်။ သတိထားရမယ်ဟု ဒေါ်ဒေါ်က ပြောသည်။

 

ဒီသတင်း သတင်းစာမှာ ပါမပါ
————————————

ထို့ကြောင့်လည်း ထိုကာလ အရေးတော်ပုံ အရှိန်ရသည်နှင့်အတူ၊ ကောလာဟလများ၊ ရာဇဝတ်မှုခင်းများနှင့် အရေးတော်ပုံကို သိက္ခာချအပုပ်ချဖို့ ကြံစည်ကြမှုများ စတင်လာချိန်၊ မန္တလေးမြို့လယ်၊ ဘုန်းကြီးကျောင်းတိုက်ကြီး တစ်တိုက်ဘေးက သင်္ကန်းဝတ်တစ်ယောက် လမ်းလယ်ခေါင်သေဆုံးရသည့် ရာဇဝတ်မှုခင်းသတင်းကလည်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည်။ ထိုသတင်းကို ရှစ်လေးလုံး သတင်းစာအနေနှင့် ကျွန်တော်ကိုယ်တိုင် အဖြစ်အပျက်ဖြစ်စဉ် အစအဆုံး ဓာတ်ပုံရိုက် သတင်းယူနိုင်ခဲ့ပါ၏။ သို့သော် နောက်ရက်မနက် သတင်းစာမှာ ထိုသတင်းကို ရှစ်လေးလုံးသတင်းစာက လုံးဝမထည့်ခဲ့ပါ။ ထိုဖြစ်စဉ်ကို ရိုက်ထားသည့် 35 mm ဖလင်နဂ္ဂတစ် တစ်လိပ် ကျော်နှင့် သတင်းဖြစ်စဉ် အစအဆုံး အစီရင်ခံစာကို သက်ဆိုင်ရာ နယ်မြေသပိတ်ကော်မတီကိုပဲ ချက်ချင်းရေးသား အပ်နှံခဲ့သည်။

“ရှစ်လေးလုံး” သတင်းစာ၏ မူဝါဒနှင့် ရပ်တည်ချက်ကို သိရှိနားလည်နေသော စာဖတ်ပရိသတ်က ထိုမှုခင်းဖြစ်ပွားသည့် ညမှာပဲ၊ နောက်ရက်ထွက်မည့် “ရှစ်လေးလုံး” သတင်းစာမှာ ထိုသတင်းမပါတဲ့ဘက်က လောင်းမယ်လို့ လောင်းကြေး ထပ်သတဲ့။ ကျွန်တော်က ရှစ်လေးလုံး တာဝန်လက်ပတ်နဲ့ အစအဆုံး ဓာတ်ပုံရိုက် သတင်းယူနေတာ မြင်ရတဲ့ သာမန်ပရိသတ်ကတော့ နက်ဖြန်သတင်းစာမှာ ဒီသတင်း သေချာပေါက်ပါမှာ ဆိုပြီး လောင်းကြေးလိုက်ကြသတဲ့။

ဟုတ်ကဲ့ …။ ထိုသတင်းကို “ရှစ်လေးလုံး” သတင်းစာမှာ မပါတဲ့ ဘက်က နောက်ရက် မနက်မှာ လက်ဖက်ရည်နှင့် ထပ်တရာ တစ်ပွဲဖြင့် အနိုင်ရသွားကြတာလည်း အမှတ်တရဖြစ်ခဲ့သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW