ဇူလိုင် ၁၇ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသရှိ ကုဋေမှော်ထဲက ကုမ္ပဏီလုပ်ကွက်ဟောင်းတခုမှာ မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ခုနှစ်ယောက်လောက်ပါသွားတယ်လို့ ကနဦးသိရပါတယ်။
မနေ့က ဇူလိုင် ၁၇ ရက်နေ့ ၊ ညနေ ၃ နာရီကျော် လောက်မှာ မြေပြိုကျခဲ့တာ ဖြစ်ပြီး မြေပြိုကျစဥ် ရေဆေးကျောက်ရှာနေသူတွေ ပါသွားတာ ဖြစ်ကြောင်း ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ ရှာဖွေနေပေမယ့် မတွေ့ရှိသေးဘူးလို့ သိရပါတယ်။
” ကယ်ဆယ်ရေးအဖွဲ့တွေ ရှာနေကြတုန်းပဲ ။ ဒီနေ့ခင်းထိတော့ မတွေ့သေးဘူး သိရတယ်။ မြေပြိုကျတာက ကန်ကြီးထဲကိုဆိုတော့ ရှာဖို့က သိပ်မလွယ်တဲ့အခြေအနေဖြစ်နေတာ။ ရေငုတ်ရှာနေကြတာကို မတွေ့သေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ် ။
ကနဦးသိရှိရတဲ့ စာရင်းအရဆိုပါက မြေပြိုကျမှုအတွင်း ပါသွားတဲ့သူတွေထဲမှာ ရခိုင်လူမျိုးနှစ်ယောက်ပါဝင်ကြောင်း သိရပါတယ်။
လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အညီ မိုးရွာသွန်းခြင်း ၊ ရေကြီးခြင်း စတဲ့ဖြစ်စဥ်တွေကြောင့် ဖားကန့်ဒေသရှိ မှော်လုပ်ကွက်တွေက မြေစာပုံတွေမှာ ကျောက်ရှာဖွေမှုဟာ ရေမဆေးသမားတွေအတွက် အန္တရာယ်များတဲ့ အခြေအနေရှိတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဒီမိုးကာလမှာ ကျောက်ရှာဖွေမှုကို တားမြစ်ဖို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဇူလိုင် ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်းဆန်ကျေးရွာနယ်မြေစိန်လုံတောင်တန်းကြောရှိ ကုမ္ပဏီလုပ်ကွက်မှာ မြေစာပုံပြိုပြီး လူခုနှစ်ယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၇ ရက်နေ့ညကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာ၊ သုံးသိန်းမှော်ဘက်မှာ မြေစာပုံပြိုကျလို့ ငါးယောက်သေဆုံးပြီး အလောင်းရှာမတွေ့ပဲ ပျောက်ဆုံးသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်ကလည်းဖားကန့်ဒေသရှိ မှော်စီစာရပ်ကွက်က စိန်စိန်ကျင်း လုပ်ကွက်ဟောင်းပြိုကျပြီး ကုမ္ပဏီဝန်ထမ်း ငါးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၉ နာရီကျော်လောက်ကလည်းဖားကန့် ၊ ကုဋေမှော် အဲဗားမှာ မြေစာပုံပြိုကျပြီး လူ ၂၀ လောက် ပါသွားမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်ဒေသ ၊ဆိုင်းတောင်ရွာအုပ်စု ၊ နမ့်မှော်ကျေးရွာရှိ ပအို့ဝ် မြေစာပုံဟောင်း လုပ်ကွက်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူအမျိုးသားနှစ်ယောက် သေဆုံးပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။
အလားတူ အောက်တိုဘာ ၁၄ ရက်ကလည်း ဖားကန့်ဒေသရှိ ကုဋေလုပ်ကွက်ဟောင်းတခုမှာ လက်ကျင်းတူးရာမှ ခြေချော်ကျပြီး အမျိုးသားတယောက် သေဆုံးခဲ့သလို အောက်တိုဘာ ၃ ရက်မှာလည်း မှော်စီစာကျေးရွာ၊ သာယာကုန်းမှာ ကျောက်စိမ်းလုပ်ကွက်ရှိ မြေစာပုံပြိုမှုကြောင့် တယောက် သေဆုံးပြီး တယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကလည်း ဖားကန့် ၊မှော်စီစာ ၊တောင်ယာကုန်းရှိ စိန်စိန် ဂျိတ်ပါဝါကြော လုပ်ကွက်မှာ မြေပြိုကျမှုဖြစ်ပွားပြီး ကျောက်ရှာဖွေသူအပါအဝင် သေဆုံးသူ ၁၇ ယောက်ထက်မနည်း ရှိခဲ့ တယ်လို့ သိရပါတယ်။
ဇွန် ၂၀ ရက်ကလည်း ဖားကန့်မြို့နယ်၊ မှော်ရှန်ကုန်းကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေတဲ့ ညီအစ်ကိုနှစ်ယောက် သေဆုံးမှုရှိခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကလည်း ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်းမှာ နွံပေါက်ကျမှုဖြစ်ပွားပြီး သေဆုံးသူ အယောက် ၃၀ ကျော် ရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်လုပ်ကွက်မှာ မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – CJ
