ဇူလိုင် ၁၈ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်( ၄)မှာ ရှိတဲ့ Spring Moon အထည်ချုပ်စက်ရုံအနေနဲ့ အလုပ်သမားတွေကို လုပ်ခလစာတိုးမြှင့်ပေးဖို့အပါအဝင် အချက်ကိုးချက်ကို လိုက်လျောပေးဖို့ အလုပ်သမား ၁၈၀ နီးပါးက ၁၀ ရက်ကြာတဲ့အထိ ဆန္ဒပြတောင်းဆိုနေပြီး ခုထိတော့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။
အလုပ်သမားတွေက Day ကြေးကို ၁၃၀၀၀ ကျပ် ၊ ရက်မှန်ကြေးကို ၅၀၀၀၀ ကျပ် ၊အချိန်ပို(OT)ကြေးကို ၂၅၀၀ ကျပ် ၊ကျွမ်းကျင်ကြေးကို (A) အဆင့် ၆၀၀၀၀ ကျပ် ၊ (B)အဆင့် ၅၀၀၀၀ ကျပ် နဲ့ (C)အဆင့်ကို ၄၀၀၀၀ ကျပ် သတ်မှတ်ပေးဖို့ ၊ ရက်ပျက် Sunday ကို ကြေးမဖြတ်ဖို့ ၊ Sunday မှာ OTဆင်းပါက Dayကြေးကို နှစ်ဆရှင်းပေးဖို့ တောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် အရေးကြီးကိစ္စ ရှိပါက ရှောင်တခင် ခွင့်ပေးဖို့ ၊ လုပ်သက်ဆုကြေးကို Day ကြေးနဲ့ရှင်းပေးဖို့ ၊Gate Pass ယူပါက တနင်္ဂနွေကြေးမဖြတ်ဖို့ကို အလုပ်သမားတွေက တောင်းဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး အလုပ်ရှင်အလုပ်သမားကြား အကြိမ်ကြိမ် ညှိနိူင်းဆွေးနွေးခဲ့ပေမယ့် တောင်းဆိုချက်တွေထဲက Day ကြေးကို ၁၁၀၀၀ ကျပ်နဲ့ OTအချိန်ပိုကြေးကို ၂၂၀၀ အဖြစ် တိုးပေးဖို့ အလုပ်ရှင်ကသဘောတူပြီး ကျန်တဲ့အချက်တွေကို လိုက်လျောခြင်းမရှိတာကြောင့် အလုပ်သမားတွေက ဆက်လက်ဆန္ဒပြ တောင်းဆိုနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” စက်ရုံနဲ့ ညှိနှိုင်းနေပေမယ့် ခုထိအဆင်မပြေသေးတာက လုပ်ခလစာ ကို ၁၀၀၀ ဘဲတိုးလို့ အဆင်မပြေသေးတာပါ။ ကျန်တာ ဆက်ညှိမရဘူး အပေါ်နှစ်ချက်မှာဘဲ တစ်နေလို့ပါ။ မနက်ဖြန် မနက် ၉ နာရီ ထပ်ချိန်းထားပါတယ် ။ ” အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဇူလိုင် ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် စက်ရုံတာဝန်ရှိသူတွေ ၊အလုပ်သမားတွေ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့အတွက် ဇူလိုင် ၁၈ ရက်မှာ ထပ်မံဆွေးနွေးညှိနိူင်းဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။
အလုပ်သမားတွေကို လက်ရှိ ပေးနေ တဲ့ Day ကြေးက ၁၀၀၀၀ ကျပ် ၊အချိန်ပိုOT ကြေး ၂၀၀၀ ကျပ် ၊ ရက်မှန်ကြေး ၄၀၀၀၀ ကျပ် ၊ကျွမ်းကျင်ကြေးကို (A) အဆင့် ၄၀၀၀၀ ကျပ် ၊ (B)အဆင့် ၃၀၀၀၀ ကျပ် နဲ့ (C)အဆင့်ကို ၂၀၀၀၀ ကျပ်ရရှိတာဖြစ်တယ်လို့ သိရပါတယ် ။
” ဒီအချိန်မှာ အလုပ်သမားလည်း မကိုက်သလို အလုပ်ရှင်လည်း တအားကြီးမြတ်နေတာမျိုးမဟုတ်ပါဘူး ။ အကုန်လုံးက မလှုပ်သာဘူး ။ ဟိုအရင်ကလို အထည်ချုပ်စက်ရုံတွေလည်း အဆင်မပြေဘူး ။ အကုန်လုံးခက်ခဲတဲ့ကာလတခုကို ရင်ဆိုင်နေကြရတာပါ ။ ခုဖြစ်နေတဲ့ ကုန်စျေးနူန်း နဲ့အလုပ်သမားတွေလည်း အဆင်မပြေတာ သိပါတယ်။ ဆန္ဒပြတောင်းဆိုတာမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိရမှာပါ။ ငါတို့က ဒါကိုရကိုရမှဖြစ်မယ်ဆိုတာမျိုးလုပ်လို့မရပါဘူး ။ စက်ရုံဘက်ကကြည့်ရင်လည်း လူပေါင်းရာနဲ့ချီပြီးပေးရမှာဆိုတော့ လစဥ်လတိုင်းလေ ။ ရေရှည်ကို ကြည့်ရပါတယ်။ အလုပ်ရှင်အလုပ်သမားကြား အဆင်ပြေတာမျိုးပဲ ဖြစ်စေချင်တယ်။ ” လို့ အထည်ချုပ် စက်ရုံပိုင်ရှင်တယောက်က မှတ်ချက်ပြုပြောပါတယ်။
Spring Mon Garment Manufacturing Co-Ltd အထည်ချုပ်စက်ရုံက CMP Brand ချုပ်လုပ်နေတဲ့ စက်ရုံဖြစ် ပြီး စက်ရုံမှာ အလုပ်သမား ၂၀၀ ကျော်ရှိတဲ့အနက် အလုပ်သမား ၁၇၇ ယောက်က လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံဝန်းထဲမှာပဲ ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဆန္ဒပြတောင်းဆိုမှုကိုတော့ အလုပ်သမားတွေက ဇူလိုင် ၈ ရက်နေ့ကစပြီး ပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း ရန်ကုန်ရှိ အထည်ချုပ်လုပ်ငန်းအများစုမှာ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် တရားမျှတမှုရရှိရေး အငြင်းပွားမှု စုစုပေါင်း ၂၂၇ မှုရှိခဲ့ပြီး အဲဒီထဲမှာ ကမ္ဘာကျော်အမှတ် တံဆိပ်ကို ထုတ်လုပ်တဲ့ စက်ရုံတွေပါဝင်နေတယ်လို့ STUM ရဲ့ နှစ်ဝက် အစီရင်ခံစာအရ သိရပါတယ်။
အလုပ်သမားအခွင့်အရေး အငြင်းပွားမှုများ ဖြစ်ပွားခဲ့တဲ့ စက်ရုံတွေထဲမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံက ၉၁ ရာခိုင်နှုန်း ပါပြီး မြန်မာနိုင်ငံသားပိုင်စက်ရုံက ၃ ရာခိုင်နှုန်း နဲ့ ကိုရီးယားနိုင်ငံသားပိုင်စက်ရုံက ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံစာအရ သိရပါတယ် ။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ်ကလည်း အထည်ချုပ်စက်ရုံ ကဏ္ဍမှာ အလုပ်ရှင်အလုပ်သမား အကြား အငြင်းပွားမှုပေါင်း ၂၅၀ နီးပါးအထိ ဖြစ်ပွားခဲ့တယ်လို့ STUM ရဲ့ စာရင်းအရသိရပါတယ်။
ဓာတ်ပုံ – STUM
