ဇူလိုင် ၂၁ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ သွားလာတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွား ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၈ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူစစ်အဖွဲ့ဝင်ဟာ စျေးဝယ်ဖို့ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးလာချိန် မြို့တွင်း လမ်းပိုင်းတနေရာမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” စျေးဝယ်လာတာကို လမ်းကနေ ဖြတ်ပြီးပစ်တာလို့သိရတယ်။ နှစ်ယောက်လုံး နေရာမှာပွဲချင်းပြီးဆုံးတယ်။ သေနတ်တွေလည်း ပါသွားတယ် သိရတယ်။ ပစ်ခတ်မှုပြီးတော့ စစ်တပ်ရော ရဲတွေရော မြို့ထဲစစ်ဆေးရေးတွေတင်းကြပ်တာ ရှိတယ်။ ” လို့ ဒေသခံကပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကန့်ဘလူ ပကဖ အဖွဲ့က သတင်းမီဒီယာ တချို့ကို ပုံနဲ့တကွ ထုတ်ပြ ပြောဆိုထားတာ တွေ့ရပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ကလည်း ချင်းပြည်နယ် မြောက်ပိုင်း ၊ ဟားခါးမြို့ပေါ်မှာ ဆိုင်ကယ်နဲ့သွားလာခဲ့တဲ့ အမှတ်(၁၄) ရဲတပ်ရင်းမှူး ဒုရဲမှူးကြီးဇော်ဇော်အောင် နဲ့ ရဲတပ်သားတို့ကို ချင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွား ခဲ့ပါတယ်။
အလားတူ ဇူလိုင် ၁ ရက်နေ့ကလည်း မကွေးတိုင်း ၊ ပြည် – မကွေးကားလမ်း ၊ အောင်လံမြို့ နဲ့ ဆင်ပေါင်ဝဲမြို့အကြားမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကား နဲ့ အိမ်စီးကား တို့ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်ကျော်လွင် နဲ့ ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျ တို့သေဆုံးခဲ့ပါတယ်။
ဒါအပြင် အဲဒီဖြစ်စဥ်မှာ ရဲအုပ်အောင်သန်းဇော် ညာတင်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒုရဲမှူးကြီးဝင်းလှိုင်မှာ ညာလက်ကောက်ဝတ် ကျည်ထိမှန်ဒဏ်ရာတို့ ရရှိခဲ့သလို နောက်ထပ်အသက်ကြီးပိုင်း မျိုးသမီးနဲ့ အမျိုးသားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
