စက်သုံးဆီတွေ ဈေးထပ်တက်လာပြီး ဝယ်ယူရ ခက်ခဲနေ

ဇူလိုင် ၂၄ – ၂၀၂၆
SN (VOM)
လက်ရှိ စက်သုံးဆီ ဈေးကွက်အတွင်း ဆီဈေးတွေ ထပ်တက်လာတဲ့အပြင် မြို့ကြီးတချို့က ဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အရောင်းဆိုင်တွေနဲ့ ယာဉ်မောင်းတွေဆီက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ သထုံ၊ တောင်ကြီး၊ ထားဝယ် အစရှိတဲ့ မြို့ကြီးတွေက စက်သုံးဆီ အရောင်းဆိုင်တချို့မှာ 92, 95 ဓာတ်ဆီအမျိုးအစားတွေ ဝယ်မရတဲ့ အခက်အခဲတွေရှိနေပြီး တန်းစီ ဝယ်ယူရမှုတွေလည်း ပြန်လည် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ဆီလျှော့တာက ဇူလိုင် လဆန်းပိုင်းကတည်းက၊ တပတ်စာ ခွဲတမ်းနဲ့ရတာဆိုတော့ ဆီဆိုင်တွေက ကြာသပတေးနေ့ မရောက်ခင် ဆီကုန်တာတွေ ဖြစ်လာတာ။ ရန်ကုန်မှာတောင် တချို့ ဆီဆိုင်တွေမှာ 92, 95 နှစ်မျိုးလုံး မရတာ၊ တချို့ဆိုင်တွေဆို တမျိုးလောက်ပဲ ဝယ်လို့ရတာမျိုး ဒီရက်ပိုင်းထဲ ဖြစ်ခဲ့တယ်။ ၉၅ ဆို ပိုဆိုးတယ်။ ဆိုင်တော်တော်များများက မရှိဘူးချည်းဘဲ ပြောနေကြတာ။ ရတဲ့ဆိုင်က ရှိတော့ရှိပေမယ့် ရှားတယ်။ ဆိုင်တွေမှာ ပန့်ကိုင်တောင် များများ ထားမပေးတော့ဘူး။ ဒီတော့ ကားကို ဆွဲချင်တိုင်းလည်း ဆွဲလို့မရတော့ဘူး။ ဆီအခြေအနေနဲ့ ချင့်ချိန်ပြီး မောင်းနေရတယ်” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့ ထုတ်ပြန်တဲ့ ရန်ကုန်မြို့အတွက် တပတ်စာ ရည်ညွှန်း ဈေးနှုန်းတွေအရ 92 တလီတာ ကျပ် ၃၃၅၀ ကျပ်၊ 95 တလီတာ ၃၄၆၀ ကျပ်၊ ဒီဇယ် တလီတာ ၃၅၆၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၃၁၅ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် 92 ဓာတ်ဆီ တလီတာကို ၁၄၀ ကျပ်၊ 95 တလီတာ ၁၇၅ ကျပ်၊ ဒီဇယ် တလီတာ ၃၈၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၂၀ ကျပ်နှုန်းနဲ့ အသီးသီး ဈေးတက်နေပြီး တခြားတိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ပြန်လည် မြင့်တက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ပြည်တွင်း စက်သုံးဆီဈေးနှုန်း အနည်းငယ်စီ ပုံမှန် ကျဆင်းနေခဲ့ပေမယ့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း စက်သုံးဆီဈေးကွက်မှာလည်း ဆီဈေးနှုန်းတွေ အတက်ဘက်ကို ပြန်လည် ရောက်လာတာလို့ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်တွေအတွက် တပတ်စာ ဝယ်ယူရမှု (PO) ခွဲတမ်းတွေကို စွမ်းအင်ဝန်ကြီးဌာနရဲ့ ချွေတာရေး မူဝါဒကြောင့် ထက်ဝက်ကျော်အထိ လျှော့ချခံထားရတဲ့အပြင် လက်ရှိမှာလည်း ဆီဆိုင်ငယ်တဆိုင်ရဲ့ တပတ်စာ ခွဲတမ်းဟာ ဓာတ်ဆီ လီတာ ၉၄၀ ၊ ပရီမီယံဒီဇယ် လီတာ ၁၈၂၀ သာ ရရှိတော့တယ်လို့ သိရပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေအတွက် ဆီခွဲတမ်းချပေးရာမှာ နိုင်ငံတကာ ဆီတင်သွင်းမှုနဲ့ လက်ကျန် အခြေအနေပေါ် မူတည်ပြီး တပတ်စာခွဲတမ်းတွေကို အမျိုးအစားအလိုက် ချထားပေးတာဖြစ်ပြီး ဆိုင်တွေအနေနဲ့ ပြန်လည် ဖြည့်တင်းရာမှာ ရောင်းချခဲ့တဲ့ ပမာဏစာရင်းတွေကိုသာ အခြေခံ ခွင့်ပြုပေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဆိုင်တိုင်းမှာ ကိုယ်လိုချင်တဲ့ဆီ အလွယ်တကူ ဝယ်မရဘူးဆိုတာက အခုရက်ထဲ ဈေးကွက်ထဲ ဆီနည်းနေတာလည်းပါတယ်။ ရရှိတဲ့ ခွဲတမ်းပေါ် မူတည်ပြီး ထိန်းရောင်းပေးနေရတာမျိုးပါ။ ဒါပေမယ့် လာမယ့် ဇူလိုင် ၂၅ ရက်၊ ညနေပိုင်းလောက်ကျရင် ဆီဘောက်ဆာကားတွေ ရောက်မယ်လို့ ကြားတယ်။ ဒါကြောင့် အဲဒီ နောက်ပိုင်းကျရင်တော့ ဈေးကွက်ထဲ ဆီတွေ ပြန်ရောက်လာနိုင်ပါတယ်” လို့ စက်သုံးဆီ ရောင်းချသူတယောက်က ပြောပါတယ်။
ဒါအပြင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင် အရောင်းဆိုင်တချို့မှာလည်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်မှစတင်ကာ မြို့နယ်တချို့ရှိ ဆီဆိုင်တွေမှာ 92 ပြတ်လပ်ခြင်း၊ 95 သာ ရရှိခြင်း (ဒါမှမဟုတ်) ဒီဇယ် တမျိုးတည်းသာ ရောင်းချပေးနိုင်ခြင်းတွေ ဖြစ်ပေါ်နေတာကြောင့် သုံးစွဲသူတွေအနေနဲ့ စောင့်ဆိုင်း ဝယ်ယူနေရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မွန်ပြည်နယ်၊ သထုံမြို့မှာလည်း ဆီအမျိုးအစား အားလုံး အရောင်းရပ်ထားတဲ့ ဆိုင်တွေရှိသလို တချို့ဆိုင်တွေကတော့ 92 နဲ့ ပရီမီယမ်ဒီဇယ်၊ ရိုးရိုးဒီဇယ် စက်သုံးဆီ သုံးမျိုး ရောင်းချပေးနေပြီး တချို့ ဆိုင်တွေကတော့ ပရီမီယမ်ဒီဇယ်နဲ့ ရိုးရိုးဒီဇယ် နှစ်မျိုးကိုသာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“ဈေးတက်တာထက် မွန်ပြည်နယ်မှာ ဆီဝယ်မရတာ ပိုဆိုးတယ်။ မနေ့ (ဇူလိုင် ၂၃ ရက်) ကဆို ဘယ်ဆိုင်မှ ဆီမရောင်းဘူး။ ဆိုင်တွေက တက်ဈေးစောင့်ပြီး လှောင်ထားတာတွေလည်း ရှိနေတယ်။ သောကြာနေ့ ဆီဈေးအခြေအနေကို စောင့်ချင်တော့ ဆိုင်တွေက မရောင်းဘဲနေကြတာ များတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံခြားငွေ များစွာ သုံးစွဲနေရတာကြောင့် စက်သုံးဆီနဲ့ စားသုံးဆီတွေ ပြည်ပမှ တင်သွင်းမှုတွေ ထပ်မံ လျှော့ချမယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အစိုးရအနေနဲ့ စက်သုံးဆီတွေကို Bar Code/QR Code စနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ဆိုင်ကယ်တွေအတွက် တပတ်ကို နှစ်ကြိမ် ၈ လီတာ၊ သုံးဘီး၊ အိုးဝေ တပတ် သုံးကြိမ် ၁၅ လီတာ၊ ထော်လာဂျီ တပတ် သုံးကြိမ် ၃၀ လီတာ၊ အိမ်စီးကား တပတ် နှစ်ကြိမ် ၂၀၀၀ စီစီအထိ ၃၅ လီတာ၊ ၂၀၀၀ စီစီမှ ၃၀၀၀ စီစီအထိ ၄၀ လီတာ၊ ၃၀၀၀ စီစီအထက် ၄၅ လီတာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် နံပါတ်အနီ (အငှားကား) တပတ် သုံးကြိမ် ၂၀၀၀ စီစီအထိ ၉၀ လီတာ၊ ၂၀၀၀ စီစီမှ ၃၀၀၀ စီစီအထိ ၁၀၀ လီတာ၊ ၃၀၀၀ စီစီအထက် ၁၁၀ လီတာ၊ Light Truck, Truck, Pickup တွေအတွက် တပတ်ကို နှစ်ကြိမ် ၂၀၀၀ စီစီအထိ ၉၀ လီတာ၊ ၂၀၀၀ စီစီအထက် ၁၁၀ လီတာအထိ သတ်မှတ် ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW