မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်း သံလမ်းထိန်းကလစ်‌တွေအခိုးခံရပြီး ရထားလမ်းချော်ခဲ့လို့ ပြန်လည်ပြုပြင်​နေရ

ဇူလိုင်-၂၄-၂၀၂၆
KKA (VOM)
ဇူလိုင် ၂၁ ရက်နေ့ကမှ ပြန်စဆွဲခဲ့တဲ့ မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ သံလမ်းထိန်းကလစ်တွေ ဖြုတ်ယူအခိုးခံလိုက်ရပါတယ်။ အဲဒီလို ခိုးယူခံရတာကြောင့် ရထားစက်ခေါင်းနဲ့ တွဲဆိုင်း လမ်းချော်တာတွေ ဖြစ်ခဲ့ပြီး ရထားလမ်းကိုလည်း ယာယီပိတ်လိုက်ရတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းမှာ ဟိုပင်မြို့နယ် နန်းခွင်ဘူတာကနေ ထွက်လာတဲ့ ရထားလမ်းလုံခြုံရေး ကင်းလှည့်ရထားဟာ နန်းခွင်နဲ့ ဟိုပင်ဘူတာကြား ရောက်တဲ့အချိန်မှာ စက်ခေါင်းနဲ့အတူ နောက်ပါတွဲ ဆိုင်း၂ တွဲ လမ်းချော်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နန်းခွင်-ဟိုပင် လမ်းပိုင်းကို ယာယီပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီလို လမ်းချော်သွားတဲ့အတွက် မီးရထားတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တဲ့အခါမှာ ပေ ၂၄၀ ခန့်ရှိတဲ့ သံလမ်းဧရိယာအတွင်းက သံလမ်းထိန်းကလစ် စုစုပေါင်း ၄၀၈ ခုကို မသမာသူတွေက ဖြုတ်ယူခိုးသွားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရထားခရီးစဉ်တွေ ပြန်လည်‌ ပြေးဆွဲနိုင်ဖို့ မီးရထားဝန်ထမ်းတွေအင်တိုက်အားတိုက် ပြန်လည်ပြင်ဆင်ခဲ့ကြလို့ ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာတော့ ပြင်ဆင်မှုတွေ ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။
“ရထားလမ်းပိုင်းကို မီးရထားတာဝန်ရှိသူတွေနဲ့ ဝန်ထမ်း‌တွေက အမြန်ဆုံး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့လို့ ဇူလိုင် (၂၃) ရက် ညနေပိုင်းမှာ ပြန်လည်ပြုပြင် ပြင်ဆင်ပြီးစီးခဲ့လို့ ရထား ပြန်လည်ပြေးဆွဲနိုင်ရေး လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။”လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက VOMကိုပြောပါတယ်။
အခုလို ရထားလမ်းပိုင်းဆိုင်ရာ ပစ္စည်းတွေ ခိုးယူခံရတာဟာ ရထားပြေးဆွဲမှုစနစ်တစ်ခုလုံးကို ပျက်စီးစေရုံတင်မကပါဘူး။ ခရီးသည်တင်ရထားတွေနဲ့ အမြန်ရထားတွေ ဖြတ်သန်းချိန်မှာသာ ဖြစ်သွားရင် လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်သေဆုံးနိုင်တဲ့အထိ စိုးရိမ်စရာဖြစ်တာကြောင့် ဖျက်ဆီးသူတွေကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့သိရပါတယ်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၇၉ (ဂ) နဲ့ ပုဒ်မ ၈၄ အရ ရထားလမ်းဆိုင်ရာ ပစ္စည်းတွေကို ဖြုတ်ယူတာ ဒါမှမဟုတ် ဖျက်ဆီးတာတွေ လုပ်ခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ အများဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရမယ့်အပြင် ငွေဒဏ်လည်း ပူးတွဲကျခံရမှာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဟိုပင်ဒေသခံ ဦးညိုထွန်းကလည်း
“ရထားသံကြားရတာ ၂၄ နာရီပဲ ရှိသေးတယ်။ အခုလို ဖျက်ဆီးခိုးယူတာတော့ ဘယ်ကောင်းပါ့မလဲ။ ဒေသခံတွေ သွားလာရေး ခက်ခဲနေချိန် ရထားလေး ပြန်ဆွဲပေးလို့ ဝမ်းသာတုန်းရှိသေးတယ်၊ အခုလို လုပ်ရပ်တွေ မလုပ်သင့်ပါဘူး” လို့ VOM ကို ပြောပါတယ်။
လက်ရှိမှာတော့ ရထားလမ်းပိုင်းကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးနိုင်ခဲ့ပေမယ့် အလားတူ ခိုးယူဖျက်ဆီးတာတွေ ထပ်မဖြစ်ဖို့အတွက် ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အဓိက သော့ချက်ပါပဲ။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ မိမိတို့ဒေသတွင်းမှာ သံလမ်းပစ္စည်းတွေကို လာရောက်ဖြုတ်ယူတာ၊ ဖျက်ဆီးတာတွေတွေ့ရင် သာမန်ခိုးယူမှုအဖြစ် မရှုမြင်ဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ သက်ဆိုင်ရာဆီ အချိန်မီ သတင်းပို့ပေးကြဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW