မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်

ဇူလိုင် ၂၆ – ၂၀၂၆
SN (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းက ကမ်းရိုးတန်းဒေသတွေနဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးများနိုင်ပြီး၊ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ (ဩရိဿပြည်နယ်မြောက်ပိုင်း – အနောက်ဘင်္ဂလားပြည်နယ်) ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်မြို့ရဲ့ အရှေ့ – အရှေ့မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်နဲ့ ဆာဂါကျွန်းရဲ့ တောင် – အရှေ့တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မုန်တိုင်းငယ်ရဲ့ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်ခြေ မရှိတဲ့အတွက် “အဝါရောင်အဆင့်” သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဲဒီ မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ကာ နောက် ၃၆ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့ကို ပါရာဒစ်ရှ်မြို့နဲ့ ဆာဂါကျွန်းတို့ကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုး/ဇလဌာနက ခန့်မှန်းထားပါတယ်။
“မုန်တိုင်းက သွားတာတော့ အိန္ဒိယကို သွားမှာပေါ့။ ဒီမုန်တိုင်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေက မြန်မာနိုင်ငံကို ဖြတ်လာမယ့် အနေအထားမျိုး ရှိတဲ့အတွက် ကျွန်တော်တို့ဘက်မှာ မိုးများနိုင်တယ်။ အထူးသဖြင့် ရခိုင်ပေါ့၊ ပြီးတော့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း မိုးများနိုင်တယ်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာလည်း မုန်တိုင်းငယ် အရှိန်ကြောင့် မုတ်သုံလေ အားကောင်းလာတဲ့အတွက် မွန်၊ ကရင်၊ တနင်္သာရီဘက်တွေမှာလည်း မိုးများနိုင်တဲ့ အနေအထားတွေရှိတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါအပြင် တောင်ကုန်းတောင်တန်း ဒေသတွေမှာလည်း မိုးရွာသွန်းမှု များပြားလာနိုင်တာကြောင့် မြေပြိုမှု ဘေးအန္တရာယ်တွေလည်း ထပ်မံ ဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် ချင်းပြည်နယ်အတွင်း လာမယ့် ရက်တွေမှာ မိုးများလာနိုင်တဲ့အတွက် နောက်ဆက်တွဲအဖြစ် မြေပြိုမှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာလည်း မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေပြီး လေတိုက်နှုန်းဟာလည်း တနာရီကို မိုင် ၃၀ လောက် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
“ပင်လယ်ပြင် သွားလာတဲ့သူတွေအနေနဲ့ မြန်မာ့ကမ်းရိုးတန်း တလျှောက်မှာ လေပြင်းနိုင်တဲ့အတွက် သတိပြုသွားလာသင့်တယ်။ နောက်တချက်ကတော့ မုန်တိုင်းက‌နေ ပြတ်ထွက်လာတဲ့ တိမ်တိုက်ကြောင့် တချို့နေရာတွေမှာ နေရာကွက် မိုးကြီးတာ၊ ဒေသအလိုက် မိုးကြီးတာ‌တွေလည်း ဖြစ်နိုင်တယ်။ မိုးကြီးလာပြီဆိုရင် တောင်ကုန်းတောင်တန်း ဒေသတွေမှာ မြေပြိုမှု ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်။ မြစ်ငယ်၊ ချောင်းငယ်တွေမှာလည်း မိုးကြီးလာရင် လျှပ်တပြက် ရေကြီးတာတွေ ဖြစ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးတိမ်တောင် ဖြစ်ထွန်းမှုတွေလည်း အားကောင်းလာနိုင်ပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ လမ်းကြောင်းတလျှောက်မှာ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။
ဆက်လက်ပြီး ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်လို့လည်း သူက “များသောအားဖြင့် ရေကြီးရေလျှံမှု ဆိုတာက အထက်ဘက်မှာ မိုးများမှ အောက်ဘက်ဒေသတွေမှာ ရေကြီးနိုင်တာပေါ့။ ဧရာဝတီ၊ ချင်းတွင်း၊ အဲဒီနေရာတွေမှာတော့ လက်ရှိအနေအထားအရ ဖြစ်နိုင်တဲ့အနေအထားက နည်းနည်းလေး နည်းသေးတာပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းတွင်းတို့ဘာတို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ထားတဲ့အခါကျတော့ ရေခံတော့ ကောင်းနေတယ်။ ရေပြန်မကျသေးတဲ့ နေရာတွေ ရှိနေတယ်။ ဆိုတော့ နည်းနည်းလေး သတိပြုဖို့တော့ လိုတာပေါ့။ အဲဒီလိုပဲ မြစ်‌ငယ်၊ ချောင်းငယ်တွေမှာလည်း မိုးများလာပြီဆိုရင်တော့ ရေကြီးရေလျှံမှုလေးတွေ သတိပြုဖို့တော့ လိုတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့ အခု ဇူလိုင်လအတွင်းမှာ ချင်းတွင်း၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင် အစရှိတဲ့ မြစ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာလည်း သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်လို့ သူက ပြောပါတယ်။
“မိုးများလာရင်တော့ သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်။ ဒီရက်ပိုင်းမှာတော့ ဒီရေ အတက်အကျကြောင့်မို့လို့ စိုးရိမ်ရေမှတ်နား ကပ်သွားလိုက်၊ ပြန်ကျသွားလိုက် ဖြစ်နေတာပေါ့။ အဲဒီဒေသမှာ မိုးများလာရင်တော့ စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။ ချင်းတွင်းမြစ်အပြင် စစ်တောင်းမြစ်ကလည်း မဒေါက်မြို့ဘက်မှာ ရေခံကောင်းနေတယ်။ မိုးများလာပြီဆိုရင်တော့ အဲဒီဒေသတွေမှာလည်း ရေပြန်ကြီးတာတွေ ရှိနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲနာရီအချိန်မှာ မြောက်လတ္တီကျု ၂၀ ဒသမ ၆ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၈ ဒသမ ၄ ဒီဂရီမှာ တည်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို မိုင် ၃၀ နှုန်းခန့် ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် နောက် ၃၆ နာရီအတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၃၀ အထိ တိုက်ခတ်နိုင်တဲ့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
“ပင်လယ်ပြင်မှာ လှိုင်းလေ ထန်နေတဲ့အချိန် တချို့ လှေတွေ၊ သင်္ဘောအသေးတွေက ရေမိုင် ၁၅/၃၀ လောက်အထိ ခံနိုင်ရည် မရှိတာမျိုးဆို ဘေးအန္တရာယ် ရှိနိုင်တယ်။ နောက်တခုကတော့ မိုးများလာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြစ်ရေ မြင့်တက်နိုင်တာမျိုးလည်း ဖြစ်လာနိုင်တယ်” လို့ မိုး/ဇလ ညွှန်ချုပ်က ပြောပါတယ်။
သဘာဝဘေးဆိုတာမျိုးက တားဆီးလို့ ရနိုင်တာမျိုး မဟုတ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်မှုတွေ ပြုလုပ်ထားတာကသာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုကို လျော့ပါးစေနိုင်မှာဖြစ်ပြီး သဘာဝဘေး ဖြစ်လာပါကလည်း ‌မိမိတို့ရဲ့ ဒေသတွင်းရှိ ကူညီစောင့်ရှောက်ပေးရေး အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်ပါ ဆောင်ရွက်ဖို့လိုပြီး ဒါမှသာ ဘေးအန္တရာယ်ဖြစ်မှုကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Photo – DMH

Related posts

Leave a Comment

VOM News

FREE
VIEW