ဇူလိုင် ၂၆၊ ၂၀၂၆
CC (VOM)
မော်လမြိုင် – ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်ယှက်ဖြစ်အောင် အော်ဟစ်ပြောဆိုပြီး ပျော်ပါးခဲ့ကြတဲ့ ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့က ၅၄ ယောက်ကို ဒီနေ့ဇူလိုင် ၂၆ ရက် ၊ မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။
ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့ရဲ့ စည်းကမ်းမဲ့လုပ်ဆောင်မှုအပေါ် တခြားအရေးယူတဲ့ သူတွေလိုပဲ အဲဒီအဖွဲ့ကိုလည်း အရေးယူပေးဖို့ လူမှုကွန်ယက် စာမျက်နှာကနေတဆင့် တောင်းဆိုမှုတွေမြင့်တက်လာပြီးနောက်မှာ တာဝန်ရှိသူတွေက ခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ်မြသန်းတို့အဖွဲ့ကို ခေါ်ယူစစ်ဆေးတာမျိုးရှိပေမယ့် ဖမ်းဆီးထိန်းသိမ်းထားတာမျိုးတော့ မရှိသေးဘူးလို့ ရဲစခန်းနဲ့နီးစပ်သူ ကပြောပါတယ် ။
” ခေါ်စစ်မေးတာတော့ရှိတယ်။ ဖမ်းတာဘာညာတော့ မရှိသေးဘူး ။ အမှုတောင်ဒီနေ့မှ ဖွင့်လိုက်တာ လေ ။ ” လို့ ပြောပါတယ် ။
အဆိုပါ အဖွဲ့ဟာ အမှတ်(၈၄)အစုန် DEMU ရထားပေါ်မှာ ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်ထိုင်ခြင်း၊ ရထားကြမ်းခင်းမှာ လျှောက်လမ်းပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်း၊ Tik Tok ရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေါ်မြသန်းအပါ ဦးမြင့်ကြည်၊ မအေးအေးစံ၊ မခင်ဆန်းဝင်း၊ မမြင့်မြင့်ချို၊ မဖြိုးဖြိုးစံ၊ မဘေဘီသန်း၊ မမြင့်မြင့်ခိုင်၊ မသန်းသန်းထွေး၊ မဝါဝါလွင်၊ မစီစီညွန့်၊ မစမ်းစမ်း၊ မသီတာအောင်၊ မစိုးမိုးပွင့်ဖြူ၊ မစမ်းသီတာဝင်း၊ မစိုးစိုးညွန့်၊ မမိုးမိုး မြင့်၊ မအိမ်ချစ်၊ မတီတီစိန်၊ မသင်းရနံ့၊ မနီလာ၊ မခင်ချိုဝင်း၊ မတင်လှ၊ မသီတာမျိုး၊ မနှင်းနှင်းသော်၊ မဝင်းမင်းကို၊ မဝင်းသိန်း၊ မထွေးသန်း၊ မစန်းအေး၊ မစန္ဒာဝင်း၊ မအိအိသိန်း၊ မစန္ဒာမြင့်၊ မလဲ့ရည်ဝင်း၊ မသုစံ၊ မရီဝင်း၊ မကြည်ဝါဝင်း၊ မလဲ့လဲ့ခိုင်၊ မတင်မိုးခိုင်၊ မလေးလေးနွယ်၊ မဥမ္မာအေး၊ မသီရိနု၊ မမြသန္တာအောင်၊ မသီတာ၊ မစန်းမော်၊ မသင်းသင်းယု၊ မအေးအေးမြင့်၊ မယဉ်စုထွန်း၊ မနွယ်နီဝင်း၊ မမြင့်တင်အေး၊ မခင်မာကြူ၊ မအေးမြင့်၊ မဌေးဝင်း၊ မမြမြမိုး၊ မအေးခိုင် တို့ ၅၄ ယောက်ကို မော်လမြိုင်မြို့မရဲစခန်းက ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ-၈၈(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
” DEMU ရထားပေါ်က တခြားစည်းကမ်းမဲ့သူတွေကိုတော့ အရေးယူပြီး.သူတို့အဖွဲ့ကိုတော့အရေးမယူဘူးဆိုတာ မဖြစ်သင့်ဘူး ။ ရထားတစီးလုံး အပြတ်ငှားတာမျိုးဆိုရင်တမျိုးပေါ့။ အခုက တတွဲက လက်မှတ် အကုန်ဖြတ်ပြီး ဆူညံနေတာ ။ တခြားအတွဲတွေအတွက် အနှောင့်ယှက်ဖြစ်တယ်။ နောက်တခုက တတွဲလုံးအတွက် လက်မှတ် ၆၀ ကို ဘယ်လိုဖြတ်ရတာလဲဆိုတာပါ သိချင်မိတယ်။ DEMU ရထားစီးဖို့ လက်မှတ်ဖြတ်ရတာကိုယ်တွေတော့ည၁၂ အထိစောင့်ဖြတ်ရတာတောင် မလွယ်ဘူး။ အခုပြည်သူတွေဝိုင်းပြောမှ အရေးယူတယ်ဆိုပြီး လုပ်ကြတာ ။ ” လို့ ရထားစီးနင်းတဲ့ ခရီးသွားပြည်သူ တယောက်က ပြောပါတယ် ။
ဒေါ်မြသန်းပါအဖွဲ့ကို အရေးယူပေးဖို့အတွက်ကိုတော့ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၈)(မော်လမြိုင်)မှ အထူးတန်းရုံပိုင်ကြီး၊ ဦးသန်းစိုးကနေ တရားလိုပြုလုပ်တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အခြေအနေကိုသိရှိနိုင်ဖို့ မော်လမြိုင် ဘူတာကြီးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး ။
ဒေါ်မြသန်းဦးစီးတဲ့ ကမ်းနားလမ်းအားကစားအဖွဲ့ကတော့ မော်လမြိုင်မြို့က ဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့မှာ မော်လမြိုင် – ရန်ကုန် အမှတ်(၈၄)အစုန် DEMU ရထားရဲ့ ပထမတန်း အတွဲ ( ၃) ရှိ ခုံ ၆၀ ကို လက်မှတ်ဝယ်ယူခဲ့ကာ ဒေါ်မြသန်းအပါ ၅၄ ယောက်ဟာ လိုက်ပါစီးနင်းခဲ့ကြ တာ ဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ရက်ကလည်း ရန်ကုန်-မန္တလေး DEMU အမြန်ရထားပေါ်မှာ ခရီးသည်တွေကို အနှောင့်အယှက် ဖြစ်အောင်ပြုလုပ်ခြင်း ၊ အရက်သေစာသောက်စား မူးယစ်ခြင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်းမှာ (ပ)၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်လှစ်အရေးယူမှုရှိခဲ့ပါတယ်။
အလားတူ ရထားပေါ်မှာ ကျယ်လောင်စွာ စကားပြောခြင်း၊ ကွမ်းစားပြီး ကွမ်းယာပြင်ဆင်ခြင်း၊ ထိုင်ခုံအစွပ်တွေမှာ ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးတွေ ပေကျံအောင် ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ကို ညစ်ပတ်အောင်ပြုလုပ်ခြင်းအပြင် ကွမ်းတံတွေး ထည့်ထားတဲ့ ဘူးတွေကိုလည်း မရှင်းလင်းဘဲ ရထားပေါ်မှာထားခဲ့တာကြောင့် ရထားပို့ဆောင် ရေး လုပ်ငန်းဥပဒေ ပုဒ်မ ၈၈(က)အရ အမှုဖွင့်အရေးယူပြီး ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ် ။
