ဇူလိုင်၂၈ ၊ ၂၀၂၆
CC (VOM)
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ခွင့်မရဘဲ ကျောင်းပြင်ပရောက်ခဲ့ရတဲ့ အသက်လွန်ကျောင်းသားကျောင်းသူတွေကို ကျောင်းပြင်ပမူလတန်းပညာရေး -NFPE ၊ ကျောင်းပြင်ပအလယ်တန်းပညာရေး-NFME အတန်းနေရာချထားစစ်ဆေးမှု Placement Test ကို အထူးအစီအစဉ်အဖြစ် ပြုလုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။
ကျောင်းပြင်ပမူလတန်းပညာရေး -NFPE အတွက် Placement Testမှာ ဆိုရင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း ရှိသူတွေ ဝင်ရောက်ဖြေဆိုနိုင်ပြီး ကျောင်းပြင်ပအလယ်တန်းပညာရေး-NFME မှာတော့ အသက် ၁၃ နှစ်မှ ၂၁ နှစ်အရွယ်ထိ ဝင်ရောက်ဖြေဆိုခွင့်ပြုလိုက်ပါတယ်။
Placement Test ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပညာရေး ဆိုင်ရာထောက်ခံချက် လိုအပ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့မြို့နယ်တွေကနေ အမှန်တကယ်ပြောင်းရွှေ့ နေထိုင်သူဖြစ်ပါက မှန်ကန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နဲ့ အတူ မြို့နယ်ပညာရေးမှူးရုံးမှာ လျှောက်ထားစာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတွေက သတ်မှတ်ပေး တဲ့နေရာတွေမှာ အတန်းနေရာချထားစစ်ဆေးမှု Place-ment Test ကို လာမယ့် ဩဂုတ်လ ၉ ရက်နေ့မှာ စတင်ဖြေဆိုရမယ်လို့သိရပါတယ်။
” အဓိက ကိုယ်နောက်ဆုံးတက်ခဲ့တဲ့ အတန်းပညာ ၊ ပညာရေး ထောက်ခံရှိရမယ် ။ အသက် အထောက်အထားအတွက် အိမ်ထောင်စုဇယားလိုတယ်။ အရေးပေါ်အခြေအနေသတ်မှတ်ထားတဲ့ဒေသကဆိုရင် အဲဒီမှာနေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံစာ ၊ ရပ်ကွက် အခြေခံပညာ ကျောင်းက ထောက်ခံစာ ၊ ကျန်းမာရေးမှူးရဲ့ အသက် ထောက်ခံစာ နဲ့ဆိုရင် ဖြေခွင့်ပြုမယ်လို့ သိရတယ်။ အခုက အသက် ၂၁ နှစ်အထိ ခွင့်ပြုလိုက်တော့ အသက်ကြီးသွားလို့ ကျောင်းမတက်လိုက်ရတဲ့ ကလေးတွေအတွက် ကျောင်းပြန်တက်ခွင့်ရမယ့် အခွင့်အလမ်းရသွားတာပေါ့။ ပညာလို အိုသည်မရှိပါဘူး ။ အသက်အရွယ်အဓိကမကျပါဘူး ။ ကျောင်းနဲ့ဝေးခဲ့ရတဲ့ကလေးတွေ ဒီအစီအစဥ်မှာ ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ ” လို့ အထက်တန်းပြ ဆရာမတယောက်က ပြောပါတယ်။
အတန်းနေရာချထားစစ်ဆေးမှု Placement Test အစီအစဥ်မှာ ဖြေဆိုအောင်မြင်သူတွေက အတန်းတဆင့်တက်ပြီး ကျောင်းပြင်ပ ပညာရေးမှာ တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပြီး Placement Test မအောင်မြင်သူတွေကတော့ သတ်မှတ် Level တဆင့်နိမ့်မှာ တက်ရောက်သင်ကြားနိုင်တယ်လို့ သိရပါတယ်။
အသက် ၁၀ နှစ်ကနေ ၁၆ နှစ်အတွင်းရှိပြီး Grade-1၊ Grade-2 ၊Grade-3 ပြီးမြောက်သူတွေဟာ Placement Test ဖြေဆိုပြီး အောင်မြင်ပါက ကျောင်းပြင်ပမူလတန်းပညာရေး NFPE Level-2 ဖြစ်တဲ့ Grade-4 ၊Grade-5 ကို တက်ရောက်နိုင်ပြီး မအောင်မြင်သူနဲ့ လုံးဝကျောင်းမနေဖူးသူတွေကတော့ Level-1 ကို တက်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၁၃ နှစ်ကနေ ၂၁ နှစ်အတွင်းရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနက် Grade-5 အောင်မြင်ပြီးသူနဲ့ Grade-6 တက်ရောက်ဖူးသူတွေဟာ Placement Test ဖြေဆိုပြီး အောင်မြင်ပါကကျောင်းပြင်ပအလယ်တန်းပညာရေး NFME Level -1 ဖြစ်တဲ့ Grade – 6 ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
အသက် ၁၃ နှစ်ကနေ ၂၁ နှစ်အတွင်းရှိပြီးGrade-6 အောင်မြင်ပြီးသူနဲ့ Grade-7 တက်ရောက်ဖူးသူတွေကတော့ Placement Test ဖြေဆိုအောင်မြင်ပါက NFME Level – 2 ဖြစ်တဲ့ Grade – 7 ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Grade -7 နဲ့ Grade – 8 ကိုအောင်မြင်ပြီးသူနဲ့ Grade – 9 တက်ရောက် ဖူးသူတွေကတော့ Placement Test အောင်မြင်ပါက NFME Level – 3 ဖြစ်တဲ့ ကျောင်းပြင်ပအလယ်တန်း ပညာရေး Grade -9 ကိုတက်ရောက်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းပြင်ပ အလယ်တန်းပညာရေးမှာ NFMELevel -3 ကိုတက်ရောက်အောင်မြင်ပြီးပါက အခြေခံပညာ Grade-9 အောင်မြင်သူတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး Grade-10၊ Grade-11 နဲ့ Grade-12 တို့ကို ကျောင်းတွင်းစစ် ပြင်ပဖြေစနစ်နဲ့ ဆက်လက်ဖြေဆိုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အထက်တန်းအဆင့်အောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။
ဓာတ်ပုံ – MOI (ဇွန်လထဲမှာ Placement Test ဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူများ )
