ဇူလိုင် ၂၈ ၊ ၂၀၂၆
CC (VOM)
ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ ထိုင်း – မြန်မာနယ်စပ်ရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပုံမှန်ပိတ်ချိန်ထက် ၂ နာရီခွဲစောပြီး ပိတ်လိုက်တာကြောင့် ငရုတ်သီးကားတွေ မြဝတီကုန်သွယ်ရေးဇုန်မှာ ပိတ်မိပြီး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ် ။
အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်း တာဝန်ရှိသူတွေက ပုံမှန်ပိတ်တဲ့ ညနေ ၅ နာရီခွဲထက်စောပြီး နေ့လယ် ၃ နာရီကတည်းက တံတားကို သွားလာခွင့်ပိတ်လိုက်တာ ဖြစ်ကြောင်း ၊ အဲဒီအတွက် မြဝတီနယ်စပ် အမှတ် ၂ တံတားကနေ ထိုင်းကို တင်ပို့မယ့် ငရုတ်သီးကုန်ကားတွေ အချိန်မီတင်ပို့နိုင်ခြင်း မရှိတော့ဘဲ မြဝတီဇုန်ထဲမှာပဲ ကုန်တွေ ချထားရတဲ့အတွက် အလေ့အလွင့်ရှိပြီး ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။
“တံတားကို ရုတ်တရက် အချိန်စော ပိတ်လိုက်တော့ ငရုတ်သီးတွေ တင်ပို့ချိန်မမီတော့ဘဲ မြဝတီမှာပဲ ကုန်တွေချထားရတယ်။ ကုန်စိမ်းဖြစ်လို့ လတ်ဆတ်မှုမရှိတော့ ရောင်းရခက်သွားတယ်။ပစ္စည်း အပျက်ရှိမယ်။ အလေးချိန်လျော့မယ်။စျေးအရနည်းသွားမယ်။စျေးသတ်မှတ်ရခက်သွားတာမျိုး ။ငရုတ်သီးကားလေးစီးလောက် တင်ပို့ခွင့်မမီလိုက်ဘူး။ ရှုံးနိုင်တဲ့ အခြေအနေအများကြီး ရှိတာပေါ့။ ” လို့ ထိုင်းကို ငရုတ်သီးတင်ပို့နေတဲ့ လုပ်ငန်းရှင်တယောက် ကပြောပါတယ်။
ငရုတ်သီးစိမ်း ကားတစီးမှာ ကုန်ပစ္စည်း တန်ချိန်၁၀ တန်အထိ ရှိကြောင်း ၊အဓိက ငရုတ်သီးစိမ်းနဲ့ ကုလားအော်သီးကို တင်ပို့ကြတာဖြစ်ပြီး ငရုတ်သီးစိမ်း ၈ တန် နဲ့ ကုလားအော်သီး ၂ တန် ပေါင်းရဲ့ တန်ဖိုးဟာ ထိုင်းဘတ် လေးသိန်းနီးပါး ရှိတယ်လို့ သိရပါတယ် ။
ဒါကြောင့် အချိန်မီတင်ပို့နိုင်ခြင်းမရှိတဲ့ ငရုတ်သီးကုန်သည်တွေအနေနဲ့ ကုန်ပစ္စည်း ပျက်စီးမှု အလေအလွင့် နဲ့ အလေးချိန် လျော့ခြင်း ၊ စျေးရနည်းမှု အခြေအနေပေါ်လိုက်ပြီး အနည်းဆုံး ၂၀ ရာခိုင်နူန်းမှ ၃၅ ရာခိုင်နူန်း လောက်အထိ ဆုံးရှုံးမှု ရှိနိုင်တယ်လို့ သိရပါတယ်။
” ပစ္စည်းပါ ပျက်စီးရင် ၁၀၀ ကျော်လောက်ရှုံးမှာပါ။ ဥပမာ အရင်း ၁၀၀ ဆို သိန်း ၂၀ ၊ ၃၅ သိန်းလောက် ရှုံးနိုင်တယ်ပေါ့ ။ ပစ္စည်း မပျက်ရင်တော့ ၅% နဲ့ ၁၃ % ကြားလောက် ရှုံးနိုင်ပါတယ်။ရှုံးဖို့က ရာခိုင်နူန်း များပါတယ်။” လို့ သူက ထပ်ပြောပါတယ် ။
အမှတ် ၂ ချစ်ကြည်ရေးတံတားကို အခုလို သတ်မှတ်ချိန်ထက်စောပြီး ပိတ်လိုက်တာဟာ လက်ရှိမြဝတီမှာ ဖြစ်နေတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းပြောဆိုပါတယ်။
” ဘာကြောင့်ပိတ်တာလဲလို့ အေးဂျင့်တွေက တံတား တာဝန်ရှိသူတွေကိုမေးတော့ မြို့နယ်ရုံးက ပိတ်ခိုင်းလို့ ပိတ်တာ ကျန်တာ ငါတို့လည်း မသိဘူးတဲ့။ မြို့နယ်ရုံးကနေ၃ နာရီ ပိတ်ပါလို့ ညွှန်ကြားလို့ပါတဲ့ပြောတယ်။သူတို့မပြောပေမယ့် ကိုယ်စားလှယ်တွေ လုပ်ငန်းရှင်တွေကတော့ ခုမြဝတီမှာ ဗုံးပေါက်တာတွေကြောင့် ခုလိုစောပိတ်တယ်ဆိုတာ သိတယ်။အရင်ထဲက အခြေနေ မကောင်းရင် အခုလို ဖြစ်ဘူးနေကြဆိုတော့ဒါကြောင့်ဆိုတာ တန်းသိနေကြတာ။ ” လို့ ကုန်သည်တယောက်က ပြောပါတယ်။
မြဝတီမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှတ် ၂ တံတား နဲ့ သိပ်မဝေးတဲ့ ရေပူရပ်ကွက် ၊ ရာဘာခြံတခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကရင်နယ်ခြားစောင့်တပ် KNA တပ်ဖွဲ့ဝင် ခုနှစ်ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့ပါတယ်။ အဲဒီနောက်မှာလည်း နောက်ဆက်တွဲ ဗုံးလန့်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၂ ချစ်ကြည်ရေးတံတားကိုတော့ မေလ ၂၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ် ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Zuby ( တံတားစောပိတ်လိုက်လို့ ထိုင်းဘက်ကို တင်ပို့နိုင်ခြင်းမရှိအတွက် ဂိုဒေါင်မှာ ချထားရတဲ့ ငရုတ်သီးအိတ်တွေ ဖြစ်ပါတယ်။)
