မလေးရှားမှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ကို အစိုးရချင်းချိတ်ပြီး ပြန်ပို့မယ်၊ တဖက်မှာလည်း ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်ပြီး ငွေဒဏ်နဲ့ ထောင်ဒဏ်ချခံရသူတွေ ရှိနေ

ဇူလိုင် ၂၈ ၊ ၂၀၂၆
GG (VOM )
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ မလေးရှားအစိုးရက စီစဥ်နေတယ်လို့ သိရပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား အယောက် ၅၀၀၀ ဟာ မလေးရှားနိုင်ငံမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်နေကြသူတွေ ဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံကို ပြန် ပို့ဖို့အတွက်မြန်မာအစိုးရက သဘောတူတဲ့အတွက် လိုအပ်တဲ့ ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ပြီးပါက သင်္ဘောနဲ့ပြန်ပို့ဖို့ စီစဥ်ထားတယ်လို့ မလေးရှားအစိုးရဘက်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေထဲက တချို့က အမည်ပျက်စာရင်းသွင်းပြီး မလေးရှားကို နောက်တကြိမ်ဝင်ရောက်ခွင့်ကန့်သတ်ခံရနိုင်ပြီး တချို့ကတော့ နေရပ်ပြန်ရောက်တဲ့အခါ တရားဝင်နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးနောက် ပြန်လာပြီး အလုပ်လုပ်ခွင့်ရနိုင်တယ်လို့ ကနဦးသတင်းအရသိရပါတယ်။
” မလေးရှားက နိုင်ငံခြားရေး ဒုဝန်ကြီးပြောသွားတဲ့အဆိုအရဆိုရင် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀ ကို ပြန်ပို့ဖို့ အစိုးရက လက်ခံတယ် ။ သဘောတူတယ်သိရတယ်။ အဲဒီအတွက် ပြန်ပို့နိုင်ဖို့ နှစ်နိုင်ငံဆွေးနွေးမှုဆွေဆက်လုပ်နေဆဲဆိုတော့ အချက်အလက်အတိကျမသိရသေးဘူး ။ ဒါပေမယ့် လတ်တလော ထွက်နေတဲ့ သတင်းအရဆိုရင်တော့ ပြန်ပို့ခံရမယ့်အထဲက တချို့ကို Blacklist သွင်းပြီး ပြန်လာခွင့်ပိတ်မယ်။တချို့ကတော့ ပြန်လာခွင့်ရနိုင်တယ်ပေါ့။ ပြန်ပို့မယ့်အထဲ ရိုဟင်ဂျာတွေပါ မပါဆိုတာတော့ မပြောနိုင်သေးဘူး ။ ဒါလည်း အစိုးရက လက်မခံရင် ပို့လို့မရပါဘူး။ အခုတော့ မလေးရှားအစိုးရက ရိုဟင်ဂျာတွေကို ဖမ်းဆီးနေတယ် ။ အစိုးရက နှင်ထုတ်ခံရလို့ UN ရုံးရှေ့တဲထိုးနေကြတဲ့ ရိုတွေအကုန်လုံး ဖမ်းသွားတယ်။အော်ပရာစီ ဖမ်းတာတွေကလည်း ဆက်တိုက်ပဲ ။ ” လို့ မလေးရှားရောက် မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူက ပြောပါတယ်။
မလေးရှားအစိုးရဟာ လက်ရှိ Camp တွေမှာ ဖမ်းဆီးထိန်းသိမ်း ခံထားတဲ့ မြန်မာနိုင်ငံသားထောင်နဲ့ချီတဲ့အရေအတွက်ကို ပြန်ပို့ဖို့စီစဥ်နေသလို တဖက်မှာလည်း မြန်မာအပါအဝင် တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထပ်မံဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ် နေတယ်လို့ သိရပါတယ်။
အော်ပါရာစီဆိုပြီး မလေးရှား အာဏာပိုင်တွေက မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ လုပ်ကိုင်မှုရှိတဲ့ စားသောက်ဆိုင်တွေ ၊ နေအိမ်အခန်းတွေ ၊ စက်ရုံတွေ စတဲ့ နေရာတိုင်းကို ဝင်ရောက်ရှာဖွေစစ်ဆေးပြီး တရားမဝင်အထောက်အထားမဲ့ လုပ်ကိုင်နေသူတွေကို ဇွန်လကစပြီး ခုချိန်ထိ ဆက်တိုက်ဖမ်းဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
” နေ့တိုင်းကို ဖမ်းနေတာ ။ ဖမ်းမိတဲ့အထဲမှာ မြန်မာတွေလည်း နေ့တိုင်းလိုလိုမိတယ် ။ နိုင်ငံခြားသားတွေ ရှိတဲ့အလုပ်ရုံတွေ ဝင်စစ်တယ်။ အထောက်အထားမဲ့တွေ ၊သက်တမ်းကုန်တွေ အကုန်ဖမ်းတယ်။ တခါတလေ အထောက်အထားရှိသူလည်း ခေါ်သွားတာပဲ။ ရဲစခန်းရောက်မှာ ပြန်လွှတ်တာ ။ တချို့အထောက်အထားမဲ့တွေထဲလည်း ချက်ခြင်းသိပြီး လိုက်ထုတ်ရင် ငွေနဲ့ထုတ်လို့ရတယ်။ တရားရုံး ရောက်မှဆိုရင်တော့ တရားသူကြီးအပေါ်ပဲမူတည်တယ်။ ထောင်ကျသူတွေလည်းရှိတယ်။ ငွေဒဏ်နဲ့ပြီးသူလည်းရှိတယ်။ မလေးရှားက အခုအရမ်းဆိုးနေတယ် အလုပ်လုပ်လို့ မကောင်းတော့ဘူး ။ ” လို့ မလေးရှား ရောက် မြန်မာ နိုင်ငံသားတယောက်က ပြောပါတယ်။
တရားမဝင် အထောက်အထားမဲ့နဲ့ နေထိုင်သဖြင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အမှုဖွင့် အရေးယူခံရပြီး တရားရင်ဆိုင်ရတဲ့အခါ ငွေဒဏ်ပေးဆောင်ဖို့ အမိန့်ချမှတ်ခံရတာရှိပြီး ငွေဒဏ်မပေးဆောင်နိုင်ပါက ထောင်ဒဏ်ကျခံဖို့ အမိန့်ချခံရခြင်း ဒါမှမဟုတ် ထောင်ဒဏ်ကျခံဖို့သာ အမိန့်ချမှတ်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားရင်ဆိုင်တဲ့အခါ တရားရုံးက ငွေဒဏ်ချပေမယ့်လည်း လိုက်ပါကူညီပေးမယ့်သူမရှိပါက ငွေဒဏ်မဆောင်နိုင်ဘဲ ထောင်ဒဏ်ကျခံနေရသူတွေလည်း ရှိတယ်လို့ သိရပါတယ် ။
အခုဇူလိုင်လအတွင်းမှာဆိုရင် မလေးရှားနိုင်ငံ ၊ လူဝင်မှုကြီးကြပ်ရေးဌာနအောက်မှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၁၅ ခုက မြန်မာနိုင်ငံသား ၁၀၀၀ ကျော်ကို အသုတ်လိုက်စီခွဲပြီး လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပြန်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံသား မှန်ကန်မှုရှိ-မရှိ စိစစ်ရာမှာ ကာယကံရှင်တွေရဲ့ ကိုယ်ပိုင်သဘောထားဆန္ဒအရ တင်ပြလျှောက်ထားလာတဲ့ နေရပ်ပြန်လိုသူ များကိုသာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းစိစစ်ပြီး ပြန်လည်ပို့ဆောင်ပေးနေတာ ဖြစ်တယ်လို့ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးက အသိပေးထားပါတယ်။
မလေးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်မှု ဒုတိယအများဆုံးနိုင်ငံ တခုဖြစ်ပြီး ပညာအရည်အချင်းနဲ့သွားရောက်လုပ်ကိုင်မှု မရှိသလောက်နည်းပြီး အထွေထွေလုပ်သားအဖြစ်သာ လုပ်ကိုင်မှု အများဆုံး ဖြစ်ကြောင်း သိရပါတယ်။
မလေးရှားနိုင်ငံကို တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်မယ်ဆိုပါက မြန်မာနိုင်ငံရဲ့ အသက်ကန့်သတ်ချက် ၁၈ နှစ်ကနေ ၃၅ အတွင်း အမျိုးသားတွေ သွားလာခွင့် တားမြစ်ခံထားရတာကြောင့် အသက်ကန့်သတ်ချက်အတွင်းအကျုံးဝင်သူတွေဟာ တရားမဝင်လမ်းကြောင်းကနေသာ အများဆုံးသွားရောက်မှုရှိနေတယ်လို့ သိရပါတယ်။
မလေးရှားကို အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် တယောက်ကို မြန်မာငွေ သိန်း ၈၀ မှ သိန်း ၁၀၀ ကြား ကုန်ကျမှုရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပြစ်ဒဏ်ကျခံပြီးနောက် ဇူလိုင်လအတွင်း နေရပ်ပြန်ပို့ခံရသူများ

Related posts

Leave a Comment

VOM News

FREE
VIEW