သူတို့အိမ် အခန်း (၁၇၉)

ဆူးငှက်

 

အယ်ဒီတာဘဝ ပထမဆုံးစာမေးပွဲ
—————————————-

ဆရာမောင်သစ်လွင်(လူထု) က မဂ္ဂဇင်းစာအုပ်ကို အဖုံးမှစ၍ တစ်မျက်နှာချင်း လှန်ကာ သေချာကြည့်သည်။ ဆရာကိုယ်တိုင် ရေးသားသော ပြောပါရစေ ခေါင်းစည်းတပ်သည့် အယ်ဒီတာ့ အာဘော်ကိုလည်း သေချာပြန်ဖတ်သည်။ ထို့နောက် ကဗျာများကို တစ်မျက်နှာချင်း လှန်ဖတ်သည်။ ဆရာက အယ်ဒီတာအဖွဲ့တွင် ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်း ရောက်လာတော့ ကဗျာအယ်ဒီတာများဖြစ်သည့် ဆရာမောင်သင်းပန် နှင့် ဆရာကိုငြိမ်း(မန္တလေး) အပြီးသတ် ရွေးပေး ထားသော ကဗျာများနှင့် ဆရာကိုယ်တိုင် ရွေးချယ်ထားသော ဆောင်းပါး ဘာသာပြန်နှင့် ဝတ္ထုစာမူများကို ချထားပေးသည်။

ကျန်သည့်ကဏ္ဍများအတွက် ကျွန်တော်တို့ စိတ်ကြိုက်ဖန်တီးခွင့် ပေးထားသည်။ ဖလင်မရိုက်မီ ဒီဇိုင်း ကိုပင် မကြည့်တော့။ မင်းတို့ကို စိတ်ချပြီးသား ဟု ဆိုသည်။ အခုလည်း ကျွန်တော်တို့ လက်ရာ မဂ္ဂဇင်းစာအုပ်ကို တစ်မျက်နှာချင်း စိမ်ပြေနပြေကြည့်နေတော့ ကျွန်တော်တို့မှာ ဆရာ့မျက်နှာကို ကြည့်ကာ အောင်စာရင်းကြည့်ရသလို ရင်ခုန်နေတော့၏။

ထို့နောက် “အေး … အေး … မင်းတို့ လုပ်တာကိုင်တာ သပ်ရပ်သားပဲကွဲ့။ မဂ်္ဂဇင်းလေးက လှလည်းလှတယ်။ သရုပ်ဖော်ပုံလေးတွေလည်း ကောင်းတယ်။ အေး ပြောစရာလေး နှစ်ခုတော့ ရှိတာပေါ့ကွယ်။ ဒီလိုကွဲ့ ဟောဒီ စာမျက်နှာမှာ ဆရာဒဂုန်တာရာ ဆောင်းပါးနဲ့ ဖွင့်လိုက်တာနော်။ အဖွင့်က ဘယ်ညာခွဖောင်။ အပြင်အဆင်လေးေျရာ ခေါင်းစီးစာလုံးရော ကောင်းတယ်။ ဆရာဒဂုန်တာရာ ဆောင်းပါးက ခွဖောင်မှာ လေးကော်လံနော်။ ဟော နောက်တစ်မျက်နှာ ကူးတော့ ငါးကော်လံ။ အဲဒီစာမျက်နှာမှာ ချုပ်သားဖက်က တစ်ကော်လံ ကျန်နေတော့ အဲဒီ တစ်ကော်လံမှာပဲ ဒေါ်ဒေါ်လူထုဒေါ်အမာရဲ့ဆောင်းပါးကို စဖွင့်လိုက်ရော။ ပြီးတော့ ညာဖက်မျက်နှာမှာ နှစ်ကော်လံ။ ဟုတ်လား အေး အေး အဲဒီလိုမျိုး ဆရာကြီး ဆရာမကြီးတွေရဲ့ စာမူတွေမှာ မလုပ်ရဘူးကွဲ့။ မလုပ်ကောင်း ဘူးကွဲ့။ ဘယ်တော့မှ စာမူတစ်ပုဒ်နဲ့ တစ်ပုဒ်ကို မနင်းရဘူး။ သီးခြား လွတ်လွတ်ကင်းကင်း ဖြစ်နေရမယ်။ အဲဒီအမှားအတွက် မင်းတို့နှစ်ယောက် ဒေါ်ဒေါ့်ဆီ သွားပြီး အဲဒီအကြောင်းပြောပြ တောင်းပန်ရမယ်။ ဒေါ်ဒေါ့်ကို ဒို့က လွှတ်လိုက်တာလို့ ပြောပြ ဟုတ်လား”ဟု ဆရာက ဆက်ပြောမှ ကျွန်တော်တို့လည်း ခေါင်းနားပန်းကြီးကာ ချွေးတွေပျံ သွားတော့သည်။

မူလက ဖြစ်ပေါ်နေသော ပီတိစိတ်လည်း ဗုန်းဗုန်းလဲသွားတော့၏။ ဤသို့ဖြင့် ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်းတို့ နှစ်ယောက်သား စက်ဘီးလေးတွေ ကိုယ်စီနှင့် လူထုထိုက်သို့ ထွက်ခဲ့ကြသည်။ ဒေါ်ဒေါ်နှင့်တွေ့ရမှာ ရင် တထိတ်ထိတ်။

 

စိတ်ဆိုး စိတ်ကွက်ကြတယ်ဆိုတာ
————————————–

လူထုတိုက်ရှေ့ စက်ဘီးထောက်ပြီး ရပ်လိုက်တော့ ကိုညို(ဆရာညီပုလေး) ၏ စာအုပ်ဆိုင်ထဲမှာ ဒေါ်ဒေါ့်ကို တွေ့ရသည်။ ဒေါ်ဒေါ်လူထုဒေါ်အမာက စားပွဲ ထိုင်ရင်း စာဖတ်နေ၏။ ကျွန်တော်က အသစ်ထွက် ရွှေဝတ်ရည်မဂ်္ဂဇင်း နှင့်အတူ ဒေါ်ဒေါ့်ကို “ကျွန်တော်တို့ မဂ်္ဂဇင်းလေး ပြီးသွားလို့ လာပြတာပါ ဒေါ်ဒေါ်..” ဟု ဆိုကာ စာအုပ်လေးပြသည်။ ဒေါ်ဒေါ်က ““အေးကွဲ့ မင်းတို့မှာလည်း အတော် အားခဲကြရရှာတာကိုး။ စာအုပ်လေးက လှသားကွဲ့” ဟုပြောပြီး မဂ်္ဂဇင်းကို သေချာ လှန်ကြည့်သည်။ ဒေါ်ဒေါ့် ဆောင်းပါး နေရာရောက်တော့ ကျွန်တော်တို့မှာ ရင်တထိတ်ထိတ်။ ဒေါ်ဒေါ်က စာရေးဆရာများ ထုံးစံအတိုင်း ကိုယ့်ဆောင်းပါးကိုကိုယ် သေချာစွာ ပြန်ဖတ်နေသည်။ ကျွန်တော်တို့ မလှုပ်ဝံ့။

ဆောင်းပါးလည်း ဖတ်အပြီး ကျန်စာမျက်နှာများလည်း လှန်ကြည့်အပြီး စာအုပ်လေး ပိတ်ကာ စားပွဲပေါ်တင်၍ ကျွန်တော်တို့ကို ပြုံး၍ကြည့်သည်။ “ကဲ မင်းတို့ မဂ်္ဂဇင်းအတွက် ဒို့ဘာလုပ်ပေးရဦးမလဲ” ဟ ုမေးတော့ မနေသာတော့။ ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်းတို့ နှစ်ဦးသား ဒေါ်ဒေါ့်ကို ထိုင်ကန်တော့ပြီး “အခုစာအုပ်မှာ ကျွန်တော်တို့ နားမလည်လို့ ဆရာဒဂုန်တာရာဆောင်းပါး နဲ့ ဒေါ်ဒေါ့်ဆောင်းပါးအကူးမှာ အဆင်မပြေ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ မတတ်လို့ပါ ဒေါ်ဒေါ်၊ အထူးသဖြင့် ကျွန်တော့်တာဝန်ပါ။ ကျွန်တော့်အပြစ်ပါ” ဟု ကျွန်တော်က ဝတ်ချ ကန်တော့ရင်း ပြောသည်။ ဒေါ်ဒေါ်က အေးချမ်း တည်ငြိမ်စွာဖြင့် “ဟုတ်ရဲ့လားကွဲ့ ဒု့ိဖြင့် သတိမထားမိပါဘူးကွယ်” ဟုဆိုပြီး စားပွဲပေါ်က မဂ်္ဂဇင်းစာအုပ်ကို ပြန်ယူ ၍ ကြည့်သည်။

ထိုစာမျက်နှာ ရောက်တော့ ဘယ်ဘက်၊ ညာဘက်သေချာစွာ ကြည့်ပြီး “သြော်…”ဟု ဆိုသည်။ ထို့နောက် ““ကိစ်္စမရှိပါဘူးကွယ်”ဒို့က လူကြီးတွေ ဖြစ်နေကြမင့်ဟာပဲ ဘာမှမဖြစ်ဘူး။ ဘာမှလည်း တောင်းပန်စရာ မလိုပါဘူးကွယ်။ ဒို့အရွယ်က စိတ်ဆိုးရမယ့် အရွယ် မဟုတ်တော့ဘူးကွယ့်။ စိတ်ဆိုး စိတ်ကွက်ကြတယ်ဆိုတာ ကလေးတွေမှသာ ဖြစ်တတ်ကြတာပါ”တဲ့။ ဒေါ်ဒေါ်က ကျွန်တော်တို့ကို သင်ခန်းစာတွေ အများကြီး ပေးလိုက်သည်။
ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ သဘောထားကြီးခြင်း၊ အရွယ်၏ ပြုမူနေထိုင်သင့်ပုံများကို တစ်ခါတည်း သင်ခန်းစာ ရရှိခဲ့သည်။ စိတ်ဆိုး၊ စိတ်ကောက်၊ စိတ်ကွက်၊ သဘောထားသေးသိမ်၊ ပုတ်ခတ်၊ ငြူစူ၊ အပြစ်တင်ခြင်းသည် အသက်ရွယ် ကြီးရင့်သော်လည်း အသိဉာဏ် မဖွံ့ဖြိုးသေးသည့် ကလေးအရွယ် လုပ်ရပ်များဟု ဒေါ်ဒေါ်က ပြောပြ လိုက်ခြင်း ဖြစ်ပါ၏။

 

ရွှေဝတ်ရည်မှာ၊ လူထုတိုက်မှာ
———————————

ကျွန်တော်တို့လည်း ရွှေဝတ်ရည်မှာဆရာမောင်သစ်လွင်(လူထု) ထံက သတင်းစာဆိုင်ရာ အယ်ဒီတာ ဆိုင်ရာ စာပေဆိုင်ရာ ကြောင်းရာများကို စကားပြောရင်း၊ ပရု(ပ်) ဖတ်ရင်း လက်ဖက်ရည်သောက်ရင်း ပြောဆို နာကြားရတာ ပျော်စရာကောင်းလှသည်။ အကယ်၍ ရွှေဝတ်ရည်က ပြန်ချိန်စောလျှင် (သို့မဟုတ်) ဖောင်ပိတ်ပြီးလျှင် အပြန်မှာ လူထုတိုက်သို့ ဝင်ကြသည်။ ထိုစဉ်ကာလ ကျွန်တော်တို့် လူထုတိုက်သို့ ဆုံလေ့ဆုံထ ရှိသည့် အချိန်က မွန်းလွဲ ၁နာရီကျော် ၂နာရီနီးပါး ဝန်းကျင်ဆိုတော့ ပုံနှိပ်တိုက်၏ ညနေ ၃နာရီ လက်ဖက်ရည်သောက်းချိန်နှင့် အံကျဖြစ်ပါ၏။ ထိုအချိန်တွင် တိုက်သို့ ဆရာသိုက်ထွန်းသက်တို့ ဆရာဝင်းစည်သူတို့ ဆရာကျော်ရင်မြင့်တို့ ဆရာရဲသျှမ်းတို့လည်း ရောက်လာတတ်သည်။ ထိုစဉ်က တိုက်မှာနေသော ဆရာကြည်လင်အေးနှင့် တစ်စုတစ်ဝေးတည်း လက်ဖက်ရည် သောက်ကြသည်။

ကျွန်တော်တို့ လက်ဖက်ရည်သောက်ပြန်လာပြီး တိုက်မှာ ခဏတစ်ဖြုတ်ထိုင်ကြလျှင် ဒေါ်ဒေါ် လူထုဒေါ်အမာက ရေမိုးချိုး နံ့သာဖြူကရမက် မွှေးနေအောင်လိမ်း။ စမုန်စပါးစေ့လေးတွေ ဝါးကာ ဧည့်ခန်းသို့ ထွက်လာသည်။ တစ်ခါတစ်ရံ ဖတ်လက်စ မဂ်္ဂဇင်းစာအုပ်ကို လက်ညှိုးနှင့် ညှပ်က ကိုင်ရင်းထွက်လာ၏။ တစ်ခါတစ်ရံ စာရေးစားပွဲက စာရေးလက်စနှင့် ထွက်လာပုံရ၏။ ဒေါ်ဒေါ့်အင်္ကျီမှာ ပတ်ကားဘောပင်လေး ညှပ်လျက် ပါလာသည်။ ဒေါ်ဒေါ်က အသစ်ထွက် မဂ်္ဂဇင်းအားလုံးနီးပါး သေချာဖတ်သည်။ အထူးသဖြင့် ကျွန်တော်တို့တစ်တွေရဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ်္ထုတွေကို ဖတ်ဖြစ်အောင် ဖတ်သည်။ ပြီးလျှင် သဘောကျပါက ချက်ချင်း မဆိုင်းမတွ ချီးကျူးသည်။ အဆင်မပြေတာ တွေ့လျှင်လည်း ညက်ညောညင်သာစွာဖြင့် ““ဒီလိုလေးဆိုရင် ပိုမကောင်းဘူးလားကွယ်” ဟု ထောက်ပြလေ့ရှိ၏။

 

အတုယူစရာတွေ
———————

ဒေါ်ဒေါ်က ကျွန်တော်တို့တစ်တွေနှင့် စာအကြောင်း ပေအကြောင်းပြောတာ။ ပစ်္စက်္ခနိုင်ငံရေးရာကိစ်္စ ပြောဆိုတာမျိုး မအား သည့်အချိန်အတွင်း မဖြစ်မနေ ပြုလုပ်သည်။ ကျွန်တော်တို့က စက်ဘီးတစ်စီးနှင့် ရွာရိုးကိုးပေါက် ရောက်နေပေမယ့် အချို့သတင်း များကို ဒေါ်ဒေါ်က ဦးစွာ သိနှင့်နေသည်။ နံနက် အရုဏ်တက် ၄နာရီခွဲသည်နှင့် ဒေါ်ဒေါ်က မြေးတွေ(သို့မဟုတ်) တူ၊ တူမတွေနှင့် တောင်ဘက် ကျုံးဘေး ပလက်ဖောင်းအတိုင်း အရှေ့သို့ လျှောက်၏။ မင်္ဂလာတံတားပေါ်မှာ ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်သည်။ အရှေ့ကျုံးထောင့်မှာ မေတ်္တာပို့သည်။ လမ်းလျှောက်ခြင်း အလုပ်ကို ဒေါ်ဒေါ်က ဝတ်မပျက်ပြုမူတာက အသက် ၄၀ကျော် ကတည်းကဟု မှတ်သားရသည်။

လမ်းလျှောက်ပြန်လာတော့ ထိုစဉ်က ၇၉လမ်းတစ်လျှောက် ခင်းကျင်း ရောင်းချသော တရုတ်တန်းဈေးမှာ ဒေါ်ဒေါ်က ဈေးဝင် ဝယ်သည်။ ဒေါ်ဒေါ့် အိမ်မှာ စားအိုးကမသေး။ နိစ်္စဓူဝမီးဖိုချောင်ကိစ်္စအတွက် ဝယ်စရာခြမ်းစရာတွေကို တရုတ်တန်းဈေးမှာ ဝယ်သည်။ ပြီးတော့ ဒေါ်ဒေါ့်အိမ်မှာ အနယ်နယ် အရပ်ရပ်က အလုပ်အပ်သူတွေအလုပ်ရွေးသူတွေ ဥဒဟို ဝင်ထွက်သည်။ ဒေါ်ဒေါ်နှင့်ကြုံလျှင် ရပ်ရေးရွာရေး၊ လုပ်ရေးကိုင်ရေး ဒေသအခြေအနေစသည်ဖြင့် စကားလက်ဆုံ ကျလေ့ရှိသည်။ ပြီးတော့ သတင်းစာတိုက်အလုပ် သတင်းစာဆရာအလုပ်တွေ နှစ်ရှည်ကြာစွာ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့တာမို့ မိုးလင်းတာနှင့် ရေဒီယိုလေးကိုင် ညနေစောင်းတာနှင့် ရေဒီယိုလေးကိုင် ရေဒီယိုနဲ့ပဲ အိပ်ရာဝင်လေ့ ရှိသည်။

မနက် ၄နာရီခွဲသည်မှာ လမ်းလျှောက်ရင်း လူတွေနှင့်တွေ့၊ တရုတ်တန်းဈေးမှာ ဈေးသည် ဈေးဝယ် တွေနှင့် တွေ့၊ ပုံနှိပ်တိုက်မှာ မြို့ပေါ်က နယ်က အလုပ်အပ်သူူတွေနှင့်တွေ့၊ လေလှိုင်းက တစ်ဆင့်လည်း ဝါရင့် သတင်းစာဆရာမကြီး အဖို့ သတင်းတွေချည်း ဖြစ်တော့သည်။ ကျွန်တော်တို့မှာ အဲဒီအသိပညာမရှိ။ အဲဒီဝိရိယမရှိ။ အဲဒီအမြင် ကျယ်မှုမျိုးမရှိ။ သည်တော့အဲဒီပါရမီလည်းမရှိ။ ထို့ကြောင့် အသက် ၇၀ကျော်ပတ်ဝန်းကျင် (ထိုစဉ်က) အဘွားအိုသည် မြန်မာ့ရေးရာသာမက နိုင်ငံတကာရေးရာ တွေအထိ ဒေါင်းဒေါင်းပြေး ရှေ့ရောက်နေသည်။ ငယ်စဉ် ကတည်းက ဝန်းကျင်ဆိုင်ရာ နီးစပ်မှုနှင့် ဖတ်ရှုလေ့လာသင်ကြားခဲ့သည်များကလည်း အကျိုး အကြောင်း ဆင်ခြင်နိုင်သော “ဝိဇ်္ဇာနည်းကျ တွေးခေါ်မှု”ဆိုတော့ အတွေးရှင်းသည်။ အသုံးအသပ်ရှင်းသည်။ အရေးအသား ရှင်းသည်။ ပြီးတော့ မှန်ကန် တည့်မတ်သည်။ ကျွန်တော်တို့ အဖို့ အတုယူစရာများချည်း ဖြစ်တော့သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW