မန္တလေး၊ ဇူလိုင်- ၂၈- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း ၆၆ လမ်း ထောင့်မှာ ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့နေပြည်သူလူထုကို အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်တရပ်အဖြစ် နိုင်ငံကျော်အနုပညာရှင်တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး သရုပ် ဖော်ပြသ စီစဥ်တင်ဆက်ခဲ့ပါတယ်။
” အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်ကို ပြည်သူလူထုကို အသိ ပညာပေးတဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာပါ၊ အဆိုတော်တွေကို ဖိတ်တယ်ဆိုတာကလည်း ပြည်သူလူထုက ပိုပြီးတော့ စိတ်ဝင်တစားရှိလာအောင်လို့ စီစဥ်တာပါ၊ အစီအစဥ်လေးကတော့ ကျနော်တို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတွေကနေ LED ကားပြီးအပြင် ပါဖော့မန့် တခုလုပ်မယ် ပြီးရင် အဆိုတော်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးပြီး အလှည့်ကျဆောင် ရွက်သွားမှာပါ ” လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနမှူး ဦးမောင်မောင်မြင့်က VOM ကိုပြောပါတယ်။
အမှိုက်စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဥ်မှာ အမျိုး သမီး သရုပ်ဆောင်အဆိုတော် မယ်လိုဒီ၊ ထွန်းရတီနဲ့ အမျိုးသားအဆိုတော် ဖိုးသောကြာ၊ ရဲထွဋ်ကျော်၊ စည်ပင်သာယာရေးကော်မတီ ဝန်းထမ်းတွေက အလှည့်ကျ ဖျော်ဖြေသရုပ်ဖော်ခဲ့ပါတယ်။
” ကျနော်တို့က နေ့စဥ်အမှိုက်သိမ်းတယ် အမှိုက်ကန်တွေကို ဆွဲပြီးတော့အမှိုက်သိမ်းတယ်၊ လမ်းကြားတွေ ဝင်းတွေထဲမှာဆိုရင် သုံးဘီးဆိုင်ကယ်တွေနဲ့ အမှိုက်သိမ်းပါတယ်၊ ဒါပေမယ့် တချို့ပြည် သူလူထုကြတော့ သတ်မှတ်တဲ့နေရာမှာ မပစ်ပဲနဲ့ ချောင်းတွေမြောင်းတွေထဲ ပြစ်လိုက်တာပေါ့၊ အဲ့လိုပစ်လိုက်တဲ့အတွက် မြောင်းတွေ ချောင်းတွေပိတ်ဆို့ပြီးတော့ မိုးရွားသွန်းတဲ့အချိန်ဆိုရင် ရေလျှံတာတွေဖြစ်လာတယ်၊ အဲ့လိုမဖြစ်အောင်လို့လည်း ချောင်းတွေ မြောင်းတွေကို မိုးတွင်းကာလမတိုင်ခင်ကတည်းက လူအင်အား စက်ယန္တရားတွေနဲ့ ဆယ်နေပါတယ်၊ ဒါကြောင့် ပြည်သူလူထုကိုလည်း စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်နေတာကို ပူးပေါင်းပါဝင်ကူညီစေချင်တဲ့ သဘောနဲ့ ဆောင်ရွက်တာပါ၊ အဓိက ကတော့ သတ်မှတ်တဲ့နေရာမှာ အမှိုက်ပစ်ပေးဖို့နဲ့ အမှိုက်သိမ်းယာဥ်လာရင် အမှိုက်စွန့်ပစ်ဖို့ အမှိုက်ကိုလည်း အစိုဆိုရင်လည်းအစို အခြောက်ဆိုရင်လည်း အခြောက် ပေါ့ သပ်သပ်ရပ်ရပ် ပစ်ဖို့နဲ့ သိမ်းတဲ့သူလည်းအဆင်ပြောအောင် အဲ့ဒီလိုရည်ရွယ်ပြီး လုပ်တာပါ ” လို့ ဌာနမှူး ဦးမောင်မောင်မြင့်က ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပညာပေးအစီအစဥ်ဟာ ဒုတိယအကြိမ်ကျင်းပတာဖြစ်ပြီး နောက်လာမယ့် အင်္ဂါနေ့နဲ့ အပတ်စဥ် အမန္တလေးမြို့က လူစည်ကားတဲ့နေရာတွေမှာ လိုက်လံပြီးတော့ ပညာပေးအနေနဲ့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာ ယာရေးကော်မတီတင်မဟုတ်ပဲ ပြည်သူလူထုကပါ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သန့်ရှင်းသာယာလှပတဲ့ မြို့တော်အဖြစ်ဆောင် ရွက်နိုင်မှာဖြစ်တယ်လို့ ကော်မတီက တိုက်တွန်းထားပါတယ်။
ဒီပွဲမှာ နိုင်ငံကျော် သရုပ်ဆောင်အနုပညာရှင် အကယ်ဒမီ မယ်လိုဒီ ကလည်း မန္တလေးမြို့နေ ပြည်သူလူထုအတွက် အမှိုက်စွန်းပစ်မှုနဲ့ပတ်သက်တဲ့ အသိပညာပေး စကားကို တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။
