ကျောက်ကပ်ကို ထိခိုက်စေသော နေ့စဉ်အလေ့အကျင့်များ

 

မန္တလာ ဆရာမျိုး

 

လူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းတိုင်းသည် ကိုယ်စီတာဝန်များဖြင့် အရေးပါကြသည်။ ထိုအင်္ဂါများအနက် ကျောက်ကပ်သည် အရွယ်အစားအားဖြင့် လက်သီးဆုပ် တစ်ဆုပ်ခန့်သာရှိသော်လည်း လူတစ်ဦး အသက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ရန် မရှိမဖြစ်အရေးကြီးသော လုပ်ငန်းများကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးနေသည့် ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့် လူတစ်ဦးတွင် ကျောက်ကပ်နှစ်လုံးရှိပြီး ခါးနောက်ဘက်၊ ကျောရိုး၏ ဘေးတစ်ဖက် တစ်ချက်တွင် တည်ရှိကြသည်။ လူအများက ကျောက်ကပ်ကို ဆီးဖြစ်ပေါ်စေသည့် အင်္ဂါတစ်ခုအဖြစ်သာ သိရှိထားတတ်ကြသော်လည်း ကျောက်ကပ်၏ လုပ်ငန်းတာဝန်များသည် ထိုထက်များစွာ ကျယ်ပြန့်သည်။

ကျောက်ကပ်သည် သွေးထဲရှိ ခန္ဓာကိုယ်အတွက် မလိုအပ်တော့သော စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ပေးခြင်း၊ ပိုလျှံနေသော ရေနှင့် ဆားဓာတ်များကို ဆီးမှတစ်ဆင့် ဖယ်ရှားပေးခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များ မျှတနေစေရန် ထိန်းညှိပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းချုပ်ရာတွင် ပါဝင်ခြင်း၊ သွေးနီဥများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသည့် ဟော်မုန်းထုတ်လုပ်ခြင်းနှင့် အရိုးများ ကျန်းမာခိုင်မာစေရန် လိုအပ်သော Vitamin D ကို အသုံးပြုနိုင်သည့်ပုံစံသို့ ပြောင်းလဲပေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့ကြောင့် ကျောက်ကပ်လုပ်ငန်း ကျဆင်းလာသည့်အခါ ဆီးနှင့်သက်ဆိုင်သော ပြဿနာများသာမက ခြေဖောခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးအားနည်းခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများအထိ ဖြစ်ပေါ်လာနိုင်သည်။

 

 

 

ကျောက်ကပ်ရောဂါသည် အဘယ်ကြောင့် သတိထားရသနည်း

နာတာရှည်ကျောက်ကပ်ရောဂါသည် ကျောက်ကပ်၏ ဖွဲ့စည်းပုံ သို့မဟုတ် လုပ်ငန်းဆောင်ရွက် နိုင်စွမ်းတွင် မူမမှန်မှုတစ်ခုခု သုံးလနှင့်အထက် တည်ရှိနေသော အခြေအနေကို ဆိုလိုသည်။

ကျောက်ကပ်ရောဂါ၏ အရေးကြီးသောလက္ခဏာတစ်ရပ်မှာ အစောပိုင်းအဆင့်တွင် ထင်ရှားသော ရောဂါလက္ခဏာ မပြတတ်ခြင်းဖြစ်သည်။ လူနာသည် နေကောင်းနေသလို ခံစားရနိုင်ပြီး ဆီးလည်း ပုံမှန်သွားနေနိုင်သည်။ သို့သော် ကျောက်ကပ်အတွင်းရှိ သွေးစစ်ထုတ်သည့် အစိတ်အပိုင်းများမှာ တဖြည်းဖြည်း ထိခိုက်ပျက်စီးနေပြီး ဖြစ်နိုင်သည်။

လက္ခဏာများ ထင်ရှားလာချိန်တွင် ကျောက်ကပ်လုပ်ငန်း အတော်အတန် ကျဆင်းပြီး ဖြစ်နေနိုင်သည်။ ကျောက်ကပ်တစ်ရှူးများ အမြဲတမ်းပျက်စီးသွားပါက မူလအတိုင်း ပြန်လည်ကောင်းမွန်ရန် ခက်ခဲနိုင်သည်။ သို့သော် စောစီးစွာသိရှိပြီး အကြောင်းရင်းများကို ထိန်းချုပ်နိုင်ပါက ရောဂါဆိုးရွားလာမှုကို နှေးကွေးစေနိုင်ပြီး ကျောက်ကပ်ဆေးရခြင်း သို့မဟုတ် ကျောက်ကပ်အစားထိုးကုသရခြင်းကို နှောင့်နှေးစေနိုင်သည်။

ကျောက်ကပ်ထိခိုက်ခြင်းသည် များသောအားဖြင့် တစ်ရက်တည်းဖြင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆားအလွန်အကျွံစားခြင်းနှင့် မဆင်မခြင်ဆေးသောက်ခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်း ပျက်စီးလာတတ်သည်။

 

 

 

 

 

ကျောက်ကပ်ကို ထိခိုက်စေသော နေ့စဉ်အလေ့အကျင့်များ

ဆားနှင့် ငန်သောအစားအစာများ အလွန်အကျွံစားခြင်း

ဆားအလွန်အကျွံစားခြင်းသည် ကျောက်ကပ်ကို ထိခိုက်စေနိုင်သော အတွေ့ရများဆုံး အလေ့အကျင့်များအနက် တစ်ခုဖြစ်သည်။

ဆားထဲတွင်ပါဝင်သော ဆိုဒီယမ်ဓာတ် များလွန်းသည့်အခါ ခန္ဓာကိုယ်အတွင်း ရေကို ပိုမိုထိန်းသိမ်းထားစေသည်။ ထိုအခါ သွေးပမာဏများလာပြီး သွေးပေါင်ချိန် တက်လာနိုင်သည်။ သွေးပေါင်မြင့်မားမှုကြောင့် ကျောက်ကပ်အတွင်းရှိ နူးညံ့သော သွေးကြောငယ်များအပေါ် ဖိအားများလာကာ အချိန်ကြာလာသည်နှင့်အမျှ ထိုသွေးကြောများ ပျက်စီးလာနိုင်သည်။

ဆားဟုဆိုရာတွင် ဟင်းချက်ရာ၌ တိုက်ရိုက်ထည့်သည့် ဆားတစ်မျိုးတည်းကိုသာ မဆိုလိုပါ။ အောက်ပါအစားအစာများတွင်လည်း ဆိုဒီယမ်ဓာတ် များပြားစွာ ပါဝင်နိုင်သည်။

  • ငါးပိ၊ ငံပြာရည်နှင့် ဆားများသော အချဉ်ရည်များ
  • ငါးခြောက်၊ အသားခြောက်နှင့် ဆားနယ်အစားအစာများ
  • အချဉ်ဖောက်ထားသော အစားအစာများ
  • အသင့်စားခေါက်ဆွဲခြောက်
  • ဝက်အူချောင်း၊ အသားလုံးနှင့် ပြုပြင်ထုတ်လုပ်ထားသော အသားများ
  • အကြွပ်ကြော်၊ အာလူးကြော်နှင့် သရေစာထုပ်များ
  • စည်သွတ်ဘူးအစားအစာများ
  • အသင့်စားဟင်းလျာများ
  • ဟင်းချိုမှုန့်၊ ကြက်သားမှုန့်နှင့် အရသာမှုန့်များ
  • ဆားပါဝင်မှုများသော ဆော့စ်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အရ လူကြီးတစ်ဦးသည် တစ်နေ့လျှင် ဆား ၅ ဂရမ်အောက် စားသုံးသင့်သည်။ ယင်းသည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နှင့် ညီမျှသည်။ သို့သော် ထိုပမာဏတွင် ဟင်းချက်ရာ၌ ထည့်သည့်ဆားသာမက တစ်နေ့တာစားသုံးသမျှ အစားအစာအားလုံးမှ ရရှိသောဆားပမာဏလည်း ပါဝင်သည်။

ဆားလျှော့စားရန် ဟင်းကို မမြည်းမီ ဆားထပ်မထည့်ခြင်း၊ ငံပြာရည်နှင့် ငါးပိကို လျှော့သုံးခြင်း၊ အသင့်စားနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများကို လျှော့ချခြင်းတို့ ပြုလုပ်သင့်သည်။

 

သွေးတိုးရောဂါကို မထိန်းချုပ်ခြင်း

သွေးတိုးရောဂါသည် နာတာရှည်ကျောက်ကပ်ရောဂါ၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။

သွေးပေါင်ချိန်အမြဲတမ်း မြင့်မားနေပါက ကျောက်ကပ်အတွင်းရှိ သွေးကြောများ ထူလာခြင်း၊ ကျဉ်းလာခြင်းနှင့် ပျက်စီးလာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထိုအခါ ကျောက်ကပ်သို့ သွေးနှင့် အောက်ဆီဂျင်လုံလောက်စွာ မရောက်တော့ဘဲ သွေးစစ်ထုတ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာသည်။

သွေးတိုးရှိသူအများစုတွင် ထင်ရှားသော လက္ခဏာမရှိတတ်ပါ။ ခေါင်းမကိုက်ခြင်း၊ မူးဝေခြင်းမရှိခြင်းကြောင့် သွေးတိုးမရှိဟု မယူဆသင့်ပါ။

သွေးပေါင်ကို ပုံမှန်တိုင်းတာခြင်း၊ ဆရာဝန်ညွှန်ကြားသည့်ဆေးကို အချိန်မှန်သောက်ခြင်း၊ ဆားလျှော့စားခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ လိုအပ်သည်။

ဆေးသောက်ပြီး သွေးပေါင်ကျသွားသည့်အခါ ဆေးကို ကိုယ့်သဘောဖြင့် ရပ်လိုက်ခြင်း မပြုသင့်ပါ။ သွေးပေါင်ပုံမှန်ဖြစ်နေခြင်းသည် ဆေးက ထိန်းပေးနေခြင်းကြောင့် ဖြစ်နိုင်သည်။

 

 

 

ဆီးချိုရောဂါကို မထိန်းချုပ်ခြင်း

ဆီးချိုရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသော အရေးကြီးဆုံးအကြောင်းရင်းများအနက် တစ်ခုဖြစ်သည်။

သွေးထဲရှိ သကြားဓာတ် အချိန်ကြာမြင့်စွာ မြင့်မားနေပါက ကျောက်ကပ်၏ သွေးစစ်ထုတ်ယူနစ်များရှိ သွေးကြောငယ်များ ထိခိုက်လာသည်။ အစောပိုင်းတွင် ဆီးထဲသို့ Albumin ဟုခေါ်သော ပရိုတင်း အနည်းငယ်ယိုစိမ့်လာနိုင်သည်။ နောက်ပိုင်းတွင် ကျောက်ကပ်စစ်ထုတ်နိုင်စွမ်း လျော့နည်းလာပြီး နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်လာနိုင်သည်။

ဆီးချိုရှိသူများသည်

  • သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်း
  • HbA1c ကို သတ်မှတ်ချိန်အလိုက် စစ်ဆေးခြင်း
  • ဆရာဝန်ညွှန်ကြားသည့် ဆီးချိုဆေးကို ပုံမှန်သောက်ခြင်း
  • သွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓာတ်ကို ထိန်းချုပ်ခြင်း
  • သွေးထဲရှိ Creatinine နှင့် eGFR စစ်ဆေးခြင်း
  • ဆီးထဲရှိ Albumin ပမာဏကို စစ်ဆေးခြင်း

တို့ကို ပြုလုပ်သင့်သည်။

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးမှုသည် အစောပိုင်းတွင် မနာမကျင်ဘဲ ဖြစ်ပေါ် နိုင်သောကြောင့် ပုံမှန်စစ်ဆေးမှုသည် အလွန်အရေးကြီးသည်။

 

 

 

အကိုက်အခဲပျောက်ဆေးများကို မကြာခဏ ကိုယ်တိုင်ဝယ်သောက်ခြင်း

ဒူးနာခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အဆစ်အမြစ်နာကျင်ခြင်းတို့အတွက် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်မပြဘဲ မကြာခဏ ကိုယ်တိုင်ဝယ်သောက်နေသူများ များပြားသည်။

အထူးသဖြင့် Non-steroidal Anti-inflammatory Drugs-NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများသည် ကျောက်ကပ်သို့ သွေးစီးဆင်းမှုကို လျော့နည်းစေနိုင်သည်။ ပမာဏများများသောက်ခြင်း၊ ရက်ရှည်သောက်ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်နေစဉ် သောက်ခြင်းတို့ကြောင့် ရုတ်တရက်ကျောက်ကပ်လုပ်ငန်းကျဆင်းခြင်း ဖြစ်နိုင်သည်။

အဆိုပါဆေးအုပ်စုတွင်

  • Ibuprofen
  • Diclofenac
  • Naproxen
  • Indomethacin
  • Meloxicam
  • Celecoxib

ကဲ့သို့သော ဆေးများ ပါဝင်နိုင်သည်။

အသက်ကြီးသူများ၊ ဆီးချိုရှိသူများ၊ သွေးတိုးရှိသူများ၊ နှလုံးအားနည်းသူများ၊ ရေဓာတ်ခန်းခြောက်နေသူများနှင့် မူလကတည်းက ကျောက်ကပ်လုပ်ငန်းကျဆင်းနေသူများတွင် ပိုမိုအန္တရာယ်ရှိသည်။

အကိုက်အခဲပျောက်ဆေးကို မကြာခဏလိုအပ်နေပါက ဆေးကိုသာ ထပ်ခါတလဲလဲသောက်မည့်အစား နာကျင်မှု၏ အကြောင်းရင်းကို စစ်ဆေးသင့်သည်။

 

ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးဝါးနှင့် ဖြည့်စွက်ပစ္စည်းများ သောက်ခြင်း

ဆေးဆိုင်၊ အွန်လိုင်းနှင့် လူမှုကွန်ရက်များမှ ဝယ်ယူရရှိသော အားဆေး၊ ဝိတ်ချဆေး၊ ကိုယ်ခန္ဓာတည်ဆောက်ရေးဖြည့်စွက်ပစ္စည်း၊ အားကစားဖြည့်စွက်ပစ္စည်းနှင့် ပါဝင်ပစ္စည်းမရှင်းလင်းသော ထုတ်ကုန်များကို မဆင်မခြင် သုံးစွဲခြင်းသည် ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။

အချို့ထုတ်ကုန်များတွင်

  • ပါဝင်ပစ္စည်းအပြည့်အစုံ မဖော်ပြထားခြင်း
  • သတ်မှတ်ပမာဏထက် မြင့်မားသော ဓာတ်ပစ္စည်းများ ပါဝင်ခြင်း
  • ကျောက်ကပ်မှ စွန့်ထုတ်ရခက်သော ဓာတ်များ ပါဝင်ခြင်း
  • မိမိသောက်နေသည့် အခြားဆေးများနှင့် ဓာတ်ပြုခြင်း
  • သွေးပေါင်၊ သွေးချိုနှင့် နှလုံးခုန်နှုန်းကို ထိခိုက်စေခြင်း

တို့ ဖြစ်နိုင်သည်။

“ကျောက်ကပ်သန့်စင်ပေးသည်၊ ဆီးကောင်းစေသည်၊ အဆိပ်အတောက်ဖယ်ရှားပေးသည်” ဟု ကြော်ငြာထားသော ထုတ်ကုန်တိုင်းသည် သိပ္ပံနည်းကျ အတည်ပြုထားသည် မဟုတ်ပါ။ အချို့ထုတ်ကုန်များသည် ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆားဓာတ်မညီမျှခြင်းတို့ကို ဖြစ်စေနိုင်သည်။

ထို့ကြောင့် အမည်မသိ၊ ပါဝင်ပစ္စည်းမရှင်းလင်းသော ဆေးနှင့် ဖြည့်စွက်ပစ္စည်းများကို မသောက်သင့်ပါ။

 

 

 

 

 

ရေဓာတ်ခန်းခြောက်အောင် နေခြင်း

ကျောက်ကပ်က သွေးကို ကောင်းမွန်စွာ စစ်ထုတ်နိုင်ရန် ခန္ဓာကိုယ်အတွင်း သင့်တင့်သော ရေဓာတ်ရှိရန် လိုအပ်သည်။

ပူပြင်းသောရာသီဥတုတွင် အလုပ်လုပ်ခြင်း၊ ချွေးထွက်များခြင်း၊ ရေသောက်ရန် မေ့နေခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဖျားနာခြင်းနှင့် အစာရေမဝင်ခြင်းတို့ကြောင့် ရေဓာတ်ခန်းခြောက်နိုင်သည်။

ရေဓာတ်ပြင်းထန်စွာ ခန်းခြောက်သည့်အခါ သွေးပမာဏလျော့နည်းပြီး ကျောက်ကပ်သို့ သွေးစီးဆင်းမှု မလုံလောက်တော့သဖြင့် ရုတ်တရက်ကျောက်ကပ်လုပ်ငန်းကျဆင်းခြင်း ဖြစ်နိုင်သည်။

သို့သော် ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်း တစ်နေ့ရေ ၃ လီတာ သို့မဟုတ် ၄ လီတာ မဖြစ်မနေသောက်ရမည်ဟု မဆိုနိုင်ပါ။ ရေလိုအပ်ချက်သည်—

  • ရာသီဥတု
  • ကိုယ်လက်လှုပ်ရှားမှုပမာဏ
  • ကိုယ်အလေးချိန်
  • အစားအသောက်
  • ဖျားနာမှု
  • နှလုံးနှင့် ကျောက်ကပ်အခြေအနေ

တို့အပေါ် မူတည်သည်။

နှလုံးအားနည်းသူ၊ အဆင့်မြင့်ကျောက်ကပ်ရောဂါရှိသူနှင့် ကျောက်ကပ်ဆေးနေရသူများသည် ရေအလွန်အကျွံသောက်ပါက ခြေဖောခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် အဆုတ်အတွင်း ရေဝင်ခြင်း ဖြစ်နိုင်သဖြင့် ဆရာဝန်သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သင့်သည်။

 

 

 

အချိုရည်များကို ရေအစား အမြဲသောက်ခြင်း

ရေငတ်သည့်အခါ သန့်ရှင်းသောရေအစား အချိုရည်၊ Energy Drink၊ Bubble Tea၊ သကြားများသော လက်ဖက်ရည်နှင့် ကော်ဖီတို့ကို အမြဲသောက်ခြင်းသည် ကျောက်ကပ်အပေါ် သွယ်ဝိုက်၍ ထိခိုက်စေနိုင်သည်။

သကြားပါသောအချိုရည်များကို မကြာခဏသောက်ခြင်းကြောင့်

  • ကိုယ်အလေးချိန်တက်ခြင်း
  • အဝလွန်ခြင်း
  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • သွေးတွင်းအဆီဓာတ်မြင့်ခြင်း

တို့ ဖြစ်နိုင်သည်။ ထိုရောဂါများသည် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို တိုးစေသည်။

သကြားမပါဟု ရေးထားသော အချိုရည်များတွင်လည်း ဆိုဒီယမ်၊ ကဖိန်းနှင့် အခြားထည့်သွင်းပစ္စည်းများ ပါဝင်နိုင်သဖြင့် နေ့စဉ်ရေအစား အမြဲသောက်သုံးရန် မသင့်တော်ပါ။

 

အရက်အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွံသောက်ခြင်းသည် ခန္ဓာကိုယ်၏ ရေဓာတ်နှင့် ဆားဓာတ်မျှတမှုကို ပျက်စီးစေနိုင်သည်။ ထို့ပြင် သွေးပေါင်တက်ခြင်း၊ အဝလွန်ခြင်း၊ အသည်းရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုဖြစ်နိုင်ခြေတို့ကိုလည်း တိုးစေနိုင်သည်။

တစ်ကြိမ်တည်းတွင် အရက်ပမာဏများစွာ သောက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးပေါင်အပြောင်းအလဲဖြစ်ခြင်းနှင့် ကြွက်သားတစ်ရှူးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ကျောက်ကပ်လုပ်ငန်း ရုတ်တရက်ကျဆင်းနိုင်သည်။

အရက်မသောက်သူများအနေဖြင့် ကျန်းမာရေးအတွက် စတင်သောက်ရန် မလိုပါ။ သောက်နေသူများအနေဖြင့် လျှော့ချခြင်း သို့မဟုတ် ရပ်တန့်ခြင်းက ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ပိုမိုကောင်းမွန်သည်။

 

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကိုသာ ထိခိုက်စေသည် မဟုတ်ပါ။ ဆေးလိပ်သည် သွေးကြောနံရံများကို ပျက်စီးစေပြီး သွေးကြောများ ကျဉ်းစေသည်။ ထိုအခါ ကျောက်ကပ်သို့ သွေးစီးဆင်းမှု လျော့နည်းလာနိုင်သည်။

ဆေးလိပ်သောက်ခြင်းသည်

  • သွေးပေါင်မြင့်စေခြင်း
  • နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေတိုးစေခြင်း
  • ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်စီးမှုကို ပိုမိုမြန်ဆန်စေခြင်း
  • ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေတိုးစေခြင်း

တို့နှင့် ဆက်စပ်နိုင်သည်။

ဆေးလိပ်ဖြတ်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို အကျိုးရှိသည်။ ကိုယ်တိုင်ဖြတ်ရန် ခက်ခဲပါက ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီ ရယူသင့်သည်။

 

 

 

 

 

 

ကိုယ်အလေးချိန်များခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

အဝလွန်ခြင်းသည် ကျောက်ကပ်အပေါ် သွယ်ဝိုက်၍သာမက တိုက်ရိုက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။

ကိုယ်အလေးချိန်များလာပါက ခန္ဓာကိုယ်တစ်ခုလုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျောက်ကပ်က သွေးပိုမိုစစ်ထုတ်ရသည်။ ထိုသို့ အချိန်ကြာမြင့်စွာ အလုပ်ပိုလုပ်ရခြင်းကြောင့် ကျောက်ကပ်၏ စစ်ထုတ်ယူနစ်များ ထိခိုက်လာနိုင်သည်။

အဝလွန်ခြင်းသည်

  • ဆီးချို
  • သွေးတိုး
  • သွေးတွင်းအဆီများခြင်း
  • နှလုံးရောဂါ
  • အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ခြင်း

တို့ကို ဖြစ်စေပြီး ထိုရောဂါများမှတစ်ဆင့် ကျောက်ကပ်ပျက်စီးနိုင်ခြေကို ပိုမိုမြင့်တက်စေသည်။

ပုံမှန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနှင့် အသက်အရွယ်အလိုက် သင့်တော်သော လေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်။

အဆီများ၊ ကြော်လှော်စာနှင့် အသင့်စားအစားအစာများ မကြာခဏစားခြင်း

အဆီများသောအစားအစာ၊ အကြော်အလှော်၊ Fast Food၊ အသင့်စားအစားအစာနှင့် ပြုပြင်ထုတ်လုပ်ထားသော အသားများကို မကြာခဏစားခြင်းသည် အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ်များခြင်းတို့ကို အားပေးသည်။

 

ထိုအစားအစာများတွင်

  • ဆား
  • သကြား
  • ပြည့်ဝဆီ
  • Trans fat
  • ဖော့စဖိတ်ထည့်ပစ္စည်းများ

များစွာပါဝင်နိုင်သည်။

ကျောက်ကပ်ကျန်းမာရေးအတွက် လတ်ဆတ်သောဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ သင့်တင့်သော အသားနှင့်ငါး၊ အမျှင်ဓာတ်ပါသော အစားအစာနှင့် ပြုပြင်ထားမှုနည်းသော အစားအစာများကို ဦးစားပေးသင့်သည်။

သို့သော် ကျောက်ကပ်ရောဂါရှိပြီးသားသူများသည် ပိုတက်စီယမ်၊ ဖော့စဖရပ်၊ ပရိုတင်းနှင့် ရေပမာဏကို ရောဂါအဆင့်အလိုက် ကန့်သတ်ရနိုင်သောကြောင့် အစားအသောက်ကို ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်၏ အကြံပြုချက်ဖြင့် စီစဉ်သင့်သည်။

၁၂။ ပရိုတင်းနှင့် ကိုယ်ခန္ဓာတည်ဆောက်ရေးဖြည့်စွက်ပစ္စည်းများကို မဆင်မခြင်အသုံးပြုခြင်း

ပရိုတင်းသည် ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ကြွက်သားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သည်။ သို့သော် ပရိုတင်းများများစားလေလေ ကျန်းမာရေးပိုကောင်းလေလေဟု မဆိုနိုင်ပါ။

အသားနှင့် ပရိုတင်းပါဝင်သော အစားအစာများကို အလွန်အကျွံစားခြင်း၊ Protein Powder၊ Creatine နှင့် Bodybuilding Supplement များကို မိမိလိုအပ်ချက်မသိဘဲ ပမာဏများများသောက်ခြင်းသည် ကျောက်ကပ်က စွန့်ထုတ်ရမည့် စွန့်ပစ်ပစ္စည်းပမာဏကို တိုးစေနိုင်သည်။

ကျန်းမာသောလူတစ်ဦးတွင် သင့်တင့်သောပရိုတင်းစားသုံးမှုသည် ပုံမှန်အားဖြင့် ပြဿနာမဖြစ်စေသော်လည်း—

  • ကျောက်ကပ်လုပ်ငန်းကျဆင်းနေသူ
  • ဆီးချိုရှိသူ
  • သွေးတိုးရှိသူ
  • ကျောက်ကပ်တစ်လုံးတည်းရှိသူ
  • ကျောက်ကပ်ရောဂါရာဇဝင်ရှိသူ

တို့တွင် ပရိုတင်းမြင့်အစားအသောက်ကို ဆရာဝန်အကြံပြုချက်မရှိဘဲ မပြုလုပ်သင့်ပါ။

ဆီးကို အချိန်ကြာကြာ အမြဲအောင့်ထားခြင်း

တစ်ခါတစ်ရံ အလုပ်နှင့် ခရီးသွားအခြေအနေကြောင့် ဆီးအောင့်ထားရခြင်းသည် ကျောက်ကပ်ပျက်စီးမှုကို ချက်ချင်းဖြစ်စေမည် မဟုတ်ပါ။

သို့သော် ဆီးသွားချင်သော်လည်း နာရီပေါင်းများစွာ ထပ်ခါတလဲလဲ အောင့်ထားခြင်းသည် ဆီးအိမ်မအီမသာဖြစ်ခြင်း၊ ဆီးအိမ်လုပ်ငန်း မမှန်ခြင်းနှင့် ဆီးလမ်းကြောင်းပြဿနာရှိသူများတွင် ရောဂါပိုဆိုးလာခြင်းတို့ ဖြစ်စေနိုင်သည်။

ဆီးသွားလိုသည့်အခါ အလွန်ကြာရှည်စွာ မအောင့်ထားဘဲ သင့်တော်သောအချိန်တွင် ဆီးသွားသင့်သည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မကုသဘဲထားခြင်း

ဆီးပူခြင်း၊ ဆီးကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးနံ့ဆိုးခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းနာခြင်း၊ ခါးနာခြင်းနှင့် ဖျားခြင်းတို့သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ လက္ခဏာများ ဖြစ်နိုင်သည်။

ဆီးအိမ်ပိုးဝင်ခြင်းကို မကုသဘဲထားပါက ပိုးသည် ဆီးလမ်းကြောင်းမှတစ်ဆင့် ကျောက်ကပ်အထိ ပျံ့နှံ့သွားနိုင်သည်။ ထိုအခါ ကျောက်ကပ်ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်ပြီး ဖျားခြင်း၊ ခါးနာခြင်း၊ ချမ်းတုန်ခြင်းနှင့် အန်ခြင်းတို့ ဖြစ်နိုင်သည်။

ထပ်ခါတလဲလဲ ပြင်းထန်သော ကျောက်ကပ်ပိုးဝင်ရောင်ရမ်းမှုဖြစ်ပါက ကျောက်ကပ်တွင် အမာရွတ်ဖြစ်ပြီး လုပ်ငန်းကျဆင်းလာနိုင်သည်။

ကျောက်ကပ်ကျောက်နှင့် ဆီးလမ်းကြောင်းပိတ်ဆို့မှုကို လျစ်လျူရှုခြင်း

ကျောက်ကပ်ကျောက် သို့မဟုတ် ဆီးလမ်းကြောင်းပိတ်ဆို့မှုကြောင့် ဆီးစီးဆင်းမှု တားဆီးခံရပါက ကျောက်ကပ်အတွင်း ဖိအားမြင့်လာပြီး ကျောက်ကပ်ဖောင်းခြင်း ဖြစ်နိုင်သည်။

ဆီးလမ်းကြောင်းပိတ်ဆို့မှုသည်

  • ကျောက်ကပ်ကျောက်
  • ဆီးကျိတ်ကြီးခြင်း
  • ဆီးလမ်းကြောင်းကျဉ်းခြင်း
  • အကျိတ်
  • မွေးရာပါ ဆီးလမ်းကြောင်းမူမမှန်မှု

တို့ကြောင့် ဖြစ်နိုင်သည်။

ခါးတစ်ဖက်ရုတ်တရက်အလွန်နာခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးသွားမရခြင်းနှင့် ဖျားခြင်းတို့ ဖြစ်ပါက အမြန်စစ်ဆေးကုသသင့်သည်။

 

 

 

 

 

 

Antibiotic ဆေးများကို ကိုယ့်သဘောဖြင့် သောက်ခြင်း

လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ဆီးကျင်ခြင်းဖြစ်တိုင်း Antibiotic ကို ကိုယ်တိုင်ဝယ်သောက်ခြင်း မပြုသင့်ပါ။

Antibiotic အချို့သည် ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်ရပြီး ကျောက်ကပ်လုပ်ငန်းအခြေအနေပေါ်မူတည်၍ ဆေးပမာဏပြောင်းရန် လိုအပ်သည်။ ဆေးအချို့သည် ကျောက်ကပ်အတွင်း ရောင်ရမ်းမှု သို့မဟုတ် အဆိပ်သင့်မှုကို ဖြစ်စေနိုင်သည်။

ထို့ပြင် Antibiotic မလိုအပ်သော ဗိုင်းရပ်စ်ရောဂါများတွင် ဆေးသောက်ခြင်းကြောင့် ပိုးသတ်ဆေးယဉ်ပါးမှု ဖြစ်ပေါ်လာနိုင်သည်။

ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပြီး ဆေးပမာဏနှင့် သောက်ရမည့်ရက်ကို တိတိကျကျ လိုက်နာသင့်သည်။

 

ဆေးသောက်နေစဉ် လိုအပ်သော သွေးစစ်မှုများ မပြုလုပ်ခြင်း

သွေးတိုးဆေး၊ ဆီးဆေး၊ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကင်ဆာဆေးနှင့် အခြားဆေးဝါးအချို့ကို အသုံးပြုနေစဉ် ကျောက်ကပ်လုပ်ငန်းနှင့် ဆားဓာတ်များကို စောင့်ကြည့်ရန် လိုအပ်နိုင်သည်။

ဆရာဝန်က

  • Serum Creatinine
  • eGFR
  • Potassium
  • Sodium
  • ဆီးစစ်ဆေးမှု

တို့ကို ပြန်စစ်ရန် ညွှန်ကြားထားပါက နေကောင်းနေသည်ဟုဆိုပြီး မပျက်ကွက်သင့်ပါ။

ဆေးအချို့သည် အကျိုးရှိသော်လည်း လူနာ၏ ကျောက်ကပ်လုပ်ငန်းအပေါ်မူတည်၍ ဆေးပမာဏညှိရန် လိုအပ်နိုင်သည်။

 

အိပ်ရေးမဝခြင်းနှင့် နာတာရှည်စိတ်ဖိစီးမှု

အိပ်ရေးမဝခြင်းသည် ကျောက်ကပ်ပျက်စီးမှု၏ တစ်ခုတည်းသော တိုက်ရိုက်အကြောင်းရင်းမဟုတ်ပါ။ သို့သော် အိပ်ချိန်မမှန်ခြင်း၊ ရေရှည်အိပ်ရေးမဝခြင်းနှင့် နာတာရှည်စိတ်ဖိစီးမှုတို့သည်—

  • သွေးပေါင်တက်ခြင်း
  • သွေးချိုထိန်းရခက်ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • အစာစားချင်စိတ်ပြောင်းလဲခြင်း
  • ဆေးလိပ်နှင့် အရက်သောက်လိုစိတ်တိုးခြင်း
  • လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်း

တို့ကို ဖြစ်စေနိုင်သည်။

အိပ်နေစဉ် ဟောက်သံပြင်းခြင်း၊ အသက်ရှူရပ်သကဲ့သို့ဖြစ်ခြင်း၊ နေ့ဘက် အလွန်အိပ်ငိုက်ခြင်းတို့ရှိပါက အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ခြင်းရှိနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

 

ကျောက်ကပ်အန္တရာယ်ရှိသော်လည်း ပုံမှန်မစစ်ဆေးခြင်း

နာတာရှည်ကျောက်ကပ်ရောဂါသည် အစောပိုင်းတွင် လက္ခဏာမပြတတ်သောကြောင့် အန္တရာယ်ရှိသူများတွင် သွေးနှင့်ဆီး ပုံမှန်စစ်ဆေးရန် အရေးကြီးသည်။

အောက်ပါသူများသည် ကျောက်ကပ်စစ်ဆေးမှု ပြုလုပ်သင့်သည်။

  • ဆီးချိုရှိသူ
  • သွေးတိုးရှိသူ
  • နှလုံးနှင့် သွေးကြောရောဂါရှိသူ
  • အဝလွန်သူ
  • မိသားစုတွင် ကျောက်ကပ်ပျက်စီးမှုရှိသူ
  • ကျောက်ကပ်ကျောက် မကြာခဏတည်သူ
  • ဆီးလမ်းကြောင်းပိုး မကြာခဏဝင်သူ
  • ကျောက်ကပ်တစ်လုံးတည်းရှိသူ
  • Autoimmune ရောဂါရှိသူ
  • ကျောက်ကပ်ကို ထိခိုက်နိုင်သော ဆေးများ ရက်ရှည်သောက်ရသူ
  • အသက်ကြီးသူ

စစ်ဆေးရမည့်အကြိမ်နှုန်းသည် ရောဂါအခြေအနေ၊ အသက်နှင့် အန္တရာယ်အဆင့်အလိုက် ကွာခြားနိုင်သဖြင့် ဆရာဝန်၏ အကြံပြုချက်ကို လိုက်နာသင့်သည်။

 

ရောဂါလက္ခဏာများကို လျစ်လျူရှုပြီး နောက်ကျမှ ဆေးရုံပြခြင်း

ခြေဖောခြင်း၊ မျက်နှာဖောခြင်း၊ ဆီးအမြှုပ်များခြင်း၊ ဆီးထဲသွေးပါခြင်း၊ သွေးပေါင်မြင့်ခြင်းနှင့် အလွယ်တကူမောပန်းခြင်းတို့ရှိသော်လည်း “အသက်ကြီးလို့ဖြစ်တာ” သို့မဟုတ် “အနားယူရင်ကောင်းသွားမယ်” ဟု ယူဆပြီး ဆေးရုံမပြဘဲ နေခြင်းသည် အန္တရာယ်ရှိသည်။

ကျောက်ကပ်လုပ်ငန်း အတော်အတန်ကျဆင်းနေသော်လည်း ဆီးပမာဏ ပုံမှန်နီးပါး ရှိနေနိုင်သည်။ ထို့ကြောင့် “ဆီးသွားနိုင်သေးရင် ကျောက်ကပ်ကောင်းတယ်” ဟူသော အယူအဆသည် မှားယွင်းသည်။

 

 

ကျောက်ကပ်ရောဂါကို သတိပေးနိုင်သော လက္ခဏာများ

နာတာရှည်ကျောက်ကပ်ရောဂါ၏ အစောပိုင်းတွင် လက္ခဏာမရှိနိုင်ပါ။ ရောဂါပိုမိုတိုးတက်လာသောအခါ အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

  • မျက်ခွံ၊ မျက်နှာ၊ ခြေဖဝါးနှင့် ခြေကျင်းဝတ်ဖောခြင်း
  • ဆီးအမြှုပ်များခြင်း
  • ဆီးထဲသွေးပါခြင်း
  • ဆီးပမာဏ လျော့နည်းခြင်း
  • ညဘက် ဆီးမကြာခဏသွားခြင်း
  • အလွယ်တကူ မောပန်းခြင်း
  • အားနည်းခြင်းနှင့် မူးဝေခြင်း
  • အစာစားချင်စိတ် လျော့နည်းခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • အသားအရေယားယံခြင်း
  • ကြွက်သားတက်ခြင်း
  • အာရုံစူးစိုက်ရခက်ခြင်း
  • အသက်ရှူကြပ်ခြင်း
  • သွေးပေါင်မြင့်၍ ထိန်းချုပ်ရခက်ခြင်း

ဤလက္ခဏာများသည် ကျောက်ကပ်ရောဂါတစ်မျိုးတည်းတွင်သာ ဖြစ်ပေါ်သည်မဟုတ်သောကြောင့် စစ်ဆေးမှုဖြင့် အတည်ပြုရန် လိုအပ်သည်။

 

 

အရေးပေါ်ဆေးရုံသွားသင့်သော အခြေအနေများ

အောက်ပါလက္ခဏာများဖြစ်ပါက ဆေးရုံသို့ အမြန်သွားသင့်သည်။

  • ဆီးလုံးဝမထွက်ခြင်း သို့မဟုတ် အလွန်နည်းသွားခြင်း
  • အသက်ရှူမဝခြင်း
  • တစ်ကိုယ်လုံး ရုတ်တရက်ဖောလာခြင်း
  • သတိမကြည်ခြင်း သို့မဟုတ် သတိလစ်ခြင်း
  • အဆက်မပြတ်အန်ခြင်း
  • ခါးအလွန်နာ၍ ဖျားခြင်း
  • ဆီးထဲတွင် သွေးများစွာပါခြင်း
  • ဝမ်းလျှောအန်ခြင်းပြင်းထန်ပြီး ရေမဝင်နိုင်ခြင်း
  • ဆေးဝါး သို့မဟုတ် မသိသောဓာတ်ပစ္စည်းများ သောက်မိခြင်း

 

ကျောက်ကပ်ကို မည်သို့စစ်ဆေးသနည်း

ကျောက်ကပ်ရောဂါရှိမရှိ သိရှိရန် သွေးစစ်ခြင်းနှင့် ဆီးစစ်ခြင်းတို့ အဓိကလိုအပ်သည်။

Serum Creatinine

Creatinine သည် ကြွက်သားအသုံးပြုမှုမှ ဖြစ်ပေါ်လာသော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကျောက်ကပ်မှ စွန့်ထုတ်ပေးသည်။ သွေးထဲတွင် Creatinine မြင့်လာပါက ကျောက်ကပ်စစ်ထုတ်နိုင်စွမ်း ကျဆင်းနေခြင်း ဖြစ်နိုင်သည်။

သို့သော် Creatinine တစ်ခုတည်းကိုသာ ကြည့်၍ ကျောက်ကပ်အခြေအနေကို မဆုံးဖြတ်သင့်ပါ။ အသက်၊ လိင်၊ ကြွက်သားပမာဏနှင့် အခြားအချက်များကြောင့် တန်ဖိုးကွာခြားနိုင်သည်။

 

 

eGFR

Estimated Glomerular Filtration Rate—eGFR သည် ကျောက်ကပ်က သွေးကို မည်မျှကောင်းမွန်စွာ စစ်ထုတ်နေသလဲကို ခန့်မှန်းသည့် တန်ဖိုးဖြစ်သည်။

eGFR နည်းသွားခြင်းတစ်ကြိမ်တည်းဖြင့် နာတာရှည်ကျောက်ကပ်ရောဂါဟု ချက်ချင်းမသတ်မှတ်နိုင်ပါ။ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ပြင်းထန်ဖျားနာခြင်းတို့ကြောင့် ယာယီကျဆင်းနိုင်သဖြင့် ထပ်မံစစ်ဆေးရန် လိုအပ်နိုင်သည်။

 

ဆီး Albumin-to-Creatinine Ratio (ACR)

ကျောက်ကပ်၏ စစ်ထုတ်စနစ် ပျက်စီးလာသောအခါ သွေးထဲတွင်ရှိသင့်သည့် Albumin ပရိုတင်းသည် ဆီးထဲသို့ ယိုစိမ့်လာနိုင်သည်။

ဆီး ACR စစ်ဆေးခြင်းသည် ကျောက်ကပ်ထိခိုက်မှုကို အစောပိုင်းတွင် သိရှိနိုင်သည့် အရေးကြီးသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ ဆီးချိုနှင့် သွေးတိုးရှိသူများတွင် အထူးအသုံးဝင်သည်။

ဆီးအပြည့်အစုံစစ်ဆေးခြင်း

ဆီးထဲတွင်

  • ပရိုတင်း
  • သွေး
  • သွေးဖြူဥ
  • သကြား
  • ပိုးဝင်ခြင်းလက္ခဏာ
  • Crystal များ

ရှိမရှိ စစ်ဆေးနိုင်သည်

 

Ultrasound

Ultrasound ဖြင့်

  • ကျောက်ကပ်အရွယ်အစား
  • ကျောက်ကပ်ကျောက်
  • ဆီးလမ်းကြောင်းပိတ်ဆို့မှု
  • ကျောက်ကပ်ဖောင်းခြင်း
  • အိတ်ဖု
  • အကျိတ်နှင့် အခြားဖွဲ့စည်းပုံပြောင်းလဲမှုများ

ကို စစ်ဆေးနိုင်သည်။

လူနာတိုင်းတွင် စစ်ဆေးမှုအားလုံး လိုအပ်သည်မဟုတ်ပါ။ ရောဂါရာဇဝင်နှင့် လက်ရှိအခြေအနေပေါ် မူတည်၍ ဆရာဝန်က သင့်တော်သော စစ်ဆေးမှုကို ရွေးချယ်ပေးမည်။

ကျောက်ကပ်ကျန်းမာရေးအတွက် လိုက်နာသင့်သော အချက်များ

ကျောက်ကပ်ကို ကာကွယ်ရန် အောက်ပါနေ့စဉ်အလေ့အကျင့်များကို လိုက်နာသင့်သည်။\

ဆားလျှော့စားပါ

ငါးပိ၊ ငံပြာရည်၊ ဆားနယ်စာ၊ အသင့်စားနှင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများကို လျှော့စားပါ။ ဟင်းကို မမြည်းမီ ထပ်ဆားမထည့်ပါနှင့်။

 

သွေးပေါင်ကို ပုံမှန်တိုင်းပါ

သွေးတိုးရှိပါက ဆေးကို ပုံမှန်သောက်ပြီး ကိုယ့်သဘောဖြင့် မရပ်ပါနှင့်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပါ

ဆီးချိုရှိသူများသည် အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ဆေးဝါးတို့ကို ပေါင်းစပ်ထိန်းချုပ်သင့်သည်။

အကိုက်အခဲပျောက်ဆေးကို မဆင်မခြင်မသောက်ပါနှင့်

ရက်ရှည်နာကျင်မှုရှိပါက အကြောင်းရင်းကို စစ်ဆေးကုသပါ။

ရေဓာတ်မခန်းခြောက်အောင် သင့်တင့်စွာ ရေသောက်ပါ

ပူပြင်းသောရာသီ၊ လေ့ကျင့်ခန်းလုပ်ချိန်၊ ဖျားနာချိန်နှင့် ဝမ်းလျှောအန်ချိန်များတွင် ရေဓာတ်ဖြည့်ပါ။ ရေကန့်သတ်ထားသူများသည် ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာရမည်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဖြတ်ခြင်းသည် ကျောက်ကပ်၊ နှလုံး၊ အဆုတ်နှင့် သွေးကြောကျန်းမာရေးအတွက် အကျိုးရှိသည်။

အရက်ကို ရှောင်ကြဉ်ပါ

အရက်သောက်နေသူများသည် လျှော့ချခြင်း သို့မဟုတ် ရပ်တန့်ခြင်းက ပိုမိုကောင်းမွန်သည်။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ

တစ်ပတ်လျှင် စုစုပေါင်း အနည်းဆုံး ၁၅၀ မိနစ်ခန့် အသင့်အတင့် လေ့ကျင့်ခန်းပြုလုပ်ရန် ရည်မှန်းနိုင်သည်။

ကိုယ်အလေးချိန်ကို ထိန်းပါ

အမြန်ဝိတ်ချဆေးနှင့် ပါဝင်ပစ္စည်းမရှင်းသော ဖြည့်စွက်ပစ္စည်းများကို မသုံးဘဲ အစားအသောက်နှင့် လေ့ကျင့်ခန်းဖြင့် တဖြည်းဖြည်း ထိန်းသိမ်းသင့်သည်။

အန္တရာယ်ရှိပါက ပုံမှန်စစ်ဆေးပါ

သွေး Creatinine၊ eGFR နှင့် ဆီး Albumin စစ်ဆေးမှုတို့ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြုလုပ်ပါ။

လူအများအကြား တွေ့ရသော မှားယွင်းသည့် အယူအဆများ

ဆီးများများသွားရင် ကျောက်ကပ်ကောင်းတယ်”

မမှန်ပါ။ ဆီးချို၊ ဆီးဆေးသောက်ခြင်းနှင့် အခြားအခြေအနေများကြောင့် ဆီးများနိုင်သည်။ ကျောက်ကပ်လုပ်ငန်းကျဆင်းနေသူအချို့တွင်လည်း ဆီးထွက်နေဆဲဖြစ်နိုင်သည်။

ရေများများသောက်လေလေ ကျောက်ကပ်ပိုကောင်းလေလေ”

လူတိုင်းအတွက် မမှန်ပါ။ ရေဓာတ်မခန်းခြောက်အောင် သောက်သင့်သော်လည်း အလွန်အကျွံသောက်ရန် မလိုပါ။ နှလုံးအားနည်းသူနှင့် အဆင့်မြင့်ကျောက်ကပ်ရောဂါရှိသူများတွင် အန္တရာယ်ရှိနိုင်သည်။

 

 

“Creatinine ပုံမှန်ဆိုရင် ကျောက်ကပ်လုံးဝကောင်းတယ်”

အမြဲမမှန်ပါ။ အစောပိုင်းကျောက်ကပ်ရောဂါတွင် Creatinine ပုံမှန်နီးပါးရှိသော်လည်း ဆီးထဲတွင် Albumin ယိုစိမ့်နေနိုင်သည်။

ဆီးထွက်နေသေးရင် ကျောက်ကပ်မပျက်နိုင်ဘူး”

မမှန်ပါ။ ကျောက်ကပ်လုပ်ငန်း အတော်အတန်ကျဆင်းနေသော်လည်း ဆီးဆက်လက်ထွက်နေနိုင်သည်။

ကျောက်ကပ်သန့်စင်ဖျော်ရည် သောက်ရင် ကျောက်ကပ်ကောင်းမယ်”

ကျောက်ကပ်ကို ဆေးကြောသန့်စင်ပေးသည်ဟု ကြော်ငြာထားသော ဖျော်ရည်နှင့် ဖြည့်စွက်ပစ္စည်းအများစုအတွက် ခိုင်လုံသော သိပ္ပံအထောက်အထား မရှိနိုင်ပါ။ အချို့က ရေဓာတ်နှင့် ဆားဓာတ်မညီမျှမှုကို ဖြစ်စေနိုင်သည်။

 ကျောက်ကပ်ရောဂါသည် ရုတ်တရက်တစ်နေ့တည်းဖြင့် ဖြစ်ပေါ်လာခြင်းထက် နေ့စဉ်ပြုလုပ်နေသော မသင့်တော်သည့် အလေ့အကျင့်များနှင့် နာတာရှည်ရောဂါများကို မထိန်းချုပ်ခြင်းကြောင့် နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်သည်။

နေ့တိုင်းစားသုံးနေသော အစားအစာ၊ သောက်နေသော အရည်၊ သုံးစွဲနေသောဆေးဝါး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် မိမိ၏ ဆီးချို၊ သွေးတိုးတို့ကို ထိန်းချုပ်ပုံသည် အနာဂတ်ကျောက်ကပ်ကျန်းမာရေးကို အဆုံးအဖြတ်ပေးနိုင်သည်။

ကျောက်ကပ်ကို ကာကွယ်ရန် ဈေးကြီးသော အားဆေးတစ်မျိုး လိုအပ်သည်မဟုတ်ပါ။ ဆားလျှော့စားခြင်း၊ သွေးပေါင်နှင့် သွေးချိုကို ထိန်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အကိုက်အခဲပျောက်ဆေးကို မဆင်မခြင်မသောက်ခြင်း၊ ရေဓာတ်မခန်းခြောက်အောင် နေခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းနှင့် အန္တရာယ်ရှိသူများတွင် သွေးနှင့်ဆီး ပုံမှန်စစ်ဆေးခြင်းတို့က အရေးကြီးဆုံးဖြစ်သည်။

နာတာရှည်ကျောက်ကပ်ရောဂါသည် အစောပိုင်းတွင် အသံတိတ်နေနိုင်သော်လည်း စောစီးစွာရှာဖွေတွေ့ရှိပါက ရောဂါဆိုးရွားလာမှုကို ထိန်းချုပ်ရန် အခွင့်အရေးရှိသည်။

ကျောက်ကပ်ကို ကာကွယ်ခြင်းသည် ရောဂါဖြစ်လာသည့်နေ့မှ စတင်ရမည့်အရာ မဟုတ်ပါ။ နေ့စဉ်ပြုလုပ်နေသော ကျန်းမာသည့်ရွေးချယ်မှုများမှ ယနေ့ပင် စတင်ရမည့်အရာဖြစ်သည်။

ကိုးကားစာရင်း

  1. World Health Organization. Kidney disease and prevention of noncommunicable diseases.
  2. World Health Organization. Guideline on sodium intake for adults.
  3. Kidney Disease: Improving Global Outcomes—KDIGO. Clinical Practice Guideline for the Evaluation and Management of Chronic Kidney Disease.
  4. National Institute of Diabetes and Digestive and Kidney Diseases—NIDDK. Chronic Kidney Disease.
  5. National Kidney Foundation. Kidney Disease Prevention and Kidney Health Guidance.
  6. National Kidney Foundation. Healthy Hydration and Your Kidneys.
  7. National Kidney Foundation. Smoking and Kidney Health.

မှတ်ချက်။ ဤဆောင်းပါးသည် အများပြည်သူကျန်းမာရေးပညာပေးရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်ပြီး လူနာတစ်ဦးချင်းစီအတွက် ဆရာဝန်၏ စစ်ဆေးကုသမှုကို အစားထိုးခြင်းမဟုတ်ပါ။ ကျောက်ကပ်ရောဂါနှင့် သက်ဆိုင်နိုင်သော လက္ခဏာများရှိပါက နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ဆရာဝန်ထံ သွားရောက်စစ်ဆေးသင့်ပါသည်။

 

 

ကလောင်အမည် –           မန္တလာ ဆရာမျိုး

အမည်အရင်း       –           ပါမောက္ခဒေါက်တာမျိုးသက်တင်

ပါမောက္ခချုပ်

ဆေးတက္ကသိုလ်(မန္တလေး)

 

 

Related posts

Leave a Comment

VOM News

FREE
VIEW