နှစ်ကာလကြာ ဘုရားဖူးမလာတဲ့ ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေစေတီမှာ ဝါဆိုလပြည့်နေ့ပြန်လည်စည်ကားလာ

မုံရွာ ဇူလိုင်-၂၉-၂၀၂၆
MW(VOM )
ဘုရားဖူးမလာတာ နှစ်ကာလကြာပြီဖြစ်တဲ့ မုံရွာမြို့တောင်ဖက်က ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကို ဒုတိယဝါဆိုလပြည့်နေ့မှာ ဘုရားဖူးအမြောက်အများလာရောက်ဖူးမြှော်ကြတာ တွေ့ရပါတယ်။
“မုံရွာကနေ ဘုရားလာဖူးကြတာပါ။ မလာတာတော်တော်ကြာပြီ။ ဘုရားကြီးကို ဖူးချင်နေတာကြာပေမယ့် နိုင်ငံရေးအခြေအနေကြောင့် မလာရဲလို့မဖူးရတာပါ။ တန်ဆောင်မုန်းလပြည့်မှာကျင်းပတဲ့ စေတီတော်ဘုရားပွဲကိုမရောက်တာလည်းကြာလှပါပြီ။ အခုဒီမနက် သွားဖူးဖြစ်အောင်ဖူးမယ်ဆိုပြီး မနေ့ကတည်းကလမ်းကြော အခြေအနေလေ့လာပြီး လာဖူးကြတာပါ။ ကျမတို့အနေနဲ့ ဘုရားကြီးကိုလာဖူးကြပါလို့ မဖိတ်ခေါ်ရဲသေးသလို မလာနဲ့လို့လဲမပြောရဲပါဘူး။”လို့ မုံရွာဒေသခံဘုရားဖူးတဦးကပြောပါတယ်။
မုံရွာမြို့နဲ့ ၅မိုင်လောက်သာဝေးတဲ့ မိုးညှင်းသမ္ဗုဒ္ဓေနဲ့ အရှေ့ဖက်နားမှာရှိတဲ့ ဗောဓိတထောင်သာသနာမြေများဟာ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အားပြိုင်တဲ့ နေရာဖြစ်လာတာကြောင့် လမ်းအသုံးပြုသူဒေသခံတွေနဲ့ မြန်မာနိုင်ငံအနှံ့နဲ့ ကမ္ဘာ့နေရာအနှံ့က ဘုရားဖူးတွေ မလာရောက်ကြတော့ဘဲ တိတ်ဆိတ်ခြောက်နေတဲ့ နေရာအဖြစ် ရောက်နေတာဟာ ကာလကြာပြီဖြစ်ပါတယ်။
ကျွဲကူးရေပါ ဖြစ်စဉ်တွေကြောင့် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခဲ့ရပြီးနောက်ပိုင်းမှာ အကျိုးဆက်အနေနဲ့ မိုးညှင်းသမ္ဗုဒ္ဓေနဲ့ ဗောဓိတထောင် ဒေသ ခရီးသွားလုပ်ငန်းကို အဓိကမှီခိုလုပ်ကိုင်နေကြတဲ့ ဒေသခံတွေရဲ့ ဘဝရပ်တည်ရေးမှာ တိုက်ရိုက် သက်ရောက်မှုတွေ ရှိလာပါတယ်။
ဘုရားဖူး ခရီးသွားဧည့်သည်တွေကို အမှီပြုရုန်းကန်လှုပ်ရှားနေကြရတဲ့ ပန်းရောင်းသူ၊ အမှတ်တရပစ္စည်းရောင်းသူ၊ စားသောက်ကုန်ရောင်းသူ၊ဓာတ်ပုံလုပ်ငန်းလုပ်သူ၊ ဒေသခံလမ်းညွှန် စတဲ့ ဘဝအထွေထွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
“စျေးမရောင်းရလို့ ဆိုင်မရှိတော့တာကြာပြီ။ ရှိတဲ့ပစ္စည်းလက်ကျန်လေးဖြည်းဖြည်းချင်းရောင်းရင်း နောက်ဆုံးလုံးဝမရောင်းရတော့ ဆိုင်နားလိုက်ရတယ်။ အခုပြန်ရောင်းမယ်လုပ်တော့ အရင်းအနှီးကမတတ်နိုင်တော့ဘူး။
အမျိုးတယောက်ရောင်းတဲ့ဆိုင် လိုက်ကူနေရတာပါ။ ရှေ့ဆက်ဘယ်လိုစခန်းသွားရမယ်မသိသေးဘူး။ ဘဝတူတစ်ယောက်ကတော့ သင်္ကန်းဝတ်သွားပြီ”လို့ စျေးသည်တယောက်ကပြောပြပါတယ်။

မိုးညှင်းသမ္ဗုဒ္ဓေ စေတီကို ဒုတိယဝါဆိုလပြည့်နေ့က မုံရွာမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကနေ ဆိုင်ကယ်၊ကား၊ ဆိုင်ကယ်၊ဆိုက်တွဲ၊ မြင်း
လှည်း၊စက်ဘီးတွေနဲ့ ဘုရားဖူးလာရောက်ကြတာ ဖြစ်ပြီး မုံရွာမြို့ပေါ်ကနေ အငှားသုံးဘီးယာဥ်(အိုးဝေ)တွေ အငှားလိုက်ကြရပါတယ်။
“မုံရွာကနေ မိုးညှင်းသမ္ဗုဒ္ဓေဆိုရင် တစီးလုံး အသွားအပြန် ၅၀၀၀၀ ယူပါတယ်။ မုံရွာကနေ ဗောဓိတထောင် အသွားအပြန် ၇၀၀၀၀ ယူပါတယ်။ မနက်ပိုင်းတကြောင်း နေ့လည်တကြောင်းလိုက်ရတယ်။” လို့ အိုးဝေသမားကပြောပါတယ်။
မိုးညှင်းသမ္ဗုဒ္ဓေစေတီ တည်ဆောက်ရာမှာ မိုးညှင်းဆရာတော်ကြီးဟာ အင်ဂျင်နီယာတွေရဲ့ အကူအညီ မယူဘဲ မိမိစိတ်ကူးနဲ့ဘဲ ကြံစည်ရသမျှထင်မြင်လာတဲ့အတိုင်း တိုက်ကြပ် ဘုန်းတော်ကြီး ဦးနာရဒနဲ့ ပန်းရန်ဆရာဟန်ကြီးတို့ကို ဘယ်သို့ ဘယ်ပုံ ဘယ်နည်း စတဲ့ နည်းလမ်း စနစ်ပုံစံတွေကို စာနဲ့ တစ်ဖုံ၊ နှုတ်နဲ့ တစ်မျိုး၊ ရှင်းလင်းပြသ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
“အခါတိုင်းရက်တွေက ဘုရားဖူးလာတာမရှိဘူး။ ဘုရားဖူးမလာတာကြာပြီ။ ဝါဆိုလပြည့်နေ့ မနက်အစောပိုင်းကတည်းက ဘုရားဖူးတွေ လာနေကြတာပါ။ နေ့လယ်ပိုင်းပိုများတယ်ဗျ။ စျေးသယ်တွေလည်း အခုဝါဆိုလပြည့်မှရောင်းကြရတာပါ။ အခါတိုင်းရက်တွေက မရောင်းရတော့ဆိုင်ပိတ်ထားတာကြာကြပါပြီ”လို့ ​စေတီအနီးနေထိုင်သူကပြောပါတယ်။
သမ္ဗုဒ္ဓေစေတီတော်ကြီးကို မိုးညှင်းဆရာတော်ဘုရားကြီးဟာ သက္ကရာဇ် ၁၃ဝ၁ ခုနှစ်ဝါဆိုလဆန်း ၅ ရက်နေ့က စတင်ပြီး မုံရွာမြို့နယ် မြေနဲ၊ အောင်သာ၊ ဆည်ကြီးတော၊ မင်းရွာတို့အလယ်မှာရှိတဲ့ ၃၇ ဧကကျယ်ဝန်းတဲ့ မိုးညှင်းတောရတိုက်ကြီးထဲ တည်ဆောက်လာခဲ့ရာ ၁၃၁၄ ခုနှစ်တပေါင်းလဆုတ် ၃ ရက်နေ့မှာ လုံးဝပြီးစီးအောင်မြင်ခဲ့တာပါ။

Related posts

Leave a Comment

VOM News

FREE
VIEW