BGF ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်

ဇူလိုင် ၂၉ ၊၂၀၂၆
GG (VOM)
ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒုဗိုလ်မှူးကြီး စောမုတ်သုန် (Saw Eh Mote Tone)ကို လူကုန်ကူးမှု ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ် ။
ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ရဲ့ လျှောက်ထားချက်အရ ထိုင်းရာဇဝတ်တရားရုံးက ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်ကို ဇူလိုင် ၂၇ ရက်နေ့စွဲနဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း လူမှုကွန်ယက်မှာ ဖမ်းဝရမ်းထုတ်ထားတဲ့ အမိန့်စာရွက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဒုဗိုလ်မှူးကြီး စောမုတ်သုန်ဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဖွဲ့ကာ လူကုန်ကူးမှု ကျူးလွန်ခြင်း၊ လူကုန်ကူးခံရသူတွေ ကို တရားမဝင်နည်းနဲ့ မြဝတီဘက်ကို ခေါ်ဆောင်လာခြင်း ၊ လက်ခံထားခြင်း ၊ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်စေခဲ့ခြင်း တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တယ်တဲ့အတွက် ဖမ်းဝရမ်းထုတ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
” ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းကတော့ ဟိုးလေးတကျော်ကျော်ကို ဖြစ်ပေါ့။ အကုန်သိနေပြီ။ စောမုတ်သုန်ကတော့ အရင်ရက်တွေထဲက မြို့ထဲလည်းသွားလာ နေတာပဲ ။ လူမှုရေးရော ဘာသာရေးရော လိုက်လုပ်နေတယ်။ သူက အစိုးရနဲ့ ပူးပေါင်းထားတာဆိုတော့ မြို့ထဲဝင်ခွင့်ရှိတယ်။ သွားလာလို့ရတယ်လေ ။ ကျားဖြန့်လုပ်မလုပ်ဆိုတာတော့ အတိအကျ မသိပါဘူး ။ တကယ်လုပ်တာမှန်တယ်ဆိုရင် ထိုင်းအစိုးရအနေနဲ့ ဖမ်းရဖို့ မခက်ပါဘူး ။ စောမုတ်သုန်က မြဝတီမှာပဲ အခြေစိုက်တာ ။ ထိုင်းဘက်လည်းသွားနေတာပဲလေ ။ ” လို့ မြဝတီ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ဗိုလ်မှူးကြီး စောမုတ်သုန်ကို ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် နှိမ်နင်းရေးဥပဒေ B.E. 2551၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ ကာကွယ်တားဆီးရေးဥပဒေ B.E. 2556 တို့အပြင်ရာဇဝတ်ကျင့်ထုံးဥပဒေများအရ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူအဖြစ် တရားရုံးထုတ်ပြန်စာထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက မြဝတီ အပါအဝင အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား၊ ယူအေအီးနိုင်ငံ ဒူဘိုင်း၊ ထိုင်းနိုင်ငံရှိ စမုတ်ပရာကန်၊ ဘန်ကောက်၊ တာ့ခ်ခရိုင်တို့ရှိ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမှာလည်း ဗိုလ်မှူး စောမုတ်သုန်က ပါဝင်ပတ်သက်နေကြောင်း DSI ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံဖြတ်ကျော် ကျားဖြန့်ရာဇဝတ်ဂိုဏ်းများနှင့် အဓိကကြိုးကိုင်သူတွေ ကို အမြစ်ပြတ် နှိမ်နင်းရန်အတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ် နဲ့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့အကြား သဘောတူညီမှုရှိထားတယ်လို့လည်း သိရပါတယ် ။
ဒါကြောင့် ဗိုလ်မှူးကြီး စောမုတ်သုန်ကို ကျားဖြန့်လုပ်ငန်းမှာ ပူးပေါင်းပါဝင်တယ်ဆိုပြီး ဖမ်းဝရမ်းထုတ်ပြန်လိုက်တာ ဖြစ်နိုင်တယ် ဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း မြဝတီမြို့နယ်ထဲက လူကုန်ကူးမှု၊ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ ဗိုလ်မှူးကြီး စောတင်ဝင်း နဲ့ ဗိုလ်မှူးကြီး စောမုတ်သုန် တို့သုံးယောက်ကို ထိုင်းအစိုးရက ဖမ်းဆီးဖို့စီစဥ်ခဲ့ဘူးတယ်လို့ သိရပါတယ်။
BGF ဘက်ကတော့ ၂၀၂၅ ခုနှစ်တုန်းက ထိုင်းအစိုးရရဲ့ စွပ်စွဲချက်အပေါ် မမှန်ကြောင်း ၊ BGF အနေနဲ့ ကျားဖြန့်တွေမှာ မပါဝင်ဘူးဆိုပြီး ပြန်လည်ငြင်းဆိုခဲ့တာတွေ့ရပါတယ်။
အဲဒီနောက် နိုဝင်ဘာလမှာ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ရွှေကုက္ကိုလ် အပါအဝင် ထိုင်း-မြန်မာ နယ်စပ်လျှောက်မှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ငန်းတွေကို အထူးစစ်ဆင်ရေး တရပ်အဖြစ် အပြီးတိုင် နှိမ်နှင်းသွားမယ်ဆိုပြီး ပြောဆိုမှုရှိခဲ့ပါတယ်။
Justice For Myanmar ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာတော့ BGF ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ ဒေသတွင်းရှိ မြေကွက်တွေကို ထိန်းချုပ်ခြင်း၊ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြံမြေ စီမံကိန်းမှာ ပါဝင်ခြင်း၊ အခွန်ကောက်ခံခြင်း၊ ကျားဖြန့်လုပ်ငန်းခွင်များကို လုံခြုံရေး ပေးခြင်း၊ မှောင်ခိုကူးခြင်းနှင့် လူကုန်ကူးခြင်းတို့မှတဆင့် ဝင်ငွေ ကြီးကြီးမားမား ရနေကြောင်း ရေးသား ဖော်ပြမှုရှိထားပါတယ်။
လက်ရှိမှာတော့ အစိုးရကဦးဆောင်ပြီး မြဝတီမြို့နယ်ထဲမှာရှိတဲ့ ရွှေကုက္ကိုလ် ၊ ကျောက်ခက် အပါအဝင် ကျားဖြန့်ဂိုဏ်းတွေကို ဝင်ရောက်စီးနင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေကို ဖမ်းဆီးပြီး အဆောက်အဦတွေကို ဖြိုချမှု ဆက်တိုက်ပြုလုပ်နေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW