တန့်ယန်း-ဇူလိုင်-၃၀-၂၀၂၆
CM(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တခြားမြို့တွေထက်ကုန်စျေးနှုန်းအဆမတန်မြင့်မားတယ်လို့နာမည်ကြီးနေတဲ့ တန့်ယန်းမြို့နယ်မှာ စစ်ရှောင်တွေ ပြန်ကုန်တာနဲ့ ကျားဖျန့်ရုံတွေ ဖမ်းဆီးပြီးနောက်ပိုင်း မြို့တွင်းမှာ ခြောက်ကပ်နေပြီး စီးပွါးရေးလုပ်ငန်းတွေလည်း သိသိသာကျဆင်းလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်တွေက ကျားဖျန့်ရုံတွေ တဖြေးဖြေးများလာတာနဲ့အမျှ မြို့တွင်းက စားသောက်ဆိုင်တွေ၊ ဘားတွေ၊ KTVတွေ၊ တခြားလူသုံးကုန်နဲ့ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းတွေ၊ အလှအပရေးရာနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေအရောင်းအဝယ်နဲ့ဆိုင်ခန်းငှာရမ်းမှုတွေ၊ ငွေကြေးလဲလှယ်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်တွေ ခရီးသွားဝန်ဆောင်မှုကားဂိတ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ကားဝပ်ရှော့တွေနဲ့ တခြားရောင်းဝယ်ဖေါက်ကားမှု အတော်များများအလုပ်ဖြစ်ကြတာပေါ့ ပြီးခဲ့တဲ့နှစ်တွေကဖြစ်ပွါးခဲ့တဲ့စစ်ပွဲတွေကြောင့်စစ်ရှောင်တဲ့သူတွေရောလာနေကြတာများလို့ တန့်ယန်းမြို့အတွင်းတော်တော်စည်ကားခဲ့တယ်။ ဒီနှစ်အတွင်းမှာတော့ ကျားဖျန့်ရုံတွေလည်းအကုန်ဖမ်းကြ၊ စစ်ရှောင်တွေလည်းနေရပ်ပြန်ကုန်ကြပြီဆိုတော့ မြို့ကတော်တော်လေးကို ခြောက်ကပ်သွားတယ်”လို့ ဗိုလ်ချုပ်လမ်းမကြီးဘေးမှာနေထိုင်တဲ့လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လူစည်ကားချိန်မှာ အပြိုင်အဆိုင်ထဖွင့်ကြတဲ့ ဘားတွေနဲ့ စားသောက်ဆိုင်အချို့ အရှုံးပေါ်ပိတ်သိမ်းရတာတွေများပြားပြီး လူစည်ကားချိန်မှာအခန်းလွတ်မရှိခဲ့တဲ့ရပ်ကွက်အတွင်းက အငှါးအိမ်ခန်းတွေ၊ဆိုင်ခန်းတွေပါငှါးရမ်းသူအလွန်နည်းပါးသွားပြီလို့သိရပါတယ်။
“ပြီးခဲ့တဲ့နှစ်က ဆယ်ပေ ဆယ့်ငါးပေ အခန်းတစခန်းကို တလလေးငါးဆယ်သိန်းနဲ့ အလုအယက်ငှါးရမ်းနေထိုင်ကြပေမယ့် အခုဆိုရင်တလနှစ်သိန်းတောင်ငှါးမယ့်သူမရှိတော့ဘူး”လို့ ရပ်ကွက်(၂)ကအိမ်ခန်းငှါးလုပ်ကိုင်သူတယောက်ကပြောပါတယ်။
“အဲ့ဒီတုန်းကကိုယ့်မြို့မှာစစ်ဖြစ်လို့ တန့်ယန်းကိုရှောင်လာခါမှ ကိုယ့်မြို့မှာမကြားဖူးတဲ့ ကုန်စျေးနှုန်းတွေကြားမှာ မနည်းရပ်တည်ခဲ့ရတယ်။ ဒီမှာအရောင်းအဝယ်လေးအလုပ်ဖြစ်တော့စျေးရောင်းရင်း စားဝတ်နေရေးကိုဖြေရှင်းနိုင်လို့တော်သေးတာပေါ့။ အခုတော့ကိုယ့်မြို့ကပြန်အေးချမ်းနေပြီဆိုတော့ကိုယ့်မြို့မှာပဲပြန်အခြေချလိုက်တော့တယ်”လို့ လားရှိုးမြို့ကနေ တန့်ယန်းမြို့မှာစစ်လာရှောင်ဖူးတဲ့ လားရှိုးဒေသခံတယောက်ကပြောပါတယ်။
တန့်ယန်းမြို့မစျေးမှာကုန်ခြောက်ရောင်းသူတယောက်ကလည်း
“လူစည်ကားချိန်မှာ ကုန်စျေးနှုန်းတွေအဆမတန်မြင့်မားပေမယ့် ရောင်းဝယ်ဖေါက်ကားမှုအဆင်ပြေကြလို့စားဝတ်နေရေးတွေလည်းအဆင်ပြေခဲ့ကြတယ်လေ အခုကျတော့ စျေးဝယ်ကပါး၊ မြင့်မားခဲ့တဲ့ကုန်စျေးနှုန်းကပြန်ကျမလာတဲ့အပြင်ပိုပိုပြီး စျေးတွေတက်၊ ကုန်စည်သယ်ယူပို့ဆောင်ရေးစီးဆင်းမှုတွေက ပိုခက်ခဲလာ၊အရောင်းအဝယ်ကမဖြစ်နေတော့ သာမန်လူလတ်တန်းစားစျေးသည်တွေအတွက် အကျဘက်ကိုဦးတည်လာတာပေါ့”လို့ပြောတယ်။
တန့်ယန်းမြို့ဆိုတာ ဆယ်စုနှစ်အတွင်းမှာမှ လူသိများစည်ကားကျယ်ပြန့်လာတဲ့မြို့ဖြစ်ပါတယ်။လားရှိုးမြို့ရဲ့အရှေ့တောင်ဘက်(၈၃)မိုင်အကွာမှာတည်ရှိပြီး မိုင်းရယ်မြို့ရဲ့အရှေ့ဘက်(၃၈)မိုင်အကွာမှာတည်ရှိတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းရှူးမြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်တဲ့အပြင် ဝအထူးဒေသ(၂)ပန်ဆန်းမြို့ကိုသွားတဲ့လမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။ အရင်ကလားရှိုးခရိုင်ထဲမှာပါဝင်ခဲ့ပေမယ့်(၂၀၂၁)ခုနှစ်နောက်ပိုင်း မိုင်းရယ်မြို့ပါဝင်တဲ့တန့်ယန်းခရိုင်မြို့အဖြစ်ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။
တန့်ယန်းမြို့မှာစက်ရုံအလုပ်ရုံစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းကြီးတွေမရှိဘူး။ ဝတပ်ဖွဲ့ပိုင်တဲ့ဟုန်ပန်းစိုက်ပျိုးရေးခြံကလွဲပြီး တခြားကြီးကြီးမားမားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလည်းမရှိပါဘူး။ အရေးပါတဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်းမဟုတ်ပါဘူး။တန့်ယန်းဒေသရဲ့ပုံမှန်သက်မွေးလုပ်ငန်းဆိုတာက တခြားနိုင်ငံတွေနဲ့ ပန်ဆန်း၊ မိုင်းလား၊ မြဝတီစတဲ့မြို့တွေမှာ ရွှေ့ပြောင်းအလုပ်ထွက်လုပ်ကြတဲ့ ဒေသခံတွေအပေါ်မှာအဓိကမူတည် လည်ပတ်ရတဲ့မြို့ဖြစ်ပါတယ်။
