ဩဂုတ် ၁ – ၂၀၂၆
SN (VOM)
ဧရာဝတီတိုင်းအတွင်းက ဓနုဖြူနဲ့ မြန်အောင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတက်လာကာ တောင်ကျရေတွေ ကျဆင်းမှုကြောင့် အောင်ဗောဓိကပ်ကျော်စေတီ ကမ်းပါးပြိုကျ ပျက်စီးခဲ့သလို စပါးခင်းဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ်၊ ရေပေါက်သောင်ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မနေ့ ဇူလိုင်လ ၃၁ ရက်၊ မနက် ၆ နာရီဝန်းကျင်က မြစ်ကမ်းပါးပြိုကျခဲ့ပြီး အောင်ဗောဓိကပ်ကျော်ဘုရားက စေတီ နှစ်ဆူနဲ့ ဗုဒ္ဓရုပ်ပွားတော် တဆူ မြစ်အတွင်းကို ပြိုကျခဲ့တယ်လို့ သိရပါတယ်။
“မြစ်ရေက တော်တော်ကို ကြမ်းခဲ့တာ။ ကမ်းပါးပြိုကျတာက အလျား ပေ ၈၀၊ အနံ ပေ ၄၀ လောက်အထိ ရှိတယ်။ ရေထဲ ပြိုကျသွားတဲ့ ဘုရားနှစ်ဆူက ဉာဏ်တော် ၉ တောင်ရှိတယ်။ ရုပ်ပွားတော်ကတော့ မတ်တတ်ဗုဒ္ဓရုပ်ပွားတော်ပါ။ အမြင့်ပေ ၁၆ ပေခွဲရှိတယ်။ ဘုရားတည်ထားတာက ရှစ်နှစ်လောက် ရှိနေပြီ။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ခန့်မှန်းခြေအရဆို ကျပ်သိန်း ၈၀၀ ဝန်းကျင်လောက် ရှိမယ်။ နေအိမ်တွေ၊ လူတွေကတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ်၊ ဆိုင်းစုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းစေတီတော်မြတ်ကြီး ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်အောင်မြို့နယ်မှာလည်း မိုးများပြီး တောင်ကျရေတွေ ကျဆင်းလာမှုကြောင့် ရွေးကုန်းကျေးရွာအုပ်စုနဲ့ ထိန်သေးကြီးကျေးရွာအုပ်စုတို့မှာ စပါးခင်းဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေသလို အဲဒီကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကုန်ထုတ်တံတားပေါ်မှာလည်း ရေ ၂ ပေကျော်အထိ မြင့်တက်နေတဲ့အတွက် သွားလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
မြန်အောင်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစပြီး မိုးဆက်တိုက် ရွာသွန်းနေတာဖြစ်ပြီး စပါးခင်းတွေ ရေနစ်မြုပ်နေတာဟာ လက်ရှိမှာ လေးရက်ခန့် ကြာမြင့်လာပြီဖြစ်ကာ ရေကြီးမှု ရက်ကြာလာပါက အပင်တွေပုပ်ပွပြီး ပျက်စီးမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဧရာဝတီတိုင်းအတွင်းက လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်မှာလည်း ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် မြို့ပေါ်နဲ့ ကျေးရွာအများအပြား ရေနစ်မြုပ်နေတယ်လို့ သိရပြီး နောက်ဆက်တွဲအဖြစ် ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ အသုတ်၊ ကျောင်းကုန်းမြို့နယ်တို့မှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ရေဘေး သတိပေးချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
“လေးမျက်နှာမှာ ဆည်ကျိုးတာက နှစ်ရက်လောက်ရှိပြီ။ ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်းကစပြီး ဖြစ်တာ။ အဲဒီကစပြီး မြို့တွေအကုန်လုံး ရေတွေဝင်ပြီးတော့ လေးမျက်နှာ၊ အိုင်သပြုအထိတောင် ရေတွေရောက်နေတယ်။ ဒေသခံတွေကတော့ ဘုန်းကြီးကျောင်းတွေ၊ ကုန်းအမြင့်ပိုင်းနေရာတွေနဲ့ အစိုးရရုံးတွေမှာ သွားပြီး နေနေရတယ်။ လေးမျက်နှာဘက်က ရေကြီးတယ်ဆို ငါးသိုင်းချောင်းဘက်လည်း ရေကြီးနိုင်တယ်။ တာတမံ တွေကို ဂရုစိုက်ပေးကြပါ။ ငါးသိုင်းချောင်း တာတမံသာကျိုးရင် ဧရာဝတီတိုင်း နေရာအကုန်လုံးလိုလို အတော်ထိခိုက်ပြီး ပျက်စီးမှာ” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
မြစ်ရေတွေဟာ လေးမျက်နှာမြို့ကနေ အိုင်သပြု၊ ခမောက်စု၊ ဒိုက်ပျက်၊ ဇရပ်လှကျေးရွာတွေကတဆင့် ငါးသိုင်းချောင်းမြို့ကို ရောက်လာနိုင်ပြီး ငါးသိုင်းချောင်းက မြို့သစ်၊ ရွှေဘို၊ တိုးချဲ့ရပ်ကွက်တွေထဲ လာမယ့် ရက်ပိုင်းအတွင်း ရေတွေ ရောက်ရှိလာနိုင်တာကြောင့် ၁၀၀ ရာခိုင်နှုန်း ကြိုတင် ပြင်ဆင်ထားကြဖို့လိုတယ်လို့ သူက ပြောပါတယ်။
“ရေကြည်၊ ကျုံပျော်ဘက်တွေလည်း မပေါ့ဆစေလိုဘူး။ အခုအချိန်က ထူးကဲမြစ်ရေနဲ့ မိုးများနိုင်တဲ့ ကာလဖြစ်တယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားစေချင်တယ်။ ရွှေ့ပြောင်းသင့်တဲ့ နေရာတွေကို ကြိုပြီး ပြောင်းထားကြစေချင်တယ်။ တာကျိုးတဲ့ ရေဘေးဆိုတာကလည်း ရက်ပိုင်းအတွင်း ပြီးမှာလည်း မဟုတ်ဘူး။ မိုးတွင်းကာလတခုလုံး ရင်ဆိုင်ရမယ့် ဒုက္ခတွေပါ” လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၁ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသလို မိုးတိမ်တောင် ဖြစ်ထွန်းမှုတွေ အားကောင်းနေတာကြောင့် ဒီကနေ့ မနက်မှ ၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်ကတော့ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို သတိပြုကြဖို့လိုသလို ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – CJ
