လေးမျက်နှာမြို့တခုလုံးရေလွှမ်းနေလို့ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေလိုအပ်နေ

ဩဂုတ် ၁ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပြီး ရေဆက်တိုးနေတဲ့အတွက် တချို့နေရာတွေမှာ လူတွေထောင်နဲ့ချီပိတ်မိ​နေလို့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် လေးမျက်နှာမြို့နယ် ရေကြီးမှုမှာ အိမ်တွေ ရေနဲ့မျောပါတဲ့အထိ ရှိလာတဲ့အပြင် နှစ်ထပ်အိမ်တွေပါ ရေမြုပ်နေတယ်လို့ သိရပါတယ်။
” ကျမတို့ အကူအညီတွေလိုအပ်နေပါတယ်။ အခု ကုန်းမြင့်တနေရာမှာ အကုန်စုနေရပါတယ်။ ကျမတို့က အခု ရေကာတာကျိုးတဲ့ မြစ်ကျိုးအင်းဘုန်းကြီးကျောင်းအရှေ့တည့်တည့် အမှတ် ၅ ရပ်ကွက်ကပါ။ အိမ်တွေတော်တော်များများလည်း မြုပ်ကုန်ပါပြီ။ ကျမတို့အိမ်ဆိုရေမြုပ်သွားပါပြီ။ နှစ်ထပ်တိုက်တွေတောင်တချို့မြုပ်ကုန်ပါပြီ။ ၁၂ တောင်လောက်မြင့်တဲ့အိမ်တွေလည်းမြုပ်နေပါပြီ။ အိမ်တွေမှာနေလို့မရတော့ပါဘူး ။ အခုကျမတို့မှာ ဘုန်းကြီး ၊ ဆရာလေးသီလရှင်တွေ ၊ လူတွေအကုန်ပေါင်းရင် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ အကူအညီတွေမရောက်သေးပါဘူး ။ ရွှေ့ပြောင်းပေးဖို့လိုအပ်နေပါတယ်။အစားအစာတွေလည်းလိုပါတယ်။ ရေကာတာကျိုးတဲ့နားဆိုတော့ အခြေအနေပိုဆိုးပါတယ်။ 09425609794 ဒီဖုန်းကို ဆက်သွယ်ကူညီပေးကြပါရှင် ။ ” လို့ အမှတ်၅ ရပ်ကွက်ကပိတ်မိနေတဲ့ ရေဘေးသင့် ပြည်သူက ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ ဇူလိုင် ၃၀ ရက်နေ့ ည ပိုင်းကစပြီး မြစ်ကျိုးအင်းနားက ငဝန်မြစ်ရေကာတာကျိုးပေါက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာဆိုရင် ရေကာတာကျိုးပေါက်တဲ့နေရာက ပေ ၁၅၀ ကနေ ၂၀၀ လောက် အထိကျယ်လာတာကြောင့် ရေစီးအားပိုသန်လာပြီး ရေဆက်တိုက်တိုးနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအတွက် လေးမျက်နှာတမြို့လုံး ရေဖုံးလွှမ်းနေသလို ကျေးရွာ အများစုမှာလည်း ရေဝင်ရောက်နစ်မြုပ်နေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလိုအပ်သလို အစားအစာ ၊ သောက်ရေသန့် ၊ ဆေးဝါး စတဲ့ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။
” အကူအညီတွေလိုနေတယ် ။ အခုက နေရာအများစုက စက်လှေသုံးပြီးပဲ သွားလို့ရတော့မှာ ။ သရက်ကန် ၊ ညောင်ပင်ဝဲ ၊ ကျောင်းစု ၊ မသဲကုန်း ရွာတွေဘက်မှာ ကယ်ဆယ်ရေးလိုအပ်နေတယ်။ သောက်သုံးရေပြတ်လပ်ပြီး အကူအညီ အရေးပေါ် လိုအပ်နေပါတယ် ။ ခုထိ အိမ်ထဲကနေထွက်မရဘဲ ပိတ်မိနေသူတွေ ရှိနေပါသေးတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်အတွင်းရေကြီးနစ်မြုပ်မှုမှာရေဆက်တိုးနေပြီး ကူညီကယ်ဆယ်ရေးတွေလိုအပ်တာကြောင့် ရန်ကုန် ၊ မန္တလေး ၊ ပဲခူး အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေပါ စုပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေကြပါတယ်။
ရေဘေးသင့် ပြည်သူတွေမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေသလို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့တွေမှာလည်း.စက်လှေမရှိတဲ့ အခက်အခဲ ၊ စက်လှေရှိပါကလည်း စက်သုံးဆီ ရရှိမှု အခက်ခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် တိုင်းဒေသကြီးအစိုးရကတော့ စက်သုံးဆီ ရရှိရေးနဲ့ ကူညီရေးလုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးအတွက် စီစဥ်နေတယ်လို့ သိရပြီး တိကျတဲ့အခြေအနေတော့ မသိရသေးပါဘူး။
ခုဆိုရင် ငဝန်မြစ်ရေက ဆက်တိုက်တိုးလာနေပြီး လေးမျက်နှာကနေ အိုင်သပြုရွာအထိ တောက်လျှောက် ရေဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားနေတဲ့အတွက် လေးမျက်နှာ – အိုင်သပြုကားလမ်းရေကျော်နေပြီး ကားတွေသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။
အိုင်သပြုရွာမှာလည်း လမ်းဘေးဝဲယာက နေအိမ်တွေအားလုံး အိမ်အောက်ထပ်ရေမြုပ်နေပြီး လမ်းနဲ့အလှမ်းဝေးတဲ့ အနိမ့်ပိုင်းက နေအိမ်တွေအများစုလည်း ရေနစ်မြုပ်နေတယ်လို့သိရပါတယ်။
” မနေ့က ညနေ ၆ နာရီလောက်အထိ ကားတွေ ဖြတ်လို့ရတယ်။ သပြုစာသင်ကျောင်းကလည်း တည်းခိုလို့ရတဲ့အခြေအနေရှိတယ်။ ည ၉ နာရီ ၁၀ နာရီလောက်ရောက်တော့ သပြုစာသင်ကျောင်း အုတ်နံရံပြိုသွားတယ်။ဒီမနက်အနေထားအရဆိုရင် အိုင်သပြုရဲ့ဆိုင်ဘုတ်နဲ့ လေးမျက်နှာသွားတဲ့နေရာရယ် ဟင်္သါတသွားတဲ့ဘက် လမ်းဆုံမှာရေစီးကြမ်းပြီးသွားလို့ မရတော့ဘူး ။လမ်းဆုံမှာကို ရေက လူရဲ့ရင်ဝလောက်ရှိနေတယ်။ ကယ်ဆယ်ရေးရွှေ့ပြောင်းပေးထားတယ်။ တာကျိုးတာက ပေ ၂၀၀ လောက်ဖြစ်နေတော့ ရေကဆက်တိုးနေဖို့ရှိတယ်။အခုတော့ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ မှာယာယီနေကြတယ်။ ” လို့ အိုင်သပြုမှာ ကူညီကယ်ဆယ်ရေးပြုလုပ်နေတဲ့ ကိုစအိုင်ထီခန့်က ပြောပါတယ်။
လက်ရှိမှာ လေးမျက်နာမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုအခြေအနေကြောင့် စာသင်ကျောင်းတွေအားလုံးလည်း ယာယီပိတ်ထားရသလို အစိုးရရုံတွေလည်းပိတ်ထားရကြောင်း ၊ ရေဘေးသင့်ပြည်သူတွေအနေနဲ့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတော့တဲ့အတွက် အစားအစာ ၊ သောက်ရေသန့် လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရေကြီးနစ်မြုပ်မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကတွေလည်း ထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံး မှုဖြစ်ပွားနိုင်သလို နေအိမ်ရှိ ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံး မှုဖြစ်ပွားနိုင်တာ ကြောင့် ထိခိုက်ဆုံးရှုံးမှုများနိုင် တယ်လို့ သိရပါတယ်။
လက်ရှိ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ မနေ့က ဇူလိုင် ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရဆိုရင် လေးမျက်နှာမြို့နယ်မှာ ရေဘေးသင့်အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦးအား ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဆိုထားပါတယ်။
ငဝန်မြစ် ရေကာတာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ်ကွက် တွေ နဲ့ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာတွေ နဲ့ သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခြံကုန်းကျေးရွာတွေကို ရေဝင်ရောက်နေကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေး အသင်းများ/ မီးသတ်ဌာန

Related posts

Leave a Comment

VOM News

FREE
VIEW