ဝက်လက်မြို့ကို ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီး ပိတ်ဆို့ထားလို့ ဒေသခံတွေ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရ

စစ်ကိုင်း၊ သြဂုတ်- ၁ – ၂၀၂၆
SA(VOM)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ မြို့ခံသူဋ္ဌေးတွေ ပူးပေါင်းပြီးတော့ ဝက်လက်မြို့ရဲ့ အဝင်အထွက်ဂိတ်တွေကို မိုင်းထောင်ပိတ်ဆို့ထားကာ အသွားအလာကန့်သတ်ထားလို့ ဒေသခံတွေအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။
ဝက်လက်မြို့ရဲ့ အဝင်အထွက် လမ်းတွေကို တိုက်ပွဲဖြစ်ပွါးတာမရှိပဲ ဒေသတွင်းလက်နက်ကိုင်တွေက မိုင်းထောင်ပိတ်ဆို့ထားတာ 4-5-2026 ကနေ ဒီနေ့အချိန်ထိ ၃ လခန့်ကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတဦးက VOM ကို ပေးပို့ အကြောင်းကြားထားပါတယ်။
” ပြောရမယ်ဆိုရင် ဝက်လက်မြို့မှာ သူဋ္ဌေးတွေရှိတယ် သူတို့နဲ့ ဒေသတွင်းလက် နက်ကိုင်တွေ ပူးပေါင်းပြီး အသွားအလာကန့်သတ်ပြီး နှစ်ရက်ခြားတခါ၊ ဒါမှမဟုတ် တခါတလေမှ လှတော ကို စျေးလာဝယ်ကြတယ်၊ သူဋ္ဌေးတွေပေါ့၊ သူဋ္ဌေးတွေက ကုန်ပစ္စည်းတွေဝယ်လှောင်ပြီး ရောင်းကြတော့ စျေးကြီးနေတာ၊ ဒါက ကြာပါပြီ ၂၀၂၃ လောက်ကတည်းကပါ” လို့ ဝက်လက်မြို့အနီးတဝိုက်မှာ နေထိုင်တဲ့ ဒေသခံတဦးက VOM ကိုပြောပါတယ်။
စားသောက်ကုန် ၊လူသုံးကုန် ၊စက်သုံးဆီ၊ ဆေးဝါးတွေလည်း ပြတ်နေပြီး ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပြည်သူများခါးစည်းခံနေရကာ ဆားတပိဿာ ၂၀၀၀၀ကျပ် ကြက်ဥတလုံး ၁၇၀၀ ၊ ခရမ်းချဥ်သီးတလုံး ၁၀၀၀ ကျပ်ဖြစ်နေတယ် လို့လည်း သိရပါတယ်။
ဝက်လက်မြို့ပတ်ဝန်းကျင်းကို ဒေသတွင်းလက်နက်ကိုင်တွေက ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်အခက်အခဲ၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဆေးဝါးကုသမှုအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။
ဝက်လက်မြို့ဟာ ရွှေဘို- မန္တလေး လမ်းရဲ့ အရှေ့ဘက် ၇မိုင်အကွာမှာ ရှိပြီး ရွှေဘို – မန်းလမ်းနှင့် ဆက်သွယ်တဲ့ လမ်းနှစ်ခုအနက် ဝက်လက်-ရွာသာကြီးလမ်းကို ၂၀၂၂ စက်တင်ဘာမှာ လည်းကောင်း ဝက်လက်-လှတောလမ်းကို ၂၀၂၃ နှစ်ဦးမှာဒေသတွင်းလက်နက်ကိုင်တွေက ပိတ်ဆို့ထားပြီး အသွားအလာကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ နှစ်ဆန်းကစပြီး ဝက်လက်မြို့ရဲ့ မြို့အဝင်အထွက် လေးဘက်လေးတန်က လမ်းများကို မိုင်းထောင်ပြီး ပိတ်ဆို့ထားတယ်လို့လည်းပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW