သံတွဲမှာ လေကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့် တပတ်အတွင်း ရှစ်ယောက်သေပြီး ၃၁ ယောက်ထက်မနည်းဒဏ်ရာရ

ဇူလိုင် ၃၁ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေရာ ဇူလိုင် ၃၁ ရက်နေ့ ၊ ညနေပိုင်းကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး လူလေးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
လေကြောင်းတိုက်ခိုက်မှုဟာ မနေ့ ညနေ ၃ နာရီလောက်ကဖြစ်ပြီး ရွှေလှေကျေးရွာနားကိုကျရောက်ပေါက်ကွဲကာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် နေအိမ်သုံးလုံး ၊ကားနှစ်စီးလည်း ပျက်စီးမှုရှိခဲ့ပါတယ်။
” လေးယောက်သေတယ် ။နှစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေလည်း ပြင်းထန်တယ်လို့သိရတယ် ။ ကျန်တဲ့ အခြေအနေတော့မသိရသေးဘူး။ သံတွဲကတော့ အရင်ရက်တွေကတည်းက လေကြောင်းကြဲခံနေရတာ ။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး AA ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပါဘူး ။ သံတွဲမြို့နယ်ကတော့ AA ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ လင်းမူးတောင်ကျေးရွာထိပ်ရှိ ထန်းတောအနီးကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။
ဇူလိုင် ၂၄ ရက်ကလည်း သံတွဲမြို့ အမှတ် (၇) ရပ်ကွက် နဲ့ ရောင်ခြည်ဦးရွာအနီးမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူနှစ်ယောက်သေဆုံးကာ ၁၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။
ဇူလိုင် ၂၃ ရက် ညပိုင်းမှ ဇူလိုင် ၂၄ ရက် နံနက်အစောပိုင်းအထိလည်း သံတွဲမြို့ အမှတ် (၇) ရပ်ကွက် နဲ့ ရေကောက်ရပ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ ဇူလိုင် ၂၃ ရက်မှာပဲ သံတွဲမြို့နယ် ၊ ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးမှုရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာတော့ သံတွဲမြို့နယ်အပါအဝင် သံတြဲ၊ ငပလီ၊ မအီ၊ တောင်ကုတ်၊ ဂွ ၊ ကျိန္တလီ၊ ပုဏ္ဏားကျွန်း အစရှိတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်ကနေ ၂၄ ရက်နေ့အထိ အတွင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့ပြီး ၆၅ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေဆီက ရရှိတဲ့ သတင်း အချက်အလက်တွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု၊ မိုင်းပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားတဲ့ စစ်တမ်းမှာတော့ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လတာကာလအတွင်းမှာ သေဆုံးသူ ၈၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၈၇ ယောက် ရှိခဲ့ပါတယ်။
ဒါအပြင် လူနေအိမ် ၂၂၉ လုံး၊ ဆိုင်ခန်း ၈၃ ခန်း၊ တံတား တစင်း၊ ကျန်းမာရေးဌာန တခု၊ ဘာသာရေးအဆောက် အအုံ ရှစ်ခုနဲ့ ပညာရေးကျောင်းဆောင် လေးဆောင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။
အစိုးရတပ် ပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW