စစ်ကိုင်းတိုင်းနဲ့ ရှမ်း (မြောက်) ရေဘေး သေဆုံးသူ ၁၀ ယောက်အထိ ရှိလာ

ဩဂုတ် ၈ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်‌ (မြောက်ပိုင်း) ရေကြီးမှုအတွင်း ရေစီးနဲ့ မျောပါသေဆုံးသူ ၁၀ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့၊ ညပိုင်းကစပြီး မိုးသည်းထန်ခဲ့တာကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံ ရေပြည့်မှတ်အနီး ရောက်ရှိလာတဲ့အတွက် ဩဂုတ် ၅ ရက်နေ့နဲ့ ‌၆ ရက်နေ့တွေမှာ ဆည်ရေ သုံးကြိမ် လွှတ်ချခဲ့ပါတယ်။
ဒါကြောင့် မူးမြစ်ရေလျှံတက်လာကာ မြစ်ကြောင်းတလျှောက်က ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ အရာတော်၊ ရေဦး၊ ကောလင်းနဲ့ ကျွန်းလှမြို့နယ်တွေအတွင်း ရေကြီးနေပြီး ရေစီးနဲ့မျောပါ သေဆုံးသူ ရှစ်ယောက်အထိ ရှိလာနေပြီလို့ သိရပါတယ်။
မနေ့ ဩဂုတ် ၇ ရက်၊ မနက်ပိုင်းက အသက် ၂ နှစ်အရွယ် ယောင်္ကျားလေး တယောက်နဲ့ အသက် ၅၀ ကျော် အမျိုးသား တယောက်တို့ဟာ သူတို့နေအိမ်တွေမှာရှိနေချိန် ရေစီးကြမ်းတာကြောင့် တဲအိမ်ရော၊ လူပါ ရေစီးနဲ့အတူ မျောပါသွားတယ်လို့ သိရပါတယ်။
“အဲဒီ နှစ်ယောက်လုံးကို ဒီနေ့မနက်အထိ ရှာမတွေ့သေးဘူး။ ရေစီးကလည်း အရှိန်တော်တော်ပါတယ်။ သူတို့နှစ်ယောက်လုံး အသက်ရှင်လျက် မရှိနိုင်တော့ဘူးလို့ ယူဆရပါတယ်။ အလောင်းတွေကိုတော့ ဆက်ပြီး ရှာနေတုန်းပါပဲ” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာမှာ ကောက်စိုက်ပြန်လာတဲ့ အမျိုးသမီး ၁၀ ယောက် ချောင်းကိုဖြတ်ကူးရာက ရေစီးနဲ့ မျောပါသွားပြီး လေးယောက်သာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကာ ခြောက်ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ကန့်ဘလူနယ် အထက်ပိုင်း‌မှာ ဒီကနေ့ မနက်ပိုင်း ရာသီဥတုအခြေအနေ ကောင်းလာပြီး ချောင်းရေတချို့ ပြန်လည် ကျဆင်းလာသလို သဖန်းဆိပ်ဆည်အတွင်း ရေဝင်နှုန်းလည်း အနည်းငယ် လျော့ကျလာကာ ကန့်ဘလူအနောက်ခြမ်း၊ တန့်ဆည်အရှေ့ခြမ်းနဲ့ ရေဦးနယ်တွေမှာလည်း ခန့်မှန်းအားဖြင့် ရေ ၁ ပေခန့် ပြန်လည် ကျဆင်းလာတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
ဒါပေမယ့်လည်း ကင်းတပ်ဆည် အောက်ဘက်ရှိ မူးမြစ်ရေကတော့ ဆက်လက် မြင့်တက်နေပြီး အောက်ဘက်ပိုင်း မြို့နယ်တွေမှာလည်း ရေတိုးနေဆဲဖြစ်တာကြောင့် ရေဘေးအခြေအနေက စိတ်မချရသေးဘူးလို့ ဆိုပါတယ်။
“စစ်ကိုင်းတိုင်း ရေဘေးက တန့်ဆည်ဘက်မှာ အဆိုးဆုံးလို့ ပြောလို့ရတယ်။ ရွာပေါင်း ၄၀ နီးပါး ရေလွှမ်း‌နေတယ်။ လယ်ဧက သောင်းနဲ့ချီ ရေမြုပ်နေတယ်။ တချို့ရွာတွေမှာဆို ရေက အိမ်အပေါ်ထပ် ကြမ်းပြင်အထိ ရောက်နေတယ်။ စားရေးသောက်ရေးနဲ့ ကယ်ဆယ်ရေးကိစ္စတွေကို ကိုယ်ထူကိုယ်ထ လုပ်နေကြရတယ်။ အလှူရှင်တွေ၊ ကူညီပေးမယ်အဖွဲ့တွေ အများကြီး လိုအပ်နေတာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ရေကြီးနေတဲ့ ဒေသတွေဟာ မြို့နယ်အလိုက် ရေဘေးသင့် အိမ်ထောင်စုအရေအတွက် တူညီနိုင်မှုမရှိပေမယ့် ခန့်မှန်းခြေအရ တမြို့ကို အိမ်ထောင်စု ၂၀၀၀ ဝန်းကျင် ရှိနိုင်တာကြောင့် အိမ်ထောင်စု တသောင်းကျော်၊ လူဦးရေ သိန်းဂဏန်းအထိ ရေဘေးကြုံရနိုင်ပြီး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး၊ အဝတ်အစားနဲ့ အခြေခံ အသုံးအဆောင်တွေ၊ ရေယာဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေပြီး လက်ရှိအချိန်အထိ ကူညီမယ့်သူ ရှားပါးနေတယ်လို့ သိရပါတယ်။
“တချို့မိသားစုတွေအတွက် ဆန်၊ ရေသန့်တဘူး၊ ဆေးတခွက်၊ ငွေတသောင်း ဆိုတာက သေးငယ်တဲ့အရာလို့ ထင်ရပေမယ့် အခုလိုအချိန်မှာတော့ အသက်ရှင် ရပ်တည်ဖို့အတွက် အရေးကြီးတဲ့ အကူအညီတခု ဖြစ်နိုင်ပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၈ ရက်မှာ သဖန်းဆိပ်ဆည်ရဲ့ ရေအမှတ်ဟာ ၅၄၄ ဒသမ ၉၈ ပေမှာရှိနေတဲ့အတွက် ရေထပ်မံ လွှတ်ချနိုင်ခြေမရှိသလို မူးမြစ် (နတ်မူးမြစ်) ရေဟာလည်း ၁ ပေခွဲမှ ၂ ပေခန့်အထိ လျော့ကျနေပြီး ဆက်လက်ပြီးလည်း လျော့ကျနိုင်ခြေ ရှိတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေက အသိပေးထားပါတယ်။
ဒါအပြင် ရှမ်းပြည်နယ်‌ (မြောက်ပိုင်း) က မိုးမိတ်မြို့နယ်မှာလည်း တရုတ်နိုင်ငံဘက်က ရေလွှတ်ချမှု၊ ဒေသတွင်း မိုးသည်းထန်မှုတို့ကြောင့် ရွှေလီမြစ်ရေကြီးနေပြီး ဩဂုတ် ၆ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်က မြစ်ဆုံကျေးရွာနေ အမျိုးသား နှစ်ယောက် မြစ်အတွင်းမျောပါခဲ့ကာ ပျောက်ဆုံးနေသူတွေကို လက်ရှိအချိန်အထိ ရှာမတွေ့သေးဘူးလို့ သိရပြီး ရေတိုက်စားမှု ပြင်းထန်တာကြောင့် မြစ်ဆုံရွာက တံတားတစင်းလည်း ကျိုးပျက်သွားခဲ့တယ်လို့ သိရပါတယ်။
“ရေစီးတော်တော်ကြမ်းတယ်။ ရေထဲပါသွားတဲ့နှစ်ယောက်ကို ရှာနိုင်ဖို့က မလွယ်ဘူး။ ရွှေလီမြစ်ကလည်း ရေတိုးနေတုန်းပဲ။ မိုးမိတ် အနိမ့်ပိုင်းတွေဆို ရေဝင်တာ ပိုဆိုးမယ်။ မိုးကလည်း ကြီးဦးမယ်။ ချောင်းရေတွေ ရုတ်တရက်ထွက်လာမှာကိုလည်း စိုးရိမ်ရတယ်။ မိုးကုတ်ဘက်က ရေကလည်းများနေတုန်းဆိုတော့ ရေကျဖို့ မလွယ်လောက်သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) က မဘိမ်း၊ မိုးမိတ်၊ သီပေါ၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ မိုးမိတ်၊ မန်တုံ၊ မိုင်းရယ်၊ လောက်ကိုင်နဲ့ မိုင်းယော်ဒေသတို့မှာ ရေကြီးနေပြီး မိုးကောင်းဦး – နမှီကျေးရွာလမ်းပိုင်း၊ ဘော်ဒေ – မိုးဟောက် ကျေးရွာလမ်းပိုင်း၊ ဘော်ဒေ – ကင်းချောင်းကျေးရွာလမ်းပိုင်း၊ ကျောက်မောကျေးရွာလမ်းပိုင်းတွေ ရေကျော်နေကာ မိုးမိတ်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း မိုးကြီးပြီး မြေပြိုနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW