ဆည်တော်ကြီးရေလှောင်တမံ ရေလျှော့ချနေတာကြောင့် ချောင်းမကြီးအနီးက ကျေးရွာ ၁၀ ရွာဝန်းကျင်ရေနစ်မြုပ်၊ မန္တလေး – မိုးကုတ်ကားလမ်း ဖြတ်သန်းမရ

မန္တလေး၊ သြဂုတ်- ၈- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များလာတာကြောင့် ရေထိန်းညှိဖို့အတွက် သြဂုတ်လ ၃ ရက်နေ့ကတည်းက ရေဖောက်ချရာမှာ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းမှာ ပိုဆိုးလာပြီး ချောင်းမကြီးအနီးက ကျေးရွာ ၁၀ ရွာခန့် ရေနစ်မြုပ်ခဲ့ကာ မန္တလေး – မိုးကုတ် ကားလမ်းလည်း ရေကျော်နေလို့ အသုံးပြုလို့မရဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
” အခုက လေး ငါးရွာလောက် အကူအညီလေးတွေလိုတာပေါ့၊ အစားအသောက်နဲ့ ဆေးဝါးလေးတွေလိုတယ်၊ ရေကလည်းတော်တော်လေးများနေပြီး ကားကို ကူးမရတော့ဘူး၊ ဒီဘက်မြောင်းတွေကတော့ မလျံသေးဘူး၊ ချောင်းမကြီးကလွှတ်တဲ့ဟာ ကားလမ်းကျော်တာတော့ရှိတယ်၊ တချို့ကလည်း လွတ်ရာရွှေ့သွားပြီလေ၊ အခုလောလောဆယ် မန္တလေးက အသင်းသုံးသင်းလာမှာ စောင့်နေတာ၊ ခုလောလောဆယ်တော့ အင်းတကားဘက်ကျတော့ ရေကူးသွားပြီးတော့ ဘောင်ဘက်ကနေ ကူညီလှူဒါန်းရမှာပေါ့၊ မန္တလေးက မဟာမြိုင်အသင်းနဲ့ ရတနာပုံအသင်းလည်းမနက်က ထွက်လာပြီပြောတယ်” လို့ ဆည်တော်လမ်းခွဲက မဟာကုသလကာရီအသင်းက VOM ကိုပြောပါတယ်။
မန္တလေး-မိုးကုတ်ကားလမ်း တံငါတောင်ကျေးရွာအနီးမိုင်တိုင်အမှတ် ၂၅/၁ နဲ့ ၅ ကြားတွင် မနေ့ သြဂုတ်လ ၇ ရက်နေ့ မနက် ၆ နာရီမှစပြိး သုံးပေခန့်ရေကျော်နေတဲ့အတွက် မန္တလေး – မိုးကုတ် ကားလမ်းအသုံးပြုလို့မရသေးဘူးလို့ သိရပါတယ်။
မဏိစလလူမှု/ နာမှု ကူညီရေးအသင်းက တာဝန်ရှိသူတဦးကလည်း” အခုလောလောဆယ်တော့ သူတို့တွေ ရေတက်လို့ ပြောင်းရွေ့ပေးနေတာတွေရှိတယ်၊ အခုကတော့ အသင်းက မတ္တရာကိုရေးဘေးကူညီကယ်ဆယ်ရေးထွက်သွားပါပြီ” လို့ ပြောပါတယ်။
ဆည်တော်ကြီးရေလှောင်တမံက ရေလျှော့ချခြင်းလုပ်ငန်းဆောင်ရွက်နေတာကြောင့် ချောင်းမကြီးတလျှောက်မှာ ရှိတဲ့ အင်းသကား၊ တောင်ကိုင်း နဲ့ ကျေးရွာတချို့ရေဝင်ရောက်နေတဲ့အတွက် မန္တလေးနဲ့ မတ္တရာက လူမှုကူညီရေး ကယ်ဆယ်ရေးအသင်းတွေသွားရောက်ကူညီပေးနေသလို ဒေသခံတွေအတွက် အစားအသောက်နဲ့ ဆေးဝါးတချို့ လိုအပ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ် ရောက်ဖို့အတွက် (၁) ပေခွဲခန့်သာ လိုတော့တာကြောင့် ဩဂုတ်လ ၃ ရက် ညပိုင်းက စတင်ပြီးရေပိုရေလွှဲ တံခါးတွေကို ဖွင့်ချထားတာကြောင့် ဆည်အနီးက ကျေးရွာတချို့ကို အရေးပေါ်ရွေ့ပြောင်းကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီ က ထုတ်ပြန်အသိပေးထားပါတယ်။
သတင်းဓာတ်ပုံ – MOI

Related posts

Leave a Comment

VOM News

FREE
VIEW