ရေဘေးကြုံချိန် သတိထားရမယ့် မြွေအန္တရာယ်

ဩဂုတ် ၉ – ၂၀၂၆
SN (VOM)
လက်ရှိ မြန်မာနိုင်ငံ ဒေသအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာမှု၊ ဆည်ရေလွှတ်ချမှု၊ တာတမံ ကျိုးပေါက်မှုတို့ကြောင့် ရေဘေးကြုံနေရပြီး ရေနဲ့အတူပါလာတဲ့ မြွေအန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ်။
ရေဘေးကြုံရချိန်မှာ မြွေတွေဟာ သဘာဝ ကျက်စားရာနေရာတွေ ရေနစ်မြုပ်သွားတာကြောင့် ရေလွတ်ရာ ကုန်းမြင့်တွေ၊ အမိုးအကာတွေ၊ လူနေအိမ်တွေနဲ့ သစ်ပင်တွေပေါ် ခိုအောင်းတတ်တဲ့အတွက် ရေဘေးသင့်ဒေသမှာ နေထိုင်သူတွေ၊ ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ ရောက်ရှိနေသူတွေအနေနဲ့ မြွေကိုက်ခံရနိုင်ခြေ အလွန်များတယ်လို့ သိရပါတယ်။
“တကယ်လို မြွေကိုက်ခံရပြီဆို အရင်ဆုံးလုပ်ရမှာက အကိုက်ခံရတဲ့နေရာကို ရေနဲ့ သေချာဆေးရမယ်။ အပေါက်ခံရပြီးပြီးချင်း အခုလိုလုပ်တာက အကောင်းဆုံးပဲ။ ကျန်တာ နောက်မှလုပ်လို့ရတယ်။ ရေသေချာဆေးတာက မြွေဆိပ်ပျံ့နှံ့မှုကို နှေးအောင်လုပ်တဲ့သဘောပဲ။ ပြီးရင် လက်နဲ့ ရသလောက် အဆိပ်ညှစ်ထုတ်ရမယ်၊ ပြီးရင် သန့်ရှင်းရေးလုပ်ရမယ်။
အကိုက်ခံရတဲ့နေရာက ခြေချင်းဝတ်ဆို ဒူးခေါင်းလောက်ကနေ ဝါးခြမ်းပြားခံပြီး မြွေဆိပ်မပြန့်အောင်၊ အပေါ်ကို မြန်မြန်မရောက်အောင် စည်းထားပေးရမယ်။ ပြီးရင် လူနာကို နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံး လွှဲပြောင်း ကုသသင့်တယ်” လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
မြွေတိုင်းအဆိပ်မရှိကြသလို၊ မြွေကိုက်တိုင်း အဆိပ်မသင့်နိုင်တာကြောင့် မြွေကိုက်ခံရသူတွေကို သွေးမလန့်အောင် စပြီးပြုစုပေးဖို့ အရေးကြီးပြီး အကြောင်းရင်းကတော့ အဆိပ်ကြောင့် မဟုတ်ဘဲ၊ သွေးလန့်တာကြောင့် နှလုံးခုန်မြန်လာပြီး ခန္ဓာကိုယ်ထဲကို အဆိပ်တွေ မြန်မြန် ပြန့်သွားနိုင်တယ်လို့ သိရပြီး မြွေကိုက်ခံရတဲ့ နေရာက ဖူးယောင်လာနိုင်တာကြောင့်လည်း ကိုက်ခံရတဲ့ နေရာအနီးရှိ လက်စွပ်၊ နာရီ၊ ကြိုးတွေနဲ့ ကျပ်သိပ်တဲ့ အဝတ်အထည်တွေကို ချက်ချင်း ချွတ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာကို ဓားနဲ့လှီးတာ၊ ပါးစပ်နဲ့ စုပ်ယူတာတွေကိုလည်း မပြုလုပ်သင့်ဘဲ ကြိုး၊ ကြိုးပြားတွေနဲ့ အပြင်းအထန် စည်းတာဟာလည်း ဆဲလ်တွေ ပုပ်သိုးနိုင်တဲ့အတွက် ရှောင်ကြဉ်ရမှာဖြစ်ကာ လူနာကို တိုင်းရင်းဆေး၊ အရက် (ဒါမှမဟုတ်) တခြား ဆေးဝါးတွေ လုံးဝမတိုက်ရဘူးလို့ သိရပါတယ်။
မြွေကိုက်ခံရရင် ကိုက်ခံရတဲ့နေရာမှာ နာတာ၊ နီတာနဲ့ မြွေစွယ်ပေါက် နှစ်ပေါက် သွေးစို့ ကျန်ခဲ့တာတွေရှိပြီး မြွေဆိပ်တက်တဲ့ လက္ခဏာတွေကတော့ အသက်ရှူ မြန်လာတာ၊ မျက်စိဝေဝါးလာတာ၊ တကိုယ်လုံး ချွေးစီးပြန်လာတာ၊ လျှာ၊ မျက်နှာနဲ့ ခြေလက်တွေ ထုံကျင်လာတာ၊ တချို့မှာ သွားရည်ယိုလာတာတွေ ဖြစ်တတ်တယ်လို့ သိရပြီး အဲဒီလို လက္ခဏာတွေ ပြလာရင် မြွေကိုက်ခံရပြီး ၁ နာရီကနေ ၃ နာရီအတွင်း လူနာကို လှုပ်ရှားမှုအနည်းဆုံးနဲ့ မြွေဆိပ်ဖြေဆေးရှိရာကို သယ်ယူ ပို့ဆောင်ရမယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်းက ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့ဟာ ရေဘေးအန္တရာယ် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာလည်း ရေကြီးနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်မှုကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေ ရေကြီးနေတာမှာ ရေဘေးအတွင်း မြွေအန္တရာယ်ကိုလည်း ရင်ဆိုင်နေရကာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့က ရေကာဖို့လုပ်နေတဲ့ အမျိုးသား သုံးယောက် မြွေကိုက်ခံရတယ်လို့ သိရပါတယ်။
မြွေကိုက်ခံရသူတွေကို ကျေးရွာရှိ ဆေးခန်းမှာ ဆေးကုသမှု ပေးထားတာကြောင့် လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ပြီး အဲဒီ အမျိုးသား သုံးယောက်အပြင် မြွေကိုက်ရသူတချို့လည်း ရှိနေကာ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ ပြတ်တောက်နေတဲ့အတွက် မြွေကိုက်ခံရသူ လူနာတွေအတွက် မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ သိရပြီး မူးမြစ်ရိုးတလျှောက်ဟာ မြွေပွေးပေါတဲ့ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်မှာလည်း ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်ကာ ရေကြီးနေချိန် ရေနဲ့အတူပါလာတဲ့ အဆိပ်ရှိမြွေတွေဟာ လူနေရပ်ကွက်နဲ့ နေအိမ်တွေအတွင်း ဝင်ရောက်လာတာကြောင့် ဒေသခံတွေအနေနဲ့ ရေဘေးနဲ့အတူ မြွေအန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“ရေကြီးတာက စျေးရပ်နဲ့ ပန်းတိမ်တောင်မှာ အိမ်ခြေ လေး၊ ငါးဆယ်လောက်ပါပဲ။ ရေဘေးရှောင်၊ ခိုလုံတဲ့နေရာတွေကတော့ နီးစပ်ရာပဲ။ ရေဘေး ကယ်ဆယ်ရေးစခန်းတော့ ဖွင့်မထားဘူး။ ဒီနှစ် မြွေတအားပေါလို့ ဓာတ်မီးလိုတယ်။ အရင်က မမြင်ဖူးတဲ့ မြွေဟောက်တွေပါ တွေ့လာရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မြွေကိုက်မခံ‌ရစေဖို့ ကြိုတင်ကာကွယ်ရမယ့် အဓိက အချက်တွေကတော့ အမှောင်ထဲမှာ သွားလာတာကို ရှောင်ကြဉ်ရမှာဖြစ်ပြီး မဖြစ်မနေ သွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီး သေချာစွာ အသုံးပြုရမှာဖြစ်သလို ရေပေါ်မျောနေတဲ့ သစ်ကိုင်း၊ သစ်တုံးတွေနဲ့ အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာတွေကို ကိုင်တွယ်ရာမှာ သေချာစွာ မီးထွန်းကြည့်ရှု့ရမယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့လည်း ရေထဲမှာ သွားလာပြီး အပျက်အစီးတွေ ဖယ်ရှားရာမှာ ခြေစွပ်၊ လက်အိပ်၊ ဘွတ်ဖိနပ် (Rubber Boots) တွေ ဝတ်ဆင်ကာ ဝါးလုံး/သစ်ကိုင်းတွေနဲ့ ပစ္စည်းတွေကို အရင်ထိုးဆွ စစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW