ဆူးငှက်
ဒရဝမ်တောင် လစာ ၁သိန်းပေးသတဲ့
—————————————–
ကျွန်တော်လည်း ထိုစဉ်ကာလ ထိုအဖြစ်မျိုးနှင့် တူလှသည် (အခုလည်း ထိုစဉ်က အတိုင်းပါပဲ၊ မပြောင်းလဲ)။ ရပ်ဆွေ ရပ်မျိုးများက တွေ့လိုက်သည်နှင့် အလုပ်ရော ရှိရဲ့လား၊ ကြွေးကင်းရဲ့လား၊ အခု မခင်ရီတို့ အိမ်မှာပဲ ကပ်နေရသေးတာ လား၊ ကလေးက ၂ယောက်ရှိပြီနော် ဟု စကားတင်းဆိုကြသည်။ ဒါနဲ့ အခု အလုပ်က ဘယ်မှာလဲဟု မေးတော့ ကျွန်တော်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် လူထုဒေါ်အမာရဲ့ တိုက်မှာလေ ဟု လက်မထောင် ဖြေတော့ သြော် မင်းက ပုံနှိပ်တိုက်မှာ စာအုပ်ချုပ်ရတာပေါ့ ဟု ကောက်ချက်ချတော့သည်။ ဒါနှင့် မပြီးသေး၊ မင်းနဲ့ တွဲဖက် မင့် လူကတော့ ပြန်လာပြီး သူဌေးဖြစ်နေတာမဟုတ်လား၊ မြို့သစ်မှာ ရေသန့်စက်ရုံကြီး ထောင်ထားတာပဲ၊ ဒရဝမ်တောင် လစာ ၁သိန်းလောက် ပေးတာတဲ့၊ မင်းလည်း သူ့ဆီက အလုပ်တောင်းပါလား ဟု နတ်လမ်းညွှန်ကြပြန်၏။
ကျွန်တော်ကို စာအုပ်တွေ ဖတ်စေခဲ့သူ၊ ကျွန်တော်နှင့် အမြဲ တတွဲတွဲ တွေ့မြင်နေရသည့် အစ်ကိုဝမ်းကွဲက အရှေ့မြောက်ဒေသ ကတဆင့် အဖွဲ့အစည်းနှင့် ပြန်ရောက်လာပြီး အဖွဲ့အစည်းအလုပ်ဖြစ်သည့် ရေသန့်နှင့် ရေခဲစက်ရုံကို စက်မှုမှာ ဖွင့်လှစ်ထားသည်ကို ပြောခြင်းဖြစ်သည်။ ဒါက ကျွန်တော့် ဘက်က ရပ်ဆွေရပ်မျိုးများအသံ ဖြစ်သည်။ တစ်ခါ တစ်ပတ် တစ်ခါလောက် စက်ဘီးအိုလေးနှင့် ခင်သော်ဇင့်ကို တင်ပြီး သင်္ဘောတန်းအိမ် အလည်သွားတော့ ဒေဝဒဟ အမျိုးများက “ ဟ.. ဒီစက်ဘီးလေးနဲ့ပဲလား၊ ဆိုင်ကယ်ဝယ်လေ၊ အိမ်ထောင်ကျတာ ကြာပြီပဲ၊ စက်ဘီးတောင် အဟောင်းက မတက်သေး ဘူးလား..” ဟု ချီးကျူး ကြပြန်၏။ ပြောလက်စနှင့် မထူးပြီမို့ ရင်ဖွင့်ပါဦးမည်။ မမခင်ရီတို့ ယခုတိုက်သို့ မရောက်မီ စိုင်ပြွန်ဝင်းထဲမှာ ၃ပင်၂ခန်းတဲလေးနှင့် နေရစဉ်ကပေါ့။
မင်းက တဲနဲ့ ဘယ်နေရာ ပူဇော်မှာလဲ
————————————–
တစ်နှစ်တင် ရွာကို ကိုမောင်ဝင်းနှင့် အလည်ပြန်ကြသည်။ ကိုမောင်ဝင်းက ပန်းထိမ်ဆရာ အဖြစ် ဝင်ငွေကောင်းနေရုံမက အ်မ်ထောင်လည်း ကျကာ မုံရွာဈေးသစ်မှာ ရွှေဆိုင်ဖွင့်ပြီး ဇနီး မရီရီမြင့် အိမ်မှာ ပန်းထိမ်ဖို ထောင်ထားသည်။ ကျွန်တော်တို့ ညီအစ်ကို ၂ယောက် ရွာရောက်ခိုက် ကိုမောင်ဝင်းက သူ့အိမ်မှာ ပူဇော်ရန် ဘုရားဆင်းတုတော်တစ်ဆူကို ပင့်လိုကြောင်း သူ့ဆရာဖြစ်သည့် ကျောင်းမဆရာတော်ထံ လျှောက်သည်။ ဆရာတော်က ကိုမောင်ဝင်းကို ဆင်းတုတော်များ ထားသည့် ပြာသာဒ်ဆောင် မျက်နှာကျက်ပေါ်က အဆင်ပြေသည့် ဆင်းတုတော်ကို ပင့်ဖို့ ခွင့်ပြု၏။ ထို့ကြောင့် ကျွန်တော်တို့ ညီအစ်ကိုက မျက်နှာကျက်ပေါ်တက်၍ အိမ်မှာ ပူဇော်ရန် သင့်တင့်မည့် ဉာဏ်တော် ၁ပေကျော် မံဘုရားဆင်းတု ၂ဆူကို ပင့်ရန် အောက်သို့ ချကြသည်။ ဆင်းတုတော် ၂ဆူ အောက်ရောက်တော့ ကိုမောင်ဝင်းက သူ့ဆရာတော်ကို တပည့်တော်က တစ်ဆူ၊ မောင်ကျော်ဆန်းက တစ်ဆူ ပင့်မှာပါဘုရားဟု လျှောက်သည်။
ထိုစဉ်ဆရာတော်က “ မောင်ဝင်းက တိုက်နဲ့မို့ ဆင်းတုတော်နဲ့ ဆီလျော်တယ်၊ မင်းက (ကျွန်တော့်ကို ညွှန်၍) တဲနဲ့ ဘယ်နေရာ ပူဖော်မှာလဲ” ဟု ခပ်ငေါက်ငေါက်ပြောသည်။ ကိုမောင်ဝင်းက ကျွန်တော့ကို ကြည့်ကာ မျက်နှာပူသွားပုံရ၏။ “မောင်ကျော်ဆန်းကလည်း သူ့အိမ်မှာ သေချာ ပူဇော်မှာပါ ဘုရား” ဟု လျှောက်သော်လည်း ကျွန်တော်က ဒေါသထက် ဝမ်းနည်း ယူကြုံးမရသည့် ခံစားချက်ဖြင့် “ နေပါစေ ကိုမောင်ဝင်း၊ ကျွန်တော် ဆင်းတုတစ်ဆူကို ပြန်ထားလိုက်ပါမယ်၊ မပင့်တော့ပါဘူ” ဟု ပြောရင်း မူလ နေရာမှာပဲ ပြန်ထားခဲ့၏။ ကိုမောင်ဝင်းက စိတ်မကောင်းလို့ အပြန်မှာ ပေါက်ဆိန်ပေါက်ရွာကျောင်းသို့ ဝင်ကာ ဆရာတော် ဦးဝိသုဒ္ဓထံ လျှောက်ထားတော့ ပေါက်ဆိန်ပေါက် ကိုယ်တော်က ကျွန်တော့ အတွက် မံဘုရားဆင်းတုတစ်ဆူ ချက်ချင်း ချီးမြှင့် လိုက်သည်။
ရွှေကျောင်း ပြောင်ပြောင်၊ ဝမ်းခေါင်ခေါင်
———————————————–
ထို့နောက် ဒေါင်းရိုး စိုင်ပြွန်ရိပ်သာဝင်းမှ ဟေမာဇလရပ် ၇၆လမ်းက အောင်ရတနာတိုက်သို့ ပြောင်းရွှေ့တော့ ထိုတိုက်သည် ကျွန်တော်ပိုင် မဟုတ်ဘဲ မမခင်ရီတို့ တိုက်ဆိုတာ ရပ်ဆွေရပ်မျိုး အားလုံးက သိကြသောကြောင့် ကျွန်တော်သည် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဘဝက မကျွတ်မလွတ်သေးပေ။ ထို့ကြောင့်လည်း အကြောင်းသိတိုင်းက ဆူးငှက် ဆိုသည်ထက် သဖန်းရွာတောင်ရပ်က ဆီသည် ကိုပေါလူ သား ဟုပဲသိသည်။ ဂုဏ်ပုဒ်က တော့ အလုပ်မရှိ အကိုင်မရှိသူ၊ မခင်ရီအိမ် ကပ်နေရသူ၊ လူတောမတိုး အစွမ်းအစ မရှိသူ၊ လှူနိုင်သူမဟုတ်ဘဲ အလှူခံပုဂ္ဂိုလ်အဖြစ် အမြဲ လိုအပ်နေသူ၊ ရပ်ရွာအတွက် ဘာမှ အရာမရောက်သူပဲ ဖြစ်သည်။ ထိုသို့သော အမြင်မျိုးက ဖိအားများလာပြီး မိမိတို့ လင်မယားကြားထိ ရောက်လာသော အခါ အဆင်မပြေနိုင်တော့။
လင်မယားကြား အတူနေ မောင်နှမအကြားမှသည် အတူနေ တူဝရီးတွေ အကြားထိရောက်လာသော အခါ ပို၍ အဆင်မပြေတော့၊ ငါ့လင် ငါ့မောင် ငါ့သား ငါ့ဦးလေး အဆင်မပြေခြင်း ကြောင်းခြင်းရာကို ရမယ်ရှာကာ အပြန်အလှန် အပြိုင်အဆိုင် လက်ညှိုးထိုး စွပ်စွဲကြတော့သည်။ စီးပွားရေးဟု ပြစရာရှိခဲ့သည့် စာအုပ်ဆိုင်က ဘုံးဘုံးမလဲရုံတမယ် တည်းတည်းပဲ ဟန်ပြ ကျန်တော့သည်။ သည်ကြားထဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို အိမ်ရှေ့က ၁၀ပေ ပတ်လည် သွပ်မိုး ပျဉ်ကာ စာအုပ်ဆိုင် အဆောက်အဦးလေးကိုလည်း တူမတို့ ဇနီးမောင်နှံ စီးပွားရေးတွင် ရင်းနှီးမြှုတ်နှံရန် ဘဏ်ချေးငွေ တင်သောအခါ မီးအာမခံ စရိတ် မပိုမများရန်အတွက် ဖျက်ပေးလိုက်ရပြန်သည်။ သည်တော့ တိုက်ပေါ်ထိ တက်၍ စာအုပ်ငှားဖို့က အတော်ခက်ခဲသွားတော့၏။
အိမ်ပြန်ရမှာ ကြောက်စရာ
—————————-
ထိုစဉ်ကာလများက စိတ်အဆင်းရဲဆုံးကာလများ ဖြစ်သည်။ လူထုတိုက်က အလုပ်အပြန် အိမ်သို့ ဝင်ရမှာကို ကြောက်နေသည်။ အိမ်သို့ဝင်ကာ စက်ဘီးပေါ်က ဆင်းပြီး တိုက်ထဲ စက်ဘီးလေး တွန်းဝင်ရင်း အမေ၊ အစ်မ၊ ဇနီးနှင့် တူမများ၏ မျက်နှာများကို စိုးရိမ်တကြီး ကြည့်ရသည်။ သူတို့ထဲက တစ်ယောက်ယောက် မျက်နှာပျက်နေလျှင် သေချာပြီ။ ကျွန်တော်က လွယ်အိတ်လေး ချိတ်၍ နောက်ဘက် မီးဖိုခန်းက သောက်ရေအိုးစင်ကလေး အဖုံးလှပ်ကာ ရေသောက်ရန် ပြင်ဆင်နေစဉ် မျက်နှာပျက်နေသူ တစ်ယောက်ယောက်က လာ၍ တိုင်တောတော့သည်။ တိုင်သံတောသံကြားတော့ တစ်ဖက်က လာရှင်းပြန်သည်။ မည်သို့ဆိုစေ ပြဿနာကို ချုပ်လိုက်တော့ တရားခံက ကျွန်တော်ပဲ ဖြစ်နေသည်။ ခင်ဗျားကြောင့်၊ နင့်ကြောင့်၊ လေးဆန်းကြောင့်ပေါ့။ သည်တွင် ကျွန်တော် ညဖက် အိပ်မပျော်တော့၊ တရှောင်ရှောင် ဖြစ်နေတော့သည်။
အိမ်မှာ ကျွန်တော့် မျက်နှာ အရိပ်အကဲကို ဂရုမစိုက်ကြသော်လည်း လူထုတိုက် အလုပ်စာပွဲရောက်လို့ ဒေါ်ဒေါ်နှင့် မျက်နှာချင်းဆိုင်ရတော့ ဒေါ်ဒေါ်က ရိပ်မိသည်။ ထို့ကြောင့် ဒေါ်ဒေါ် က သမီးဖြစ်သူ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်သန်းရင်မာနှင့် ပြပေးသည်။ ကျွန်တော်က မမကြီးဟု ခေါ်သော မာမီဒေါ်သန်းရင်မာက သေချာစစ်ဆေးပြီး ဆေးတွေ ပေးသည်။ သက်ဆိုင်သည့် ဆေးပတ်စေ့သော်လည်း ကျွန်တော့် တရှောင်ရှောင် ဝေဒနာက တိုးတက်မလာ။ သည်တော့ မမကြီးက ကျွန်တော့ကို ပွင့်ပွင့်လင်းလင်းမေးသည်။ သည်လို မေးမြန်းလို့ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ဖြေသည့် အဖြေကိုသိတော့ မမကြီး အံ့သြသွားသည်။ ချက်ချင်းပါပဲ မမကြီးက “ ကိုဆူးမှာ ညီအစ်ကိုလို ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရတဲ့သူ ရှိလား” ဟု မေးသည်။ ကျွန်တော်ကလည်း ရုတ်ခြည်းပင် “ရှိတယ် မမကြီး” ဟု ဖြေလိုက်ပါတော့၏။
ညီအစ်ကိုလို ဆိုးတိုင်ပင် ကောင်းတိုင်ပင်
——————————————-
ထိုရက်ပိုင်း တရှောင်ရှောင် ဖြစ်နေသည်ကို ကိုယ့်အိမ်က ဖာသဖာသာနေသော်လည်း ဒေါ်ဒေါ်က ရိတ်မိပြီး သမီးဖြစ်သူ ဆရာဝန်နှင့် ပြစေသည်။ မမကြီး ဒေါက်တာဒေါ်သန်းရင်မာ က ဆေးပေးသည်။ ထို့နောက် မမကြီးကလည်း အခြေအနေ မှန်ကို သဘောပေါက်လို့ ပွင့်လင်းစွာ မေးသည်။ ကျွန်တော်က ညည အိပ်မပျော်တာ ကြာပြီ။ အိပ်မပျော်ဖန် များလာတော့ နောက်ပိုင်း အိပ်ရာထဲမှာ တောင်တောင်အီအီ အတွေးတွေ ဝင်လာတယ် မမ၊ ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ မိန်းမရော ကလေး ၂ယောက်ရော ခေါင်းအုံးနဲ့ ဖိသတ်ပြီး ကိုယ့်ကိုကိုယ်လည်း အဆုံးစီရင်လိုက်မယ် ဆိုတဲ့ အတွေးတွေ ဟု ပြောပြလိုက်၏။ သည်တွင် မမကြီးက “ ကိုဆူးမှာ ညီအစ်ကိုလို ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရတဲ့သူ ရှိလား” ဟု မေးသည်။ ကျွန်တော်ကလည်း ရုတ်ခြည်းပင် “ရှိတယ် မမကြီး” ဟု ဖြေလိုက်ပါတော့၏။
ဟုတ်သည်၊ ထိုစဉ်ကာလ အိမ်သို့ အရောက်အပေါက် များကြသူတွေက ကျွန်တော်နှင့် ကျွန်တော့် အိမ်အခြေအနေကို သိကြသည်။ ကိုသိုက်(သိုက်ထွန်းသက်)၊ ကိုညို(ညိုထွန်းလူ)၊ နှင့် ဒေါက်စော( ဒေါက်တာစောလှခိုင်) တို့ ဖြစ်သည်။ ထိုအထဲ ဒေါက်စောနှင့်က ပိုမိုတွေ့ဖြစ်ပြီး အစစအရာရာ ရင်ဖွင့် ဖြစ်သည်။ သူကလည်း ကျွန်တော်တို့ မိသားစုနှင့် ဆွေမျိုးလို ဖြစ်နေသည်။ ထို့ကြောင့် မမကြီးကို ကိုစောလှခိုင် ရှိတယ် မမဟု ပြောဖြစ်သည်။ မမကြီးက ကိုစောလှခိုင်ဟု ပြောလိုက်တာနှင့် ချက်ချင်းသိသည်။ သူ့တပည့် တစ်ယောက်ပေကိုး။ စောလှခိုင်ဆိုတော့ ကောင်းတယ် ညနေကျ သူ့ကိုခေါ်လိုက်၊ မမသူ့ကိုတွေ့ပြီး ပြောလိုက်မယ်ဟု ဆိုသည်။ ထိုနေ့ညနေ ကိုစောလှခိုင်က မမကြီးကို ဝင်တွေ့တော့ မမကြီးက ၈၆လမ်း ကိုင်းတန်းဈေး အနောက်ဘက်က ဆရာဝန်ဆီ ကျွန်တော့်ကို ပြသစေ၏။ သူကိုယ်တိုင် ကလည်း ထိုဆရာဝန်ကို ကြိုတင် ဖုန်းဆက်ထားပြီးပြီတဲ့။ ကိုစောလှခိုင်က သူ့ဆိုင်ကယ်လေးနှင့် ၈၆လမ်းက ဆေးခန်းသို့ လိုက်ပို့၏။
စိတ်ရောဂါ ဆရာဝန်ဆီလာရင် ရူးနေလို့ စိတ်မမှန်လို့
——————————————————–
ထိုဆရာဝန်ကလည်း ကိုစောလှခိုင်ကို သိသည်။ ကျွန်တော်က ဆရာဝန်နှင့် အတော်ကြာအောင် စကားပြော ရမှာတဲ့။ ထို့ကြောင့် ကိုစောလှခိုင်က ကျွန်တော့်ကို ထားခဲ့ပြီး ကိုးလုံးတကာ ဘုရားအနီးတွင် ဖွင့်လှစ်ထားသော သူ့ဆေးခန်းသို့ သွားကာ ဆေးခန်းဖွင့်သည်။ သူက အပြန် ဝင်ခေါ်မယ်တဲ့။ ဤသို့ဖြင့် ကျွန်တော်လည်း ကိုင်းတန်းဈေး အနောက်ဘက် ၈၆လမ်းပေါ်က စိတ်ရောကု အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်ခင်စိန်နှင့် ပြသ ကုသရတော့သည်။ ဆရာမကြီး ကလည်း စာသမားမို့ အတော် အဆင်ပြေသည်။ ဤသို့ဖြင့် ၆လကျော် ကုသပြီးနောက် ဆရာမကြီးက လိုအပ်သော ဆေးဝါးကိုသာ သူညွှန်းသော ဆေးဆိုင်က ဝယ်စေပြီး ကုသခ မယူပေ။ ထို့ကြောင့် ကျွန်တော်က ဆရာမကြီးကို နဂါးစာပေက အသစ်ထွက် စာအုပ်များကို ဝယ်၍ ကန်တော့သည်။ မှတ်မှတ်ရရ ဆရာမြသန်းတင့်၏ သမိုင်းထဲက မန္တလေး၊ တောင်သမန်ရွှေအင်း နှင့် ညိုမြ၏ ကုန်းဘောင်ရှာပုံတော် စာအုပ်များ ဖြစ်သည်။ ပဌာန်းဆက်များပါချင်တော့ ထိုစာအုပ်များကို ဝယ်ရင်း စကားစပ်မိတော့ နဂါးစာပေက ဆရာမကြီးဟု ခေါ်သည့် ဒေါ်တင်တင်ရီက ဒေါက်တာခင်ခင်စိန် နှင့် ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်နေကြပြန်သည်။ ထိုသို့ ကုသနေစဉ် ဒေါက်တာဒေါ်ခင်ခင်စိန် ပြောတာတစ်ခု သတိရနေသည်။
ကျွန်မတို့တိုင်းပြည်မှာ အထွေထွေ ဖိဆီးမှုတွေ များတယ်။ ဒီတော့ လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်နေကြပြီ။ အထူးသဖြင့် ကိုဆူးငှက်လို စိတ်ကျဝေဒနာတွေပေါ့။ ဒီလို ဖြစ်နေတာကို အတော်များများက မသိကြတော့ ကုသဖို့ သတိမရကြတော့ဘူး၊ အများစုက စိတ်နဲ့ပတ်သက်ပြီး ကုသဖို့ စိတ်ရောဂါအထူးကု ဆရာဝန်ဆီ လာဖို့က အတော် ဝန်လေးကြတယ်။ စိတ်ရောဂါ ဆရာဝန်ဆီလာရင် ရူးနေလို့ စိတ်မမှန်လို့ပဲ ကိုယ်တိုင်ကရော ဘေးကရော အမြင်မှားက စွဲနေကြတာ၊ တကယ်တော့ စိတ်ရောဂါဆရာဝန်တွေဆီလည်း ပုံမှန် စစ်ဆေး ကြည့်ဖို့ လိုတယ် တဲ့။ ကျွန်တော်က ထိုသို့ ကုသဖူးသည့် အတွေ့အကြံ ုရှိသောကြောင့် တစ်နှစ်တင် စာရေးဆရာမလေး တစ်ယောက်က ဒေါ်ဒေါ့်ထံ လာကန်တော့ရင်း စကားပြောဖြစ်တော့ သူ့အိမ်ထောင်ရေးပြဿနာကို ဒေါ်ဒေါ်က သိလိုက်ရသည်။ ပြဿနာက ဆရာမ ခင်ပွန်းမှာ စိတ်ဝေဒနာ ဖြစ်နေသည်။ ထိုကြောင့် ဒေါ်ဒေါ်က ဧည့်ခန်းအပြင်ဘက် အလုပ်စာပွဲမှာ ထိုင်နေသော ကျွန်တော့်ကို လှမ်းခေါ်ပြီး ဆရာမခင်ပွန်းအား ဒေါက်တာခင်ခင်စိန်ထံ လိုက်ပို့ပေးလိုက်ပါဟု ပြောသည်။ ကျွန်တော်လည်း ထိုသို့ လိုက်ပို့ရခြင်းမျိုး ကိုယ်တိုင်ကလည်း လမ်းညွှန်တာမျိုးဖြင့် ဒေါက်တာခင်ခင်စိန့် ဆေးခန်းသို့ မကြာမကြာ ရောက်ဖြစ်နေတော့သည်။
စာရေးဆရာထဲမှာ တိုက်ကြီးနဲ့နေနိုင်တာ
——————————————
ကျွန်တော့် ကံဇာတာက ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ကိန်း အုပ်စီးနေပုံရသည်။ ငယ်စဉ်ဘဝ ဒေါင်းရိုး စိုင်ပြွန်ရိပ်သာတွင် နေစဉ်ကလည်း ဝင်းထဲက တိုက်ကြီးက မွေးဖွားသူဟု အကြောင်းမသိသော သူငယ်ချင်းများက ထင်မှတ်မှားကြသည်။ တကယ်တော့ တိုက်ကြီး၏ အနောက်ဘက်ဘေးက ၃ပင်၂ခန်း တဲသာသာ အိမ်လေးမှာ နေခဲ့ရတာ မသိကြ။ တစ်ခါ အိမ်ထောင်ကျပြီး ဟေမာဇလရပ်ရောက်တော့ ကိုလှဘော် မမခင်ရီတို့၏ အာစီ၂ထပ်တိုက်ကြီးကို ကျွန်တော့တိုက်ဟု ထင်ကြပြန်သည်။ တစ်ခါက အမရပူရ တောင်လေးလုံးဆရာတော် ဦးပညာသည် ဆေးရုံကြီးဘက် လမ်းကြုံရင်း သူ့တပည့်ဒကာ၏ မာဇဒါကားလေးနှင့် အိမ်သိုကြွလာသည်။
ကားပေါ်က ဆင်းသည်နှင့် ကျွန်တော့်လက်ကို ဆုတ်ကိုင်ကာ စာရေးဆရာထဲမှာ မင့်လို တိုက်ကြီးနဲ့နေနိုင်တာ ရှားတယ်၊ မင်း ဒီလိုပိုင်ဆိုင်တာ အခုမှ သိရတော့ ဝမ်းသာလိုက်တာကွာ တဲ့။ ကျွန်တော့်မှာ ဆရာတော့်ကို မိမိတိုက် မဟုတ်ကြောင်း ချက်ချင်း အကြွေးမထားဘဲ ရှင်းပြရသည်။ အလားတူ စာရေးဆရာကြီး တစ်ဦးကလည်း သူ့ မြေရာပိုင်ဆိုင်မှု အမှုအခင်း တစ်ခုအတွက် တရားရုံးသို့ သိန်၁၀၀တန် အာမခံလိုက်ပေးရန် မြေဂရံယူပြီး ကူညီဖို့ ချက်ချင်းလာခေါ်သည်။ ကျွန်တော်က နားမလည်သောကြောင့် မေးကြည့်သောအခါ ကျွန်တော်က တိုက်ပိုင်မြေပိုင်မို့တဲ့။ အလိုလေး ကျွန်တော့်မှာ ဆရာကြီးကို မနည်း ရှင်းပြလိုက် ရသည်။ သည်တိုက်က ယောက်ဖနှင့် အစ်မတိုက်ဖြစ်ကြောင်း ကျွန်တော်က ကပ်နေရသူဖြစ်ကြောင်း ကျွန်တော့မှာ ပန်းအိုးထဲက မြေပင် မပိုင်ဆိုင်ပါကြောင်းပေါ့။
ကျွန်တော်ပိုင်ဆိုင်တာ ဘာရှိလဲ
——————————–
ထိုသို့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါက် ကိစ္စပြောဆိုရင်း ကျွန်တော်ပိုင်ဆိုင်တာ ဘာရှိလဲဟု စဉ်းစားမိပါ၏။ အခုစီးနေသည့် စက်ဘီးက မမခင်ဝင်း ပစ္စည်းဖြစ်သည်။ သူ အိမ်ထောင်ကျပြီး မုံရွာပြောင်းသွားလို့ ကျွန်တော် ရလိုက်တာလေ။ အခု သုံးစွဲနေသည့် အိမ်ထောင်ပစ္စည်းတွေကရော၊ ဒါတွေကလည်း အဘနှင့် အမေ့ပစ္စည်း တွေလေ။ နေရှင်နယ် ရေဒီယိုလေးကလည်း ၁၀တန်းအောင်စဉ်က မမခင်ရီ ဆုချထားတာလေ၊ ကိုယ့်ပိုက်ဆံနှင့် ဝယ်တာဆိုလို့ ဖိုးသားစီးနေသော BMX စက်ဘီး အဟောင်းလေး ၁စီးရှိသည်။ ခင်သော်ဇင်စီးဖို့ ၄၁လမ်း ကိုဝင်းကိုထံက ငွေ၃၀၀၀နှင့် ဝယ်ထားသော ရလေးစပို့ မိန်းမစီး တစ်ပတ်ရစ် စက်ဘီးလေးရှိသည်။ ငယ်စဉ်ကတည်းက ကျွန်တော့်ကို ခမည်းပေးထားသည့် ရွှေမောင်းလေးအား ပြန်လည် ပြုလုပ်ထားသည့် တစ်မတ်သား ရွှေဆွဲကြိုးလေးရှိသည်။ ထို့နောက် မှတ်မှတ်ရရ နေရှင်နယ် အုံးလီးကက်ဆက်လေး ရှိခဲ့ဖူးသည်။
ရှိခဲ့ဖူးသည်ဟု ပြောခြင်းမှာ ကျွန်တော်က ထို ကက်ဆက်လေးကို စိုင်ပြွှန်ဝင်းထဲ နေစဉ်ကတည်းက ဝင်းအနောက်ဖက် ခေါက်ဆွဲသည် ဦးမှန်၏သားဖြစ်သူ ကိုတင်ဌေးထံက အကြွေးနှင့် ဝယ်ခဲ့၏။ အဟောင်းလေးပါပဲ။ ကိုတင်ဌေးကလည်း မာမာအေးခရေဇီမို့ မာမာအေး ကက်ဆက်ခွေလေးတွေ အမြဲ နားထောင်သည်။ သူကလည်း သူ့အိမ်မှာညအိပ်ချိန်မှ ပြန်ပြီး ကျွန်တော့ဆီမှာပဲ နေတတ်တာမို့ သူ့ကက်ဆက်လေးကို ကျွန်တော်လည်း နားထောင် ရအောင် အိမ်မှာပဲထားသည်။ သည်တော့ ကျွန်တော်က သူ့ကို အိမ်မှာထားသည့် အတူတူ ကျွန်တော့်ကို ရောင်ပါဟုဆိုကာ အကြွေးနှင့် ဇွတ်ဝယ်ခဲ့ခြင်း ဖြစ်သည်။ ငွေ ၃၀၀နှင့် ထင်ပါရဲ့။ ကက်ဆက်ဖိုးကို အကြေတောင် မပေးခဲ့ဘူး ထင်ပါရဲ့။ ထိုကက်ဆက်လေးက ဟေမာဇလ အိမ်အထိ ပါလာ၏။
ကက်ဆက်လေး ဇာတ်သိမ်းခန်း
———————————-
ကျွန်တော်က မနက်လင်းကတည်းက ကက်ဆက်လေးမှာ မာမာအေးခွေတွေပဲဖွင့်သည်။ အထူးသဖြင့် ဇင်ယော်တေးသံသွင်းက ထုတ်သည့် မာမာအေး၏ တချစ်ထဲ ချစ် ခွေပေါ့။ သည်ခွေကိုပဲ အပြန်ပြန်အလှန်လှန် တိတ်ကြိုးက မီးခိုးထွက်အောင် ဖွင့်တော့သည်။ ခင်သော်ဇင်ကကျ ထိုစဉ်က ခေတ်စားနေသော အယ်လ်ခွန်းရီကို ကြိုက်သည်။ စင်ဒရဲလားခွေက သူ့ဖေးဖရိတ်လေ။ တစ်နေ့သား ကျွန်တော်က မနက်လင်းကတည်းက မာမာအေးနှင့် တချစ်ထဲ ချစ်နေတာ ဘယ်နှကြိမ်မှန်းမသိတော့။ မနက်လင်းကတည်းက မာမာအေးခမျာ အသံပြာလောက်အောင် တချစ်ချစ်ထဲ ချစ်နေရရှာတာ မက် ၁၀နာရီလောက်ရောက်တော့ သူ့ အယ်လ်ခွန်းရီ အလှည့် မကျတော့ ခင်သော်ဇင်က “တစ်ခါလာလည်း ဒီတောသီချင်းတွေချည်းပဲ၊ မနက်လင်းကတည်းက နားကိုပူနေတာပဲ” ဟု ထောပနာပေးလိုက်တော့ ကျွန်တော်လည်း ရှူးခနဲ ဒေါသမထိန်းနိုင်ဘဲ မာမာအေးကို ရုတ်ခြည်း အနားပေးလိုက်တော့သည်။ အနားပေးတာက ကက်ဆက်ကို ပိတ်လိုက်တာ မဟုတ်။ ကက်ဆက်ကို ပလပ်ပေါက်က ဖြုတ်ပြီး သမံတလင်းပေါ် ပေါက်ခွဲ ပစ်လိုက်ခြင်းဖြစ်သည်။
အနားမှာ ထိုင်နေသည့် အမေကလည်း အံ့အားသင့်၊ ခင်သော်ဇင်ကလည်း အံ့အားသင့်လို့။ တကယ်တော့ ခင်သော်ဇင်က “ တစ်ခါလာဘည်း မာမာအေးချည်းပဲ” ဟု ဆိုလျှင် နေရှင်နယ် ကက်ဆက်လည်း သက်တမ်းရှည်နိုင်သည်။ “ ဒီ တောသီချင်းတွေချည်းပဲ” ဟူသော စကားလုံးက ကက်ဆက်လေးကို ကျွန်တော့် လက်နှင့် ဇီဝိန်ချုပ်စေခြင်း ဖြစ်ပါ၏။ တစ်ခုတော့ အမြတ်ရှိပါ၏၊ ထိုဖြစ်ရပ်မှ တဆင့် ကိုယ့်ထံလာ၍ သြဝါဒ ခံယူသူတိုင်းကို “ အေး..ဒီလိုရှိတယ်ကွ၊ သမီးရည်းစားတုန်းကတော့ မတူညီတဲ့ စရိုက်လေးတွေကို ကိုယ့်ဆီရောက်ရင် ပြင်မှာပေါ့ ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ ယူခဲ့ကြတာပဲ၊ ပြင်လို့ရပါတယ်လို့ ထင်ကြသူချည်းပဲ။ အေး.. အိမ်ထောင်ကျကြတော့ သူကလည်းသူ့စရိုက်နဲ့ အနှစ်၂၀လောက် အသားကျ ခေါက်ရိုးကျိုးပြီးသား၊ ကိုယ်ကလည်း အနှစ်၂၀ကျော် ကိုယ့်စရိုက်နဲ့ အသားကျပြီးသား၊ တစ်မိသားနဲ့ တစ်မိသား တစ်မိုးထဲ တစ်အိပ်ရာထဲ ၂နှစ်လောက်မျက်နှာချင်းဆိုင်ရုံနဲ့ ပြင်လို့ ရပါ့မလား ဟူသော ဒဿနကို ခေါင်းတမော့မော့နှင့် ဆရာကြီးဂိုက်ဖမ်းကာ သြဝါဒ ပေးနိုင်ခဲ့သည်။
ကဗ္ဘောဇသီချင်းနောက်ဆုံးပိုဒ်
———————————–
ကိုင်း.. အခုတော့ မခင်သော်ဇင် က မာမာအေးသီချင်းတွေ ကြိုက်လိုက်တာဗျာ၊ အထူးသဖြင့် မြို့မနှင့် မာမာအေးသီချင်း ပါးစပ်က မချတော့။ တစ်မြန်နှစ်က အစ်မကြီးမာမာအေး ရောက်ခိုက် ကျင်ဂနိုင်ထန်းရိပ်ညိုခြံမှာ ဆုံကြတော့ ခင်သော်ဇင်က အစ်မကြီးမာမာအေးကို ကာရာအိုကေ စက်ဖြင့် သီချင်းသီဆို ဧည့်ခံသည်။ သူဆိုသည့် သီချင်းတွေက မာမာအေး၏ တချစ်ထဲချစ်ခွေထဲက သီချင်းတွေလေ။
ထိုသီချင်းများအပြင် နန်းတော်ရှေ့ဆရာတင်၏ ကဗ္ဘောဇ သီချင်းကိုလည်း သီဆိုတော့ အစ်မကြီး မာမာအေးက စည်းလိုက်ပေးသည်။ သီချင်းဆုံးသွားတော့ သဘောကျလွန်းလို့ သြဘာပေးရင်း ဒို့ ဆိုခဲ့တုန်းက အဲ့ဒီ စီမံထူးခြား တောသူပီပီ အပိုဒ် မပါခဲ့ဘူး၊ နောက်မှ အဲ့ဒီအပိုဒ်ကို ပြန်တွေ့တာ၊ နောက်လူတွေ ပြန်ဆိုကြရင် အဲ့ဒီ အပိုဒ်မပါတာ များတယ်၊ မိသော် ငါ့ညီမလေးက အဲ့ဒီအပိုဒ်ကို ဘယ်က ရတာလဲ ဟု မေးသည်။
ခင်သော်ဇင်က အစ်မကြီး ကျွန်တော်က မြတ်ဝတ်ရည် ပြန်ဆိုထားတာထဲကလေ တဲ့။ အဲသလို။ ဘာထူးမှာလဲ ကျွန်တော်ကလည်း အယ်လ်ခွန်းရီတွေ ပြန်နားထောင်ချင်လို့ ယူကျု့မှာ ရှာနေရသည်။ အယ်လ်ခွန်းရီသီချင်းတွေက ယူကျုမှာ သိပ်မရှိ၊ ကျွန်တော် မရှာတတ်တာလည်း ဖြစ်မှာပေါ့။ အယ်လ်ခွန်ရီသီချင်းတွေက အတော်ကောင်းသည်။
တီဗွီနှင့် အောက်စက်
————————-
ကျွန်တော့ ပိုင်ဆိုင်မှုတွေ ချပြတော့ လူကြီးမင်းတို့ သတိထားမိတာ ရှိမည်။ ဒီလောက် သီချင်းတွေနှင့် လုံးထွေးနေသူမှာ TV လေး၊ အောက်စက်လေးတော့ ရှိမှာပေါ့ ဟူလို။ တကယ်တော့ ၁၉၈၀လောက် ကတည်းက ပေါ်ခဲ့တဲ့ TV ကို ၁၉၉၇ ထိ မပိုင်ဆိုင်ခဲ့ပါ။ အောက်စက်ဆို ဝေးရောပေါ့။ တစ်ခါက TV မှ မေဆွိနှင့် မြို့မ၏ စိုးနှေင့်ဗျာပွေ သီချင်း ည ၇နာရီကျော် TV က လွှင့်မှာ ကြည့်ချင်လွန်းလို့ ၂၇လမ်းပေါ်ရှိ ဒေဝစ္ဆရာ ဦးလှမြင့် တိုက်မှာ သွားကြည့်ရသည်။
မမခင်ဝင်းတို့ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် MRTV က ခေါ်ရိုက်ကူးသည့် အစီအစဉ် များစွာအနက် ၃မိနစ်စာ တစ်ကြိမ်သာ ထုတ်လွှင့်ခဲ့သည့် မမခင်ဝင်း၏ ခေတ်ဆန်း တပင်တိုင်အက ကို ညနေ၃နာရီမှာ TV က ထုတ်လွှင့်မှာမို့ နာရီစင်ဓာတ်ဆီ ဆိုင် အပေါ်ထပ်က မိတ်ဆွေမိသားစုဆီ သွားကြည့်ရသည်။ ထို့အတူ ထိုစဉ်ကာလ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသတင်း များကို စိတ်ပါ ဝင်စားသောကြောင့် ၇၅လမ်းဆုတောင်းရဘုရား အနောက်မုခ် တောင်ဘက်ကပ်လျှက် အိမ်က အမြဲဖွင့်သည့် နိုင်ငံတကာ ဂြိုဟ်တုသတင်းကို ဆုတောင်းရဘုရား အနောက် စောင်းတန်းသို့ မယောင်မလည်သွားကာ ထိုအိမ်က TV ဆီ ခြေဖျားထောက်၍ လှမ်းကြည့်ရသည်။
တကယ်တော့ ကျွန်တော် TVလေးတစ်လုံး လိုချင်နေတာက ကြာပါပြီ။ ဖျစ်ညှစ်စုဆောင်း၍လည်း ဝယ်မယ်ဆို ဝယ်နိုင်ပါ၏။ သို့သော်…။
ဆူးငှက်
