ဩဂုတ် ၁၂၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နယ်စပ် ကုန်သွယ်ရာ လမ်းမကြီးပေါ်က ကျောက်မဲ OHC တိုးဂိတ်မှာ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက မီးလောင်တဲ့ကားကတဆင့် မီးကူးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကားက တိုးဂိတ်မရောက်ခင်ကတည်းက မီးလောင်နေတာ ကားသမားက မသိဘူး။ တိုးဂိတ်က လူတွေ အော်ပြီး ထွက်ပြေးမှ သိတာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တိုးဂိတ်မှာ ကား ဖြတ်သန်းခပေးဖို့ အရှိန်လျှော့ပြီး ရပ်လိုက်ချိန် မီးပိုထတောက်လာပြီး တိုးဂိတ် မီးကူးသွားတာလို့ သူက ပြောပါတယ်။
“မနေ့ ညနေ ၅ နာရီခန့် လောက်က ဖြစ်သွားတာ။ သီပေါ ဘက်ကနေ လာတဲ့ ကြက်စာတင် ကင်တာကား အပူလွန် ဝါယာရှော့ ဖြစ်ပြီး မီးလောင်တာလို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အဆောက်အဦးနဲ့ ကားတွေ မီးလောင်သွားပေမယ့် လူအထိအခိုက်မရှိဘူးလို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်းပေါင်းရွာမှာ ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ကားတစီး မီးလောင်လို့ ကျောက်မဲခရိုင်မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်တစီး၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
Video Crd# ဒေသခံ
