စစ်ကိုင်းတိုင်းရဲ့ လုံခြုံရေးအခြေအနေကြောင့် ရေဘေးကူမယ့်သူတွေ သွားဖို့ခက်နေ

ဩဂုတ် ၁၁ – ၂၀၂၆
SS (VOM)
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေတွေ ဖောက်ချမှုကြောင့် မူးမြစ်ရေမြင့်တက်လာကာ မြို့နယ် ၁၀ မြို့နယ်ထက်မနည်း ပြင်းထန်တဲ့ ရေဘေးကြုံနေရပြီး လူဦးရေ နှစ်သိန်းကျော် ဒုက္ခရောက်နေပေမယ့်လည်း တိုက်ပွဲတွေနဲ့ လုံခြုံရေး တင်းကျပ်မှုတွေကြောင့် အပြင်က ကူညီကယ်ဆယ်မယ့်သူတွေနဲ့ အလှူရှင်တွေ သွားရောက်ဖို့ အလွန် ခက်ခဲနေတယ်လို့ သိရပါတယ်။
ရေဘေးသင့်နေတဲ့ မူးမြစ်တစ်လျှောက်က ကျေးရွာတွေဟာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်သလို အစိုးရတပ်က လေကြောင်း တိုက်ခိုက်တာ၊ နယ်မြေ ရှင်းလင်းတာတွေကိုပါ လုပ်ဆောင်နေတာကြောင့် အခုလို ရေကြီးလာချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုနိုင်လုပ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
“လမ်းပန်းဆက်သွယ်ရေးကလည်း အင်မတန်ခက်တယ်။ နောက်တချက်က လုံခြုံရေးပိုင်း ဆိုတာကလည်း လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မဟုတ်ဘူး။ သွားချင်ပေမယ့် သူက ဧရာဝတီတိုင်းနဲ့ နယ်မြေအခြေအနေချင်း မတူဘူးလေ။ ပြီးတော့ အဲဒီ လမ်းပိုင်းမှာကလည်း ဂိတ်တွေက စစ်ဆေးတာ၊ ဖြတ်သန်းခွင့်မပေးတာတွေ ရှိနေတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေကို သယ်ချင်တိုင်း သယ်သွားလို့မရဘူး။ ပစ္စည်းအသိမ်းခံရတာတွေလည်း ရှိတယ်။ ဖမ်းဆီးခံရနိုင်တာတွေလည်း ရှိတော့ ဧရာဝတီတိုင်း ရေဘေးလို အင်တိုက်အားတိုက် ကူညီနိုင်ဖို့ ခက်ကြနေတာ” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ၊ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ အားကောင်းရာဖြစ်တာကြောင့် စစ်ဘေးဒဏ်ကို နှစ်ရှည်လများ ကြုံတွေ့နေရတဲ့ ဒေသခံတွေဟာ အခုတခါ သဘာဝဘေးဖြစ်တဲ့ ရေကြီးရေလျှံမှုကိုပါ ထပ်မံ ရင်ဆိုင်နေကြရပေမယ့် ကူညီကယ်ဆယ်ရေးအင်အား မလုံလောက်တာကြောင့် ဒုက္ခ ကြီးစွာ ရောက်နေကြရတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပရဟိတအသင်း တာဝန်ရှိသူ တယောက်က “စစ်ကိုင်းတိုင်းဘက် ဆိုတာက နယ်မြေထဲ ရောက်သွားပြီးရင်လည်း တနေရာနဲ့တနေရာကို ကူးနိုင်ဖို့ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒေသတွင်းမှာတောင် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့မလွယ်ဘူး။ လုံခြုံရေး အကြောင်းပြပြီး လှည့်ပြန်ခိုင်းတာတွေ ရှိတယ်။ တိုက်ပွဲကလည်း အချိန်မရွေး ဖြစ်လာနိုင်တော့ တိုက်ပွဲကြားထဲ ရောက်သွားမလား ဆိုတာကလည်း တဖက်မှာ စိုးရိမ်စရာ ဖြစ်နေတာပေါ့။ ပြီးတော့ လေကြောင်းရန်ကလည်း ရှိသေးတယ်။ တချို့ ကူဖို့လာကြတဲ့ အဖွဲ့တွေတော့ ရှိပါတယ်။ ဒါပေမယ့် စစ်ဆေးရေး ဂိတ်တွေကနေပဲ လှည့်ပြန်သွားကြရတာ များတယ်” လို့ ပြောပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း အစိုးရတပ်တွေ‌ဟာ မြင်းမူနဲ့ မုံရွာမြို့နယ်တွေမှာ အင်အားဖြည့်တင်းနေကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ရေမကြီးခင် တပတ်လောက် အလိုကတည်းက မြင်းမူမြို့နယ်ရှိ ထီးဆောင်းရွာ၊ တောချောင်းဦးရွာရှိ ရဲကင်းနဲ့ မုံရွာမြို့နယ်က ကျောက္ကာရွာတို့မှာ အင်အား အများအပြား ဖြည့်ခဲ့တာကြောင့် စစ်ရေးမငြိမ်မသက် ဖြစ်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်းမှာ ဒီပဲယင်း၊ ကောလင်း၊ ကျွန်းလှ၊ ခင်ဦး၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူ၊ တန့်ဆည်၊ ဝက်လက်၊ အရာတော်နဲ့ ဗန်းမောက်မြို့နယ်တွေက ဒေသခံ နှစ်သိန်းနှစ်သောင်းကျော် ရေဘေးသင့်နေပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အမိုးအကာ၊ ယာယီရွက်ဖျင်တဲတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဒါအပြင် မူးမြစ်ရိုးတလျှောက်ဟာ အဆိပ်ပြင်းမြွေပေါတဲ့ ဒေသဖြစ်တာကြောင့် ရေတက်လာချိန် မြွေအန္တရာယ်ပါ ကြုံနေရတဲ့အတွက် မြွေဆိပ်ဖြေဆေးလည်း လိုအပ်နေပြီး အရေးပေါ်‌ ရွှေ့ပြောင်းရေးနဲ့ အခြေခံ စားရေရိက္ခာ၊ ဆေးဝါးတွေ သယ်ယူ ပို့ဆောင်ဖို့အတွက်ကိုလည်း စက်လှေအပြင် အသက်ကယ်အင်္ကျီတွေလည်း အများအပြား လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရေဘေးကာလအတွင်း ကောလင်းမြို့နယ်က ဒေသခံ ခြောက်ယောက်၊ ဒီပဲယင်းမြို့နယ်က ခုနစ်ယောက်၊ တန့်ဆည်မြို့နယ်က လေးယောက်၊‌ ခင်ဦးမြို့နယ်က တယောက်၊ ရွှေဘိုမြို့နယ်က နှစ်ယောက်၊ စုစုပေါင်း အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW