ဩဂုတ် ၁၁ – ၂၀၂၆
SN (VOM)
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝ ရပ်တန့်ပေးဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA တို့ ခြွင်းချက်မရှိ ထွက်ပေးဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မနေ့ ဩဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာတွေ ပို့မရအောင် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့၊ မည်သည့် အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်း မပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုကာ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ KIO/KIA ကို တောင်းဆိုထားတဲ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
“ကျွန်တော်တို့ သူတို့ (KIO/KIA) ကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ပြောတဲ့ သဘောထားပါ။ အချက် သုံးချက်ကတော့ KIA အတွက်ပေါ့။ နောက်ဆုံးတချက်ကတော့ အစိုးရကနေ ပြည်သူ့လုံခြုံရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ။ ရွှေကူကိစ္စဆိုရင်လည်း ရွှေကူမှာနေထိုင်ကြတဲ့ ပြည်သူလူထုက စစ်တိုက်တဲ့သူတွေ မဟုတ်ဘူးလေ။ ရွှေကူမြို့မှာ လုံခြုံရေးလုပ်နေတဲ့ တပ်မတော်တွေက သူတို့ရိက္ခာ ပြည့်ပြည့်စုံစုံ ရှိပြီးသား။ KIA က ရွှေကူမြို့ကို စားနပ်ရိက္ခာအဝင် ပိတ်တယ်ဆိုတဲ့ကဏ္ဍက ပြောရမယ်ဆို ပြည်သူကို မနေနိုင်အောင် ပိတ်ဆို့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်” လို့ ရှမ်းနီပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။
ဒါအပြင် KIO/KIA တို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဟာ တနှစ်ကျော်၊ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး တိုက်ပွဲအတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ PDF တွေကို ဆင့်ခေါ်ခဲ့တဲ့အပြင် ဒေသခံ တိုင်းရင်းသားလူမျိုးတွေကိုပါ အတင်းအကြပ် ဖမ်းဆီးကာ အင်အားစုဆောင်းပြီး ဗန်းမော်စစ်မြေပြင်ကို စေလွှတ်တာတွေ ရှိနေတာကြောင့် တိုင်းရင်းသားလူငယ် အများအပြား စစ်မြေပြင်မှာ သေကြေနေကြရကာ တချို့ကတော့ မသန်စွမ်းဘဝကို ရောက်ကြရတယ်လို့ ဆိုပါတယ်။
“ဗန်းမော်မြို့ကို တိုက်နေတာ နှစ်နှစ်နီးပါး ရှိသွားပြီ။ နိုင်အောင် တိုက်နိုင်တာလည်း မဟုတ်ဘူး။ ဒီနေ့အထိ မြို့ကို မသိမ်းနိုင်သေးဘူး။ အဲဒီတော့ ဒီစစ်ပွဲက ပြည်သူတွေရဲ့အသက်ကို ထိုးကျွေးသလို ဖြစ်ပါတယ်။ နောက်တချက်က လူငယ်လူရွယ်တွေရဲ့ ဘဝတွေကို အဲဒီမှာ အဆုံးသတ်ခိုင်းသလို ဖြစ်ပါတယ်။ နောက်တချက်က တိုင်းရင်းသားတွေကို သူတို့က ဗန်းမော်စစ်ပွဲမှာ သေတွင်းထဲပို့သလို ဖြစ်နေပါတယ်။ ဒါက ဂျီနိုဆိုက်တမျိုးပါပဲ။ ဒါကြောင့် အဲဒီ စစ်ပွဲကိုလည်း ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ပွဲ ရပ်တန့်ပေးမှသာ ရွှေကူ၊ မန္တလေး၊ ရန်ကုန်မြို့တွေနဲ့ တခြားနယ်မြို့ ကျေးရွာတွေမှာ ပြန့်ကျဲပြီး စစ်ဘေးရှောင်နေကြရတဲ့ မိုးမောက်၊ မံစီ၊ ဗန်းမော်မြို့က ဒေသခံတွေလည်း ကိုယ့်မြို့၊ ကိုယ့်ရွာကို ပြန်ခွင့်ရမှာဖြစ်တာကြောင့် ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားပါက စစ်ပွဲရပ်ပြီး အားလုံး ပြန်ဆုတ်ခွာပေးစေချင်တယ်လို့ သူက ပြောပါတယ်။
တောင်းဆိုချက်တွေကို ရရှိနိုင်ဖို့ အခုလို သဘောထား ထုတ်ပြန်တာဟာ ပထမအဆင့်ဖြစ်ပြီး နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်တဲ့အထိ ဆောင်ရွက်သွားဖို့ရှိပြီး KIO/KIA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာကသိအောင် ချပြသွားမယ်လို့ သူက ပြောပါတယ်။
“ဒီနေ့ KIO စစ်တိုက်မှုတွေက ဒုက္ခသည်ကိစ္စ ပြောမယ်ဆိုရင် သူ့စစ်ပွဲနဲ့ သူ့လူမျိုးကို လုပ်ကျွေးနေတာနဲ့ တူနေပါတယ်။ စစ်ဘေးဒုက္ခသည်တွေ ရှိပါတယ်ဆိုပြီး နိုင်ငံတကာကို သူတို့ပြတယ်။ အဲဒီ ဒုက္ခသည်စခန်းမှာဆို သက်ကြီးရွယ်အိုတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ပဲ ရှိပါတယ်။ အရွယ်ရောက်သူအားလုံးက အဲဒီစခန်းမှာ မရှိကြပါဘူး။ အခု KIA လမ်းကြောင်းကနေပြီး နီပွန်ဖောင်ဒေးရှင်းတွေကအစ အဲဒီ ဒုက္ခသည်စခန်းတွေကို ထောက်ပံ့ပေးနေတယ်။ နောက်တချက်က အစိုးရကနေ ကူညီတာတွေလည်း ရှိပါတယ်။ အဲဒါလည်း ကချင်ပြည်နယ် အစိုးရကနေတဆင့် ကူညီရတဲ့အခါကျတော့ ကချင်ဒုက္ခသည်စခန်းတွေမှာ ပြည့်ပြည့်စုံစုံ ရရှိကြပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ရှမ်းဒုက္ခသည် စခန်းတွေကတော့ ကိုယ်ထူကိုယ်ထအနေနဲ့ ရှမ်းလူမျိုးတွေ၊ လူမှုရေးအသင်းတွေ စုပေါင်းပြီး သွားရောက် လှူဒါန်းတာကလွဲလို့ ကျန်တဲ့ အစိုးရထောက်ပံ့မှုတွေ ရရှိတာ အင်မတန် နည်းပါးတာကြောင့် ရှမ်းလူမျိုးတွေဟာ တန်းတူအခွင့်အရေး မရကြဘူးလို့ သူက ပြောပါတယ်။
“စစ်ပွဲဖြစ်အောင် ဖန်တီးတာက KIA။ KIA က ဘယ်ကလာလဲဆို ကချင်လူမျိုး လွတ်မြောက်ရေးဆိုပြီး နာမည်တပ်ပြီး လာတဲ့အဖွဲ့အစည်း။ ဒုက္ခ ခံစားနေရတာကတော့ ရှမ်းတွေ ဖြစ်နေပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့ဆိုတာဟာလည်း ကချင်လူဦးရေ အနည်းအကျဥ်းလောက်သာ ရှိတာဖြစ်ပြီး ရှမ်းမြို့၊ ရှမ်းရွာတွေကို ဖျက်စီးပြီးမှ KIA က သူ့စီးပွားရေးကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်ထားတာဖြစ်ကာ နောက်ပိုင်း ဗန်းမော်မြို့ကို ပြန်လည် ထူထောင်ကြတဲ့အခါ ပြည်သူတွေ ပြန်လည်ဝင်ရောက် နေထိုင်ကြပြီဆိုပါက ၎င်းတို့ရဲ့ စီးပွားရေးတွေ အကုန် ပျက်စီးသွားပြီလို့ သူက ပြောပါတယ်။
“အဲဒီအခါကျရင် ပြည်သူတွေက မြေတွေဘာတွေ ဖဲ့ရောင်းကြမယ်ဆို သူတို့ လိုက်ဝယ်ကြပါလိမ့်မယ်။ KIA က ဒီကနေ အကျိုးအမြတ် အင်မတန်ရချင်တယ်။ အဲဒါကြောင့် စစ်ပွဲကို ဖန်တီးတယ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ သူတို့ စစ်တိုက်ရတဲ့ အကြောင်းရင်းက အာဏာရှင်ကို တိုက်တာလည်း မဟုတ်ဘူး။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရချင်တာလည်း မဟုတ်ဘူး။ ဗန်းမော်မြို့ကြီး ပျက်သွားပြီးရင် သူတို့လူမျိုးတွေအတွက် နေရာချချင်လို့ စစ်တိုက်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ချင်ပါတယ်” လို့ ရှမ်းနီပါတီ ဥက္ကဋ္ဌက ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလာကြတဲ့အခါ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အသီးသီးတို့မှာ စစ်ပွဲတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးကြရပြီး စစ်ဘေးရှောင်ဘဝနဲ့ တနယ်တကျေးမှာ ဒုက္ခကြီးစွာ ရောက်နေကြရတယ်လို့ ရှမ်းနီပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KIO/KIA ဟာ ၂၀၂၄ ခုနှစ်မှာ မိုးမောက်နဲ့ မန်စီမြို့တွေကို သိမ်းပိုက်ခဲ့ပြီး ဗန်းမော်မြို့ကို တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေဟာ အနီးစပ်ဆုံးဖြစ်တဲ့ ရွှေကူမြို့ကို စစ်ဘေးရှောင် နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါအပြင် KIO/KIA တို့ဟာ မိုးမောက်၊ မန်စီ၊ ဗန်းမော်မြို့တွေကနေ စစ်ရှောင်သွားကြတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်ရှိ ပစ္စည်းတွေကို ကားကြီး၊ ကားငယ်တွေနဲ့ သယ်ဆောင်ကာ ၎င်းတို့ ထိန်းချုပ်ထားရာ မြို့သစ်၊ မင်းဂျမ်းနဲ့ လွယ်ဂျယ်မြို့တွေမှာ ရောင်းချနေကြတာကို တွေ့ရပြီး KIO/KIA တို့ရဲ့ အခုလို အပြောတခြား၊ အလုပ်တခြားနဲ့ မြန်မာနဲ့ ကမ္ဘာကို လှည့်ပတ် လိမ်လည်နေခြင်းဟာ အမုန်းတရားကို ပိုကြီးထွားစေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရှမ်းနီပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် တယောက်၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တယောက်၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်၊ စုစုပေါင်း လေးယောက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo – CJ
