စဥ့်ကိုင်မှာ ရေဘေးရှောင်လာတဲ့ စက်လှေတိမ်းမှောက်လို့ တယောက်သေ ၊တယောက်စိုးရိမ်ရ

ဩဂုတ် ၁၁ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်ထဲက ရေကြီးနစ်မြုပ်နေတဲ့ကျေးရွာဘက်မှာ ရွာသားတွေမောင်းလာတဲ့ စက်လှေတိမ်းမှောက်ပြီး တယောက်သေဆုံးက တယောက်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ် ။
ရေနစ်မြုပ်နေတဲ့ မြောက်ကိုင်းကျေးရွာက ရွာသား ခြောက်ယောက်ဟာ ရေဘေးရှောင်ဖို့အတွက် စက်လှေမောင်းလာစဥ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
” ရွာဘက်ကနေ သံလမ်းဘက်ကို ကူးလာတဲ့ စက်လှေပါ ။သေဆုံးတဲ့တယောက်က လှေပေါ်ပါလာကတည်းက အသက်မရှိတော့တာ ။ ရေရစ်တဲ့သူတွေက လှေမှာဖက်တွယ်နေတာ ။ကျွန်တော်တို့ရောက်မှ ကယ်ဆယ်ရေးလုပ်ရတာ ။ စိုးရိမ်ရတဲ့ တယောက်က ရေမွန်းတဲ့လက္ခဏာပဲတွေ့ရတယ်။ အခုက ဒီဘက်မှာဆေးပေးခန်းတောင်ရေမြုပ်သွားပြီ။ခု ကျွန်တော်တို့က မြောက်ပိုင်းရွာဘက်ရောက်နေတယ်။ မြောက်ကိုင်းနဲ့ စိတ္တရ ရွာဘက်တွေကတော့ အိမ်တွေ မြုပ်ကုန်ပြီ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူကပြောပါတယ်။
စက်လှေတိမ်းမှောက်မှုမှာ အမျိုးသား သုံးယောက် ၊ ကလေးတယောက် ၊ အမျိုးသမီးတယောက်ကို အသက်ရှင်လျက်ကယ်နိုင်ခဲ့ပြီး အဲဒီထဲက အမျိုးသမီးတယောက်က စိုးရိမ်ရတာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်လို့ သိရပါတယ် ။
လက်ရှိ စဥ့်ကိုင်မြို့နယ်မှာ ဒုဋ္ဌဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြောက်ကိုင်းရွာ ၊ စိတ္တရ ရွာ ၊ ဆယ့်နှစ်ကိုင်းရွာ ၊ ကျွန်းဦးရွာ ၊ ဧည့်ပြကျေးရွာ၊ မက္ခရာကျေးရွာ၊ အင်းလျား(အရှေ့)ကျေးရွာ၊ အင်းလျား(အနောက်) ကျေးရွာ၊ တံတားဦးလေးကျေးရွာ၊ သာယာကျွန်းကျေးရွာ၊ ဘူတာ‌ကျေးရွာ ၊ ဗျင်္ညားလောရွာ ဘက်တွေမှာ ရေကြီးနေတယ်လို့ သိရပါတယ်။
ဩဂုတ် ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် ရေဝင်ရောက်ပြီး လူနေထိုင်လို့မရတော့တဲ့ ကျေးရွာက ရေဘေးသင့်သူတွေကို ရွှေ့ပြောင်းခဲ့ရကြောင်း ၊ ဒီနေ့မှာလည်း ရေဘေးသင့်သူတွေကို ပြောင်းရွှေ့ပေးနေရဆဲ ဖြစ်ပါတယ်။
​ရေကြီးတဲ့ ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တ​လေးတိုင်း​တွေမှာ ​ရေနစ်လို့​သေသူ ၂၀ နီးပါးရှိပြီဖြစ်ပါတယ်။
ဓာတ်ပုံ – မဏိစလ

Related posts

Leave a Comment

VOM News

FREE
VIEW