တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဆက်လက် ကြိုးပမ်းမယ်လို့ မိုင်းလားအဖွဲ့ ပြော

ဩဂုတ် ၁၁၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ မိုင်းလားတပ်ဖွဲ့က သူတို့ ထိန်းချုပ်တဲ့ အထူးဒေသ (၄) ဧရိယာကို တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလို သတ်မှတ်ပေးနိုင်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၀ ရက် မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန် ထည့်သွင်း ဆွေးနွေးခဲ့ပြီး အစိုးရဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်ကနေ ဆက်လက် ညှိနှိုင်းဖို့ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“အခြား အဖွဲ့တွေလိုပါပဲ။ အားလုံးက လိုချင်တာ ပွင့်ပွင့်လင်းလင်း ပြောကြတာပါပဲ။ မိုင်းလားကတော့ သူလိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ပါပဲ” လို့ ဆွေးနွေးပွဲ အကြောင်း သိရှိတဲ့ တိုင်းရင်းသား အဖွဲ့ တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
နေပြည်တော် ဆွေးနွေးပွဲကို အစိုးရဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ် ကြီး ရာပြည့်နဲ့ ကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး မိုင်းလာတပ်ဖွဲ့ ဘက် ကတော့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေ တက်ရောက်ခဲ့ ပါတယ်။
နှစ်ဖက် တွေ့ဆုံရာမှာ ကျိုင်းတုံ-မိုင်းလာ လမ်းမကြီး ပြန်လည် ပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယဲန်း တံတား ပုံမှန် ဖြတ်သန်း သွားလာရေး ကိစ္စတွေအပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍ အဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ရေး၊ အများပြည်သူ ကျန်းမာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီ ထောက်ပံ့ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး သဘောတူညီချက် တစ်ချို့ ရခဲ့တယ်လို့ မိုင်းလာ ဘက်က သတင်း ထုတ်ပြန်ပါတယ်။
အစိုးရဘက်က လက်ရှိ ဆွေးနွေးပွဲ ရလဒ်တွေကို တာဝန်ရှိသူတွေကို တင်ပြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်ချက်တွေကို ဆောင်ရွက် ပေး ဖို့ သဘောတူညီချက်တွေ ရခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည် အရှေ့ပိုင်း အခြေစိုက်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA) ဟာ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ မြန်မာ စစ်အစိုးရ (နဝတ) နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး ဒီနေ့အထိ အစိုးရနဲ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိပါဘူး။
အစိုးရက မိုင်းလားဒေသကို “ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)” လို့ သတ်မှတ်ပေးထားတာ ဖြစ်ပြီး မိုင်းလာ အဖွဲ့ကတော့ သူတို့ရဲ့ အထူးဒေသ (၄) ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးဖို့ မကြာခဏ ဆို သလို တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်သမ္မတရာထူး ရယူးပြီးနောက်မှာ တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားတာပါ။
အစိုးရအနေနဲ့ အခုလထဲမှာ UWSP/UWSA “ဝ” တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး မနေ့ကတော့ မိုင်းလားတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေနွေးခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW