ရေကြီးတာ ခုတုံးလုပ် ပြည်တွင်းဆန်စျေးကွက်စျေးတက်

ဩဂုတ် ၁၁ ၊ ၂၀၂၆
GG (VOM )
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုဂယက်ကြောင့်ဆိုပြီး ပြည်တွင်းဆန်စျေးကွက်ထဲမှာ ဆန်အမျိုးအစားအားလုံး စျေးနူန်းဆက်တိုက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
လက်ရှိဩဂုတ်လမှာ ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်လောက်အထိ စျေးနူန်းမြင့်တက်လာနေပါတယ် ။
ဆန်စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ ဧရာဝတီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းတွေမှာ ရေကြီးမှုဖြစ်နေတာကြောင့် စပါးဝယ်ယူရခက်နေပြီး ဆန်အဝင်နည်းလာတဲ့အတွက် ဆန်စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်က
” အဓိကတော့ စပါးခင်းတွေရေနစ်နေတာ နဲ့ စပါးရှားလာတာကြောင့်ပါ ။ ရန်ကုန်ကို ဆန်အဝင်လည်းနည်းလာပြီ။ အခုကိုယ်က ပြန်ဝယ်ရရင် ဆန်က တက်စျေးဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော်ပြောတာ ခုချိန် လက်ထဲရှိတဲ့ဆန်မရောင်းရင် မရှုံးဘူး ။ ရောင်းလိုက်ရင် ရှုံးပြီ။ ဘာလို့ဆို ခုဖြစ်နေတဲ့စျေးတွေ ကိုယ်ရောင်းတဲ့စျေးထက်ပိုနေတာလေ။ အဲဒီတော့ လက်ကျန်ဆန်ရှိသလောက်ကို စျေးထိန်းရောင်းပေးတယ်။ကုန်ရင်တော့ တက်စျေးပဲရောင်းနိုင်တော့မှာ ။ ” လို့ ပြောပါတယ်။
ရန်ကုန်စျေးကွက်မှာ အခုဩဂုတ်လ ၁၀ ရက်နေ့ ဆန်အမျိုးအစားအလိုက်ပေါက်စျေးက White hand ရွှေဘိုပေါ်ဆန်းတအိတ်ကို ၂၂၅၀၀၀ ကျပ်၊ သီတာမဂျမ်းတောအထူးထုတ်က ၂၁၀၀၀၀ ကျပ်၊ ဝန်ကြီးဧရာမင်းရှယ်က ၂၀၇၀၀၀ ကျပ်၊ ကုန်းဇောင်;ဧရာပဒေသာက ၂၀၅၀၀၀ ကျပ်၊ ဝက်လက်ရွှေဘိုက ၁၉၅၀၀၀ ကျပ် ၊ M + ရွှေဘိုက ၁၈၇၀၀၀ ကျပ်၊
ဧရာဝတီရွှေဘိုထူးထူးရှယ်က ၁၇၈၀၀၀ ကျပ် စျေးပေါက်နေပါတယ်။
ပုသိမ်ပေါ်ဆန်းထူးထူးရှယ် နဲ့ မြောင်းမြပေါ်ဆန်းထူးထူးရှယ်က ၁၇၇၀၀၀ ကျပ်၊ ကျားပျံထူးထူးရှယ်နဲ့ ဖျာပုံပေါ်ဆန်းထူးထူးရှယ်က ၁၇၆၀၀၀ ကျပ် ၊ မြောင်းမြဧရာပဒေသာက ၁၅၅၀၀၀ ကျပ် ၊ရွှေဝါထွန်းက ၁၅၀၀၀၀ ကျပ် ၊ ဧရာဝတီမဂျမ်းရှယ်က ၁၂၈၀၀၀ ၊ အညာသားရှယ် ၁၂၃၀၀၀ ကျပ် ၊ ပခမ်းရှယ်က ၁၂၀၀၀၀ ၊ ဆင်းသွယ်ရှယ်က ၁၁၉၀၀၀ ကျပ် ၊ ရက် ၉၀ ရှယ်က ၁၁၇၀၀၀ ကျပ်၊ မနော်သုခရှယ်.၁၁၀၀၀၀ ကျပ် နဲ့ ဇီယာရှယ်က ၉၈၀၀၀ ကျပ် စျေးပေါက်နေပါတယ်။
အခု ရန်ကုန်ဆန်စျေးကွက်မှာ စျေးနူန်းမြင့်တက်လာတဲ့ ဆန်အမျ်ုးအစားတွေဟာ ဧရာဝတီတိုင်း နဲ့ စစ်ကိုင်းတိုင်းက ထွက်ရှိတဲ့ ဆန်အမျိုးအစားတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကဆိုရင် White hand ရွှေဘိုပေါ်ဆန်းတအိတ်ကို ၂၂၀၀၀၀ ကျပ်၊ သီတာမဂျမ်းတောအထူးထုတ်က ၁၈၅၀၀၀ ကျပ်၊ ဝန်ကြီးဧရာမင်းရှယ်က ၁၈၂၀၀၀ ကျပ်၊ ကုန်းဇောင်ဧရာပဒေသာက ၂၀၅၀၀၀ ကျပ်၊ ဝက်လက်ရွှေဘိုက ၁၈၇၀၀၀ ကျပ် ၊ M + ရွှေဘိုက ၁၇၈၀၀၀ ကျပ်၊ ဧရာဝတီရွှေဘိုထူးထူးရှယ်က ၁၇၃၀၀၀ ကျပ်သာ စျေးရှိခဲ့ပါတယ်။
ပုသိမ်ပေါ်ဆန်းထူးထူးရှယ် နဲ့ မြောင်းမြပေါ်ဆန်းထူးထူးရှယ်က ၁၆၉၀၀၀ ကျပ်၊ ကျားပျံထူးထူးရှယ်နဲ့ ဖျာပုံပေါ်ဆန်းထူးထူးရှယ်က ၁၆၆၀၀၀ မှ ၁၆၇၀၀၀ ကျပ် ၊ မြောင်းမြဧရာပဒေသာက ၁၄၅၀၀၀ ကျပ် ၊ ဧရာဝတီမဂျမ်းရှယ်က ၁၁၈၀၀၀ ၊ အညာသားရှယ် ၁၁၅၀၀၀ ကျပ် ၊ ပခမ်းရှယ်က ၁၁၄၀၀၀ ၊ ဆင်းသွယ်ရှယ်က ၁၁၂၀၀၀ ကျပ် ၊ ရက် ၉၀ ရှယ်က ၁၁၀၀၀၀ ကျပ်၊ မနော်သုခရှယ် ၉၈၀၀၀ ကျပ် နဲ့ ဇီယာရှယ်က ၈၆၀၀၀ ကျပ် စျေးသာရှိခဲ့ပါတယ်။
” ဒီ ၁၀ ရက်လောက်အတွင်းမှာကို ဆန်စျေးက မြောက်လာတာ ။ အခုကာလ ပြည်ပပို့ကုန်သမားတွေလောက်ပဲ အိတ်အများအစား ဝယ်တာပါ။.ကျန်တာက လက်လီသမားလောက်ပဲရှိမယ်။ ဒါကို အခုဧရာဝတီရော အညာဘက်ပါရေကြီးတော့ စျေးကတက်လာတာ။ ရေကြီးလို့ ဆန်စပါးသယ်ယူရတာတွေ ကြန့်ကြာတာ နှောင့်နှေးတာ ရှိနိုင်ပေမယ့် စျေးခုန်တက်ရလောက်တဲ့အထိတော့ မဖြစ်နိုင်ဘူးလို့မြင်တယ်။ အခုကာလက ဆန်အရောင်းအဝယ်လည်း အေးနေတာပါ။ အခုက ဆန်အမျိုးအစား တော်တော်များများတက်သွားပါတယ်။ ” လို့ ဆန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဆန်စပါးကို ဒုတိယအများဆုံးစိုက်ပျိုးတဲ့ ပဲခူးတိုင်းထဲက ဆန်စျေးကွက်မှာလည်း ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထက် စျေးမြင့်တက်လာနေပါတယ်။
အခုလို ပြည်တွင်း ဆန်စပါးစျေးကွက် မြင့်တက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် MRF ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး ။
ဧရာဝတီတိုင်းမှာတော့ ဟင်္သာတ ခရိုင် ၊ မြန်အောင် ခရိုင် တွေထဲမှာ ဇူလိုင် ၃၁ ရက်နေ့ကတည်းက ခုချိန်ထိ ရေကြီးနေတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာလည်း ဩဂုတ် ၅ ရက်ကစလို့ ဒီနေ့အထိ ရေကြီးနစ်မြုပ်နေပါတယ်။
ဧရာဝတီတိုင်းအတွင်း ရေကြီးမှုမှာ မိုးစပါးစိုက်ဧက သောင်းနဲ့ချီပြီး ရေနစ်မြုပ်ခဲ့သလို တိုင်းအတွင်း အဓိကစိုက်တဲ့ စပါးမျိုးတွေက ပေါ်ဆန်းအမျိုးစား ၊ ဆင်းသုခ၊ မနောသုခ၊ GW-11၊ ရွှေသွယ်လေး၊ မှော်ဘီ ၃၊ ရက် ၉၀၊ ရွှေဧရာ၊ ပခမ်း ၊ ဧရာပဒေသာ စတဲ့ အထွက်နူန်းကောင်း တဲ့ စပါးမျိုးတွေကို စိုက်ပျိုးတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုမှာတော့ မိုးစပါးစိုက်ဧက နှစ်သိန်းလောက်အထိ ရေနစ်မြုပ်နေပြီး ရွှေဘိုပေါ်ဆန်း ၊ ဧရာမင်း ၊ မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုး ၊ ဒေသစပါးမျိုး အပါအဝင် စတဲ့စပါးတွေကို အများဆုံးစိုက်ပျိုးကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ /YFC

Related posts

Leave a Comment

VOM News

FREE
VIEW