ဩဂုတ် ၁၁၊ ၂၀၂၆
Shy V (VOM)
လက်ကို နောက်ပြန်လက်ထိပ်ခတ်ခံထားရတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်တယောက်ကို အခန်းတခုအတွင်း အမျိုးသားတယောက်က ရိုက်နှက်ကန်ကျောက်နေတဲ့ ရုပ်သံဖိုင်တခု ဩဂုတ်လအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။
အမျိုးသမီးငယ်ဟာ ပါးစပ်ကို တိပ်နဲ့ပိတ်ထားပြီး ကြမ်းပြင်ပေါ် လဲကျနေချိန်မှာ အမျိုးသားက ခြေထောက်နဲ့ ကန်ကျောက်နင်းပြီး တုတ်တစ်ချောင်းနဲ့လည်း ခြိမ်းခြောက်နေတာကို ရုပ်သံမှာ တွေ့ရပါတယ်။
အဲဒီရုပ်သံရဲ့ မူရင်းနေရာ၊ ရိုက်ကူးတဲ့အချိန်နဲ့ ပါဝင်သူတွေရဲ့ အချက်အလက်တွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတချို့ကတော့ အွန်လိုင်းငွေလိမ်၊ ကျားဖြန့်လုပ်ငန်းတစ်ခုအတွင်း ရိုက်ကူးထားတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။
ဒီလို အတင်းအကျပ်ရိုက်နှက်ခံနေရတဲ့ အွန်လိုင်းကျားဖြန့်လုပ်သားတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကတော့ မြန်မာနိုင်ငံအတွင်းမှာသာမက နိုင်ငံခြားသားတွေကြားမှာပါ တွေ့လာရပါတယ်။
ရုရှားနိုင်ငံသား အသက် ၁၉ နှစ်အရွယ် မာရီယာ ဆီဂန်ကိုဗာဟာ မြန်မာနိုင်ငံဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတစ်ခုကနေ ဆိုင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာခဲ့တဲ့ ဖြစ်စဉ်ကို ရုရှားအစိုးရပိုင် TASS သတင်းဌာက ဩဂုတ် ၁၀ ရက်မှာ ဖော်ပြထားပါတယ်။
မာရီယာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က မြန်မာနိုင်ငံ မန္တလေးမြို့မှာ တလ အမေရိကန်ဒေါ်လာ ၃,၀၀၀ ရရှိမယ့် အလုပ်ရှိတယ်လို့ အသိတဦးရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာနိုင်ငံကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် အလုပ်ရောက်တဲ့အခါ သူ့ရုပ်ရည်ကို အသုံးပြုပြီး အမျိုးသားတွေကို အွန်လိုင်းခရစ်ပတိုငွေကြေးမှာ ရင်းနှီးမြှုပ်နှံဖို့ လှည့်ဖြားခိုင်းစေခဲ့ပြီး သူက လက်မခံတဲ့အခါ ရိုက်နှက်ခံရတယ်လို့ ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။
နောက်ပိုင်း တာချီလိတ်ဘက်ကို ထွက်ပြေးပြီး အကူအညီတောင်းခံခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
နောက်ဆုံးမှာ ဆိုင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆိုင်ဘက်ကို ရောက်ရှိလာခဲ့ပြီး ရုရှားနိုင်ငံကို ပြန်လိုကြောင်း အကူအညီတောင်းခံခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ မာရီယာကို အွန်လိုင်းကျားဖြန့်လုပ်ငန်းရဲ့ သားကောင်တဦးအဖြစ် သံသယရှိပြီး ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေပါတယ်။
မာရီယာရဲ့ ဖြစ်စဉ်ဟာ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်သားတွေကို လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားပြီး ရောက်ရှိလာတဲ့အခါ မူလကတိပေးထားတဲ့အလုပ်နဲ့ လုံးဝမတူတဲ့ ငွေလိမ်လုပ်ငန်းထဲ အတင်းအကျပ် သွင်းခိုင်းစေတဲ့ ပုံစံကို ပြသနေပါတယ်။
ရှမ်းမြောက်နယ်စပ်ဒေသမှာ ကျားဖြန့်လုပ်ငန်းတခုအတွင်း အစောင့် အလုပ်လုပ်ဖူးသူ လူငယ် တယောက်ကလည်း ငွေမလိမ်နိုင်တဲ့သူတွေကို အခန်းထဲပိတ်လှောင်ပြီး ရိုက်နှက်ခိုင်းစေတယ်လို့ ပြောပါတယ်။
“ငွေမလိမ်နိုင်ရင် တိုက်ပိတ်လှောင်ထားပြီး ရိုက်ခိုင်းတယ်။ အားမပါရင် မရဘူး။ အားနဲ့မရိုက်ရင် ကိုယ့်အထက်ကလူက ကိုယ့်ကိုပြန်ရိုက်တယ်။ သနားလည်းမရဘူး။ သူတို့ခိုင်းတဲ့အတိုင်း လုပ်ရတယ်” လို့ လောက်ကိုင်မှာ ကျားဖြန့်ငွေလိမ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖူးသူက ပြောပါတယ်။
အဲဒီအတွေ့အကြုံအရ အခန်းထဲပိတ်လှောင်ခံရတဲ့သူတွေဟာ သမံတလင်းပေါ်မှာပဲ နေထိုင်ရပြီး ပုံမှန်နေထိုင်နိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ဆိုပါတယ်။
ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတစ်ခုမှာ ထမင်းဟင်းချက်ဖူးသူ မိန်းကလေးတယောက်ကလည်း သူလုပ်ကိုင်ခဲ့တဲ့ ဝင်းအတွင်းမှာ CCTV တွေ အများအပြား တပ်ဆင်ထားပြီး ငွေလိမ်လုပ်ငန်းလုပ်သူတွေကို အပြင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ ပြောပါတယ်။
အဲဒီဝင်းအတွင်းမှာ ဆေးခန်း၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ KTV၊ ဘားနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တနေရာတည်းမှာ ထားရှိထားပြီး အလုပ်သမားတွေ အပြင်ထွက်စရာမလိုအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“မီးဖိုချောင်မှာ ထမင်းဟင်းချက်နေရင်လည်း မလိမ်တတ်လို့ ရိုက်နှက်ခံနေရတာတွေ CCTV ကနေ မြင်နေရတယ်။ မီးဖိုချောင်မှာတော့ အဲဒီလို အကုန် မြင်အောင် တမင် CCTV ပြထားတာထင်တယ် ။ မထွက်ပြေးရဲအောင်၊ သူတို့ခိုင်းတဲ့အတိုင်း လုပ်အောင်ပေါ့” လို့ သူက ပြောပါတယ်။
သူမြင်တွေ့ခဲ့ရတဲ့အထဲမှာ ငွေမလိမ်နိုင်လို့ အမြဲတမ်းရိုက်နှက်ခံနေရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေ ရှိခဲ့သလို ကိုယ်ဝန်သည် တယောက်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် လူငယ်ကတော့ ငွေလိမ်တဲ့အလုပ်ကို ကျွမ်းကျင်ပြီး ဝင်ငွေကောင်းတဲ့အတွက် အဲဒီလုပ်ငန်းကနေ မထွက်ချင်ဘူးလို့ ပြောခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါပေမယ့် ငွေမလိမ်နိုင်တဲ့ အမျိုးသမီးတယောက်ကတော့ အမြဲရိုက်နှက်ခံနေရပြီး ထွက်ပြေးချင်တယ်လို့ ပြောခဲ့တာကြောင့် ကိုယ်ဝန်လည်း ရှိနေတော့ မီးဖိုချောင်အလုပ်သမားတွေက ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။’
“သူက ဗိုက်ကြီးနေတယ်။ သူထွက်ပြေးချင်တယ်လို့ ပြောတယ်။ သူတို့က အပြင်ထွက်လို့မရတော့ ကားလည်းငှားလို့မရဘူး၊ သုံးဘီးလည်း ငှားလို့မရဘူး။ ကျမတို့ မီးဖိုချောင်ကလူတွေပဲ ဟင်းသီးဟင်းရွက်တွေနဲ့ ဈေး ဝယ်ရတော့ အပြင်ထွက်လို့ရတယ်ဆိုတော့ သူ့ကို အရမ်းသနားလို့ အပြင်ထွက်ရချိန် သုံးဘီး ခိုးငှားပေးလိုက်လို့ ထွက်ပြေးလွတ်မြောက်သွားတယ်” လို့ သူက ပြောပါတယ်။
သူကိုယ်တိုင်လည်း ကျားဖြန့်လုပ်ငန်းမှာ ထမင်းဟင်းချက်ရမယ်ဆိုတာ မသိဘဲ အလုပ်လာလျှောက်ခဲ့တာဖြစ်ပြီး အလုပ်ရောက်တဲ့အခါ ပြန်ထွက်ခွင့်မရတော့ဘူးလို့ ဆိုပါတယ်။
“ငွေလိမ်နေတာ မဟုတ်ရင်တောင် ငွေလိမ်တဲ့သူတွေကို ချက်ကျွေးနေရတော့ အရမ်းပြန်ချင်တယ်။ အလုပ်က မထွက်ခိုင်းဘူး။ အိမ်ပြန်ရဖို့ အမြဲဆုတောင်းဖြစ်တယ်။ နောက်ဆုံးတော့ တိုက်ပွဲဖြစ်လာတော့ တိုက်ပွဲကနေ ဘေးလွတ်ကာ ထွက်ပြေးရလို့ အိမ်ပြန်လို့ရသွားတာ” လို့ သူက ပြောပါတယ်။
ဝ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျားဖြန့်လုပ်ငန်းတခုရဲ့ အနှိပ်ခန်းမှာ အလုပ်လုပ်ဖူးသူ မိန်းကလေး တယောက်ကလည်း အခုနောက်ပိုင်း ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေထဲ အသက်ငယ်ရွယ်သူတွေ၊ ကျောင်းသားကျောင်းသူတွေ ပိုများလာတယ်လို့ ပြောပါတယ်။
သူ့အဆိုအရ ကျားဖြန့်လုပ်ငန်းတွေဟာ မြို့ပေါ်မှာ လုပ်ကိုင်ရတာခက်လာတဲ့အတွက် ကျေးရွာနဲ့ တောတောင်ဒေသတွေဘက်ကို ရွှေ့ပြောင်းပြီး ယာယီအဆောက်အအုံတွေဆောက်ကာ လုပ်ကိုင်တာတွေ ရှိလာပါတယ်လို့ဆိုပါတယ်။
“ငွေမလိမ်နိုင်ရင် အခန်းထဲမှာ နှိပ်စက်တယ်။ တချို့ဆို နှိပ်စက်လွန်ပြီး သေသွားတာရှိတယ်။ သေသွားရင် တခြားလူတွေ မသိအောင် လျို့ဝှက်သင်္ဂြိုဟ်ကြတယ်။ ဒါပေမယ့် ရွာက သက်ဆိုင်ရာကို အကြောင်းကြားရတော့ သတင်းပေါက်ကြားသွားတာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။
ဒီသက်သေခံချက်တွေဟာ အရင်နှစ်တွေက ကျားဖြန့်လုပ်ငန်းအတွင်း အလုပ်လုပ်ခဲ့ဖူးသူတွေရဲ့ အတွေ့အကြုံတွေဖြစ်ပြီး လက်ရှိ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်နဲ့ တိုက်ရိုက်ဆက်စပ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ကျားဖြန့်လုပ်ငန်းမှာ အလုပ်လုပ်သူတိုင်းဟာ ကိုယ်တိုင်ဆန္ဒနဲ့ ပါဝင်သူတွေချည်း မဟုတ်ဘူးဆိုတာကိုတော့ အဆိုပါအတွေ့အကြုံတွေက ပြသနေပါတယ်။
တချို့က ငွေလိမ်လုပ်ငန်းဆိုတာ မသိဘဲ အလုပ်ခေါ်စာတွေကို ယုံကြည်ပြီး ရောက်ရှိလာကြတာဖြစ်ပြီး ရောက်တဲ့အခါ ပြန်ထွက်ခွင့် မရှိတော့တာတွေ ရှိပါတယ်။
တချို့ကတော့ ငွေလိမ်နိုင်တဲ့အတွက် ဝင်ငွေကောင်းပြီး အဲဒီလုပ်ငန်းထဲမှာ ဆက်နေချင်လာကြပေမယ့် မလိမ်နိုင်တဲ့သူတွေကတော့ ရိုက်နှက်မှု၊ လှောင်ပိတ်မှုနဲ့ အကြမ်းဖက်မှုတွေကို ခံရပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မူဆယ်မြို့ကို ဖိတ်ခေါ်ခံရပြီး ပြန်ပေးဆွဲခံခဲ့ရသူ အမျိုးသားတယောက်ရဲ့ ဖြစ်စဉ်ကလည်း ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်ငွေညှစ်မှုတွေ ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာကို ဖော်ပြနေပါတယ်။
သူဟာ မိတ်ဆွေတယောက်ရဲ့ မိတ်ဆွေဆိုသူက မင်္ဂလာပွဲကိစ္စနဲ့ ဖိတ်ကြားတာကို ယုံကြည်ပြီး ရန်ကုန်ကနေ မန္တလေး၊ အဲဒီကနေ မူဆယ်ကို သွားခဲ့တာလို့ ဆိုပါတယ်။
မူဆယ်ရောက်ပြီးနောက် လူလေးယောက်က လာရောက်ခေါ်ဆောင်သွားပြီး လူမရှိတဲ့နေရာမှာ မျက်လုံးကို ခေါင်းအိတ်နဲ့ဖုံးကာ လက်ထိပ်ခတ်ပြီး ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့နေရာတစ်ခုကို ခေါ်ဆောင်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီနေရာမှာ ယခင်က လောက်ကိုင်မှာ ဖြစ်ခဲ့တဲ့ ငွေလွှဲငွေလဲလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အကြွေးကိစ္စကို အကြောင်းပြပြီး သူ့ဆီက ကျပ်သိန်း ၇,၀၀၀ တောင်းခဲ့ကာ နောက်ပိုင်းမှာ ကျပ်သိန်း ၆,၀၀၀၊ နောက်ဆုံး ကျပ်သိန်း ၃,၀၀၀ ပေးရင် လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေမရှာပေးနိုင်တဲ့အခါ ရိုက်နှက်ကန်ကျောက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ သူ့ရဲ့ ဖုန်းနဲ့ လူမှုကွန်ယက်အကောင့်တွေကို အသုံးပြုပြီး အခြားသူတွေဆီ ငွေချေးတောင်းခိုင်းခဲ့ပါတယ်။
“ဖုန်းမှာ ပို့ရမယ့်စာတွေလည်း သူတို့ပြောတဲ့အတိုင်းပဲ ပို့ရတာ။ မဟုတ်ရင် သူတို့က လက်နက်နဲ့ချိန်တယ်၊ ခြေထောက်နဲ့ကန်တယ်။ တုတ်ချောင်းတွေနဲ့လည်း ရိုက်တယ်” လို့ ပြန်ပေးဆွဲခံရသူက ပြောပါတယ်။
နောက်ဆုံးမှာ မိသားစုနဲ့ ကူညီပေးသူတွေထံကနေ ကျပ်သိန်း ၃,၀၀၀ ကျော် ရရှိပြီးနောက် သူနဲ့အတူ ဖမ်းဆီးခံခဲ့ရသူကိုပါ ပြန်လွှတ်ပေးခဲ့ပါတယ်။
လွှတ်ပေးချိန်မှာ မှတ်ပုံတင်ကတ်နဲ့ ငွေကျပ် ၁၀ သိန်းသာ ပြန်ပေးခဲ့ပြီး ပတ်စ်ပို့နဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လွတ်မြောက်မလာခင် သူတို့ကို အရှက်ရစေမယ့် ဗီဒီယိုတွေ ရိုက်ကူးထားပြီး အမှုကို အပြင်ထွက်ပြောဆိုတာ၊ ရဲတပ်ဖွဲ့ကို တိုင်ကြားတာတွေ လုပ်ရင် အဲဒီဗီဒီယိုတွေကို အွန်လိုင်းပေါ် ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေအတွင်း အတင်းအကျပ်ခိုင်းစေခံရသူတွေဟာ တစ်ဖက်မှာ ငွေလိမ်ဖို့ ဖိအားပေးခံရပြီး တစ်ဖက်မှာတော့ ငွေမလိမ်နိုင်ရင် အကြမ်းဖက်နှိပ်စက်ခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း အလုပ်လုပ်ခဲ့ဖူးသူတွေဆီက သိရပါတယ်။
တချို့အတွက်တော့ ကျားဖြန့်ဟာ လစာကောင်းတဲ့ အလုပ်တခု ဖြစ်လာပေမယ့် တချို့အတွက်တော့ မထွက်နိုင်တဲ့ အကျဉ်းထောင်တခု ဖြစ်လာပါတယ်။
ငွေလိမ်နိုင်ရင် အကျိုးအမြတ်ရပြီး မလိမ်နိုင်ရင် ရိုက်နှက်ခံရတဲ့ ဒီစနစ်အတွင်းမှာ အလုပ်သမားဆိုတဲ့ စကားလုံးနောက်ကွယ်မှာ လူကုန်ကူးခံရသူ၊ အတင်းအကျပ်ခိုင်းစေခံရသူနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်တွေပါ ရှိနေပါတယ်။
လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ရဲ့ မူရင်းနေရာနဲ့ ဖြစ်စဉ်အမှန်ကို အတည်မပြုနိုင်သေးပေမယ့် အဲဒီရုပ်သံက မေးခွန်းတခုကို ပြန်ထုတ်ပေးနေပါတယ်။
“ငွေလိမ်ဖို့ မတတ်နိုင်တဲ့သူတွေကို ဘယ်သူတွေက ဘာကြောင့် ငွေလိမ်ခိုင်းနေကြတာလဲ”
ကျားဖြန့်လုပ်ငန်းရဲ့ နောက်ကွယ်မှာ ငွေလိမ်သူတွေသာ ရှိနေတာမဟုတ်ဘဲ၊ ငွေလိမ်ဖို့ အတင်းအကျပ်ခိုင်းစေခံရပြီး မလိမ်နိုင်တဲ့အခါ ကိုယ်တိုင် အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်လာရတဲ့ လူတွေလည်း ရှိနေပါတယ်။
