မန္တလေး၊ သြဂုတ်- ၁၄- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်နဲ့ အပန်းဖြေ စခန်း ၁၅ ခုရှိတဲ့အထဲက ၁၃ ခုက လိုင်စင်မရှိပဲ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စုအတွင်းက အပန်း ဖြေစခန်း ၁၅ ခုက တရားဝင် လိုင်စင်ရှိ/မရှိ နဲ့ အကယ်၍ လိုင် စင်ရှိပါက နိုင်ငံတော်ဘဏ္ဍာငွေ သို့မဟုတ် တိုင်းဘဏ္ဍာငွေအခွန်ရရှိမှု ရှိမရှိ ဆိုတဲ့မေးခွန်းကို ပြင်ဦးလွင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်က လွှတ်တော်ကတဆင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးဌာနကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာ ၃ မိုင် သဘာဝ အပန်းဖြေစခန်း၊ ၃ မိုင် ပြည်သူ့နန်းတော်၊ ၅ မိုင် ပြည်သူ့နန်းတော်အပန်းဖြေစခန်း၊ ၅ မိုင် မြင်းစီးကွင်း၊ DDOD အပန်းဖြေစခန်း၊ ရွှေခေတ်အပန်းဖြေစခန်းနဲ့ စားသောက်ဆိုင်၊ ဖလန်းဖလန်း ၆ မိုင် ရေလှိုင်းကမ္ဘာအပန်းဖြေစခန်း၊ ရွှင်ပြုံးအပန်းဖြေစခန်း၊ ၇ မိုင် အပန်းဖြေစခန်း၊ ဝှက်ကား ၃ ဆင့် ရေတံခွန် အပန်းဖြေစခန်း၊ သစ္စာစိန်စီအပန်းဖြေစခန်း၊ ဒီးဒတ်ရေပြာအိုင်အပန်းဖြေစခန်း၊ ၁၃ မိုင် ဖလန်းဖလန်း အပန်းဖြေဥယာဥ်၊ ၁၃ မိုင် View Point၊ မန္တလေး Water Boom ဟိုတယ်နဲ့ အပန်းဖြေစခန်း စုစုပေါင်း ၁၅ ခုရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ အပန်းဖြေစခန်း ၁၅ ခုထဲကမှ ၇ မိုင်အပန်းဖြေစခန်းနဲ့ မန္တလေး Water Boom အပန်းဖြေစခန်း နှစ်ခုဟာ အခြားနည်းခွင့်ပြုချက်နဲ့ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်နဲ့ လာရောက် လျှောက်ထားတာကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အခွန်စည်းကြပ်ကောက်ခံပြီးလုပ်ငန်းလိုင်စင် ထုတ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။
” ၂၀၁၈ ခုနှစ်မှာ မန္တလေး Water Boom အပန်းဖြေစခန်းအမည်နဲ့ ဟိုတည်လုပ်ငန်းစဥ်လျှောက်ထားရာ တိုင်းဒေသကြီး ရေအရင်းမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတဆင့် ပို့ဆောင်ရေးဝန်ကြီးဌာနကို တင်ပြခဲ့ရာ ကမ်းနားနဲ့ ပေ ၁၅၀ အတွင်းဇအဆောက်အဦဆောက်မည်ဆိုပါက တိုင်းဒေသကြီး ရေအရင်းမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သဘောထားမှတ်ချက်ကို ရယူသွားရမည်ဖြစ်ကြောင်းပြန်ကြားခဲ့ပါတယ်၊ အပန်းဖြေစခန်း ၁၅ ခုမှ ၃ မိုင် သဘာဝ အပန်းဖြေစခန်း၊ ၅ မိုင် မြင်းစီးကွင်း၊ DDOD အပန်းဖြေစခန်းနဲ့ စား သောက်ဆိုင်၊ ဖလန်းဖလန်း ၆ မိုင် ရေလှိုင်းကမ္ဘာအပန်းဖြေစခန်း၊ ရွှင်ပြုံးအပန်းဖြေစခန်း၊ ၇ မိုင် ကမ်းခြေ အပန်းဖြေစခန်းနဲ့ စားသောက်ဆိုင်၊ ၁၃ မိုင် ဖလန်းဖလန်း အပန်းဖြေဥယာဥ်၊ ၁၃ မိုင် View Point၊ မန္တလေး Water Boom ဟိုတယ်နဲ့ အပန်းဖြေစခန်း တွေကို ပြည်တွင်းအခွန်များဦးစီးဌာနမှ နှစ်စဥ် အခွန်စည်းကြပ်ကောက်ခံမှုများရှိသော်လည်း၊ ကမ်းနားနယ်နိမိတ်မှာပါဝင်တဲ့ အပန်းဖြေစခန်းများအား ရေအရင်းမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းနားနဲ့ ခွင့်ပြုခ ကောက်ခံခြင်းမရှိသေးကြောင်း တွေရပါတယ် ” လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက် က ပြန်လည်ဖြေကြားပါတယ်။
မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀ ရက် ၅ လ ၂၀၂၂ မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သငျေ်ဘာဆိပျမြား၊ ဆိပ်ခံများဥပဒေအရ ၃ မိုင်သဘာဝ ကမ်းသာယာအပန်းဖြေစခန်း၊ ၅ မိုင်ပြည်သူ့နန်းတော်အပန်းဖြေစခန်း၊ ၇ မိုင်ကမ်းခြေအပန်းဖြေစခန်း၊ ၁၃ မိုင် ဖလန်းဖလန်းအပန်းဖြေဥယာဥ်၊ မန္တလေး Water Boom အပန်းဖြေစခန်း ဆိပ်ကမ်းနယ်အတွင်းခွင့်ပြုချက်မဲ့ အဆောက်အဦးတွေဆောက်လုပ်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
ဒုဋ္ဌဝတီမြစ်ကြောင်းတလျှောက်က အပန်းဖြေစခန်းတွေကို တရားဝင်လုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကမ်းနားနယ် ပေ ၁၅၀ အတွင်းရှိ မြေဧရိယာတွေကို ကမ်းနားနယ် ခွင့်ပြုခကို ကောက်ခံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေအတွင်း ပေးသွင်းဆောင်ရွက်နိုင်ရန် အခွန်အခကောက်ခံနိုင်ရန် မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သငျေ်ဘာဆိပျမြား၊ ဆိပ်ခံများဥပဒေ ပုဒ်မ ၃ အရ၊ အစည်းဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကောက်ခံမယ့် အခွန်အခနှုန်းထားတွေကို ထုတ်ပြန်သွားမယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက် က ပြန်လည်ဖြေကြားပါတယ်။
ကမ်းနားနယ် အသုံးပြုခပေးသွင်းပြီးရင် သက်ဆိုင်ရာစည်ပင်သာယာအဖွဲ့အစည်းတွေဆီကို ဆက်လက် လျှောက်ထားရမှာဖြစ်ပြီး ကမ်းနားနယ်အတွင်းမှာ မပါဝင်တဲ့ မြေဧရိယာတွေကို လယ်ယာမြေကို တခြားနည်းနဲ့ အသုံးပြုခွင့်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စည်ပင်သာယာရေးအဖွဲ့က တရားဝင်လိုင်စင်ထုတ်ပေးထားတဲ့ အပန်းဖြေစခန်း ၂ ခုကလဲဲပြီး လိုင်စင်မရှိပဲ ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်း ၁၃ ခုကိုလုပ်ငန်းလိုင်စင်ရရှိအောင်သတ်မှတထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ပြလျှောက် ထားဖို့ ညွှန်ကြားသွားမှာဖြစ်ပြီး တရားဝင်လိုင်စင်မရှိပါက လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
၇ မိုင် အပန်းဖြေစခန်းကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် အစပိုင်းမှာ ၇ မိုင် စိုက်ပျိုးရေးခြံ အဖြစ် လူသိများခဲ့ပြီး နောက်ပိုင်းမှာ သဘာဝအပန်းဖြေစခန်းအဖြစ် ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက်ပိုင်း ဒုဋ္ဌဝတီမြစ်ဘေးတလျှောက်မှာ နာမည်အမျိုးမျိုးနဲ့ အပန်းဖြေစခန်းတွေ ပေါ်ပေါက်လာခဲ့ပြီး စာရင်းမှတ်တမ်းတွေအရ အပန်းဖြေစခန်း ၁၅ ခုအထိရှိတယ်လို့ သိရကာ အဲ့ဒီအထဲက တရားဝင်လိုင်စင် လျှောက်ထားပြီး ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်း ၂ ခုသာရှိတယ်လို့ သိရပါတယ်။
