မုံရွာ သြဂုတ်- ၁၄ -၂၀၂၆
MW(VOM)
သဘာဝဘေးကြောင့် ပျက်ဆီးခဲ့တဲ့ နန်းယွန်းမြို့၊ တိုင်းခမ်းချောင်းက အသေးစားရေအားလျပ်စစ်စက်ရုံကို ပြင်ပေးမယ်လို့ သြဂုတ်လ၁၃ရက်ကကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ စစ်ကိုင်းတိုင်းသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက အဖြေပေးခဲ့ပါတယ်။
အကြီးစားပြင်တဲ့ လုပ်ငန်းကို နှစ်ဆက်လုပ်ငန်းအဖြစ်၂၀၂၆-၂၇နှစ်ကနေ ၂၀၂၈-၂၉ နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်းအစိုးယရ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်သန်းဝင်းက ဖြေကြားတာပါ။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ နာဂဒေသ နန်းယွန်းမြို့နယ် တိုင်းခမ်းချောင်းရေအားလျပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ပေးဖို့အစီအစဥ်ရှိမရှိ မေးခွန်းကို နန်းယွန်းမြို့နယ်အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနောက်တွန်းက မေးမြန်းတာဖြစ်ပါတယ်။
“ရေကြီးရေလျှံမှုဖြစ်ပွားနေချိန်မှာ ရေဝင်ကွန်ကရစ်ပိုက်လိုင်း အထိုင်နေရာကို ရေတိုက်စားတာကြောင့် မြေပြိုကျသွားတဲ့နေရာမှာ နန်းယွန်းမြို့က ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ဒေသနည်းဒေသဟန်နဲ့ ယာယီဒေါက်တိုင်တွေစိုက်ထူပြီး ဝိုင်းဝန်းထိန်းသိမ်းခဲ့ကြပါတယ်။ ဒါပေမယ့် မိုးဆက်ရွာတာကြောင့် အခြားတနေရာမြေပြိုကျမှု ထပ်မံဖြစ်ပွားတာကြောင့် ကွန်ကရစ်ပိုက်လိုင်းခန့်မှန်းခြေပေ၂၀၀ လောက်ကျိုးကျပျက်ဆီးသွားခဲ့ရပါတယ်။သဘာဝဘေးကြောင့် ပျက်သွားတဲ့ တိုင်းခမ်းရေအားလျပ်စစ်စက်ရုံကို ပြန်လည်ပြုပြင်နိုင်တာမျိုး မရှိသေးတဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မြို့နေပြည်သူတွေ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်တွေ ကျောင်းသားကျောင်းသူတွေနဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေ အပါအဝင် လျပ်စစ်မီးကို အဓိကအားပြုလည်ပတ်နေရတဲ့ လုပ်ငန်းတွေအားလုံးဟာ အဖက်ဖက်က အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာပါ”လို့ဦးနောက်တွန်းက လွှတ်တော်မှာ မေးခဲ့ပါတယ်။
နန်းယွန်းမြို့မှာ လျပ်စစ်မီးမလို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာဟာ ၂၀၂၆ ခုနှစ်မေလ၂၈ရက်နေ့က ၂နှစ်ပြည့်ခဲ့ပြီဖြစ်တာ
ကြောင့် နန်းယွန်းမြို့ပေါ်က ပြည်သူတွေ ဒုက္ခကြုံနေရတဲ့ အခြေအနေက အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ ပျက်ဆီးသွားတဲ့ ရေအားလျပ်စစ်စက်ရုံနဲ့ ပိုက်လိုင်းတွေကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးစေလိုတယ်လို့ ဦးနောက်တွန်းကတွန်းအားပေးထားပါတယ်။
သဘာဝဘေးကြောင့် ပျက်ဆီးခဲ့တဲ့ နန်းယွန်းမြို့၊ တိုင်းခမ်းချောင်းအသေးစားရေအားလျပ်စစ်စက်ရုံ အကြီးစားပြုပြင်တဲ့လုပ်ငန်းကို ၂၀၂၆-၂၇ နှစ်ကနေ ၂၀၃၀-၃၁ နှစ်အထိ ကာလတို ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းမှာ ထည့်သွင်းလျာထားပြီးဖြစ်ပါတယ်။
နှစ်ဆက်လုပ်ငန်းအဖြစ် ၂၀၂၆-၂၇နှစ်ကနေ ၂၀၂၈-၂၉ နှစ်အတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၂၆-၂၇နှစ်မှာ ရန်ပုံငွေကျပ်သန်း ၂၀၀၀ ခွင့်ပြုထားပါတယ်။ တင်ဒါခေါ်ဆိုနိုင်ဖို့အတွက်ပြန်လည်ပြုပြင်မယ့် ဒီဇိုင်းနဲ့ကုန်ကျစရိတ်ကို လျပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ရေအားလျပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနကို ပေးပို့စစ်ဆေးလျက်ရှိပါတယ်။ စိစစ်ပြီးရင် ၂၀၂၆-၂၇နှစ်အတွင်း တင်ဒါခေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဩဂုတ်လ ၁၃ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် စစ်ကိုင်းတိုင်းလွတ်တော် တတိယပုံမှန်အစည်းအဝေးမှာ နန်းယွန်းမြို့နယ် အမှတ်(၁) တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးနောက်တွန်းက တိုင်းခမ်းချောင်း ရေအားလျပ်စစ်စက်ရုံနှင့်ပတ်သက်လို့ မေးမြန်းရာမှာ စစ်ကိုင်းတိုင်းအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းက ဖြေထားတာပါ။
တိုင်းခမ်းရေအားလျပ်စစ်စက်ရုံကို ၂၀၁၅-၁၆နဲ့ ၂၀၁၆-၁၇နှစ်တွေက စစ်ကိုင်းတိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၉၅၂၅ဒသမ၆သန်းနဲ့ မြန်မာဟိုက်ဒရိုပါဝါကုမ္မဏီက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
နန်းယွန်းမြို့မှာ ၂၀၂၄ ခုနှစ်မေလ ၂၇- ၂၈နေ့များက မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျံမှုတွေ ဖြစ်ခဲ့တာကြောင့် နန်းယွန်းမြို့ကို လျပ်စစ်မီးပေးနေတဲ့ 1000 KW(1 MW) စွမ်းအားရှိတဲ့ တိုင်းခမ်းချောင်းအသေးစားရေအားလျပ်စစ်စက်ရုံရဲ့ ရေဝင်ကွန်ကရစ်ပိုက်လိုင်းတွေ ကျိုးကျပျက်ဆီးခဲ့ရပြီး ဒီနေ့အထိ နန်းယွန်းမြို့ပေါ် မှာ လျပ်စစ်မီးပြန်ရတာ မရှိသေးတဲ့အတွက် ဒေသခံ ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဦးနောက်တွန်းကဆိုပါတယ်။
