ဩဂုတ် ၁၃၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွေမှာ အခုရက်ပိုင်းအတွင်း ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။
မူဆယ်မြို့နယ်အတွင်းက တော်ရွက်ရပ်ကွက်ထဲက ငွေလိမ်ဂိုဏ်းတခုကို ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက အခုလ ၁၁ ရက်နေ့မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ တရုတ်နိုင်ငံသား အယောက် ၆၀ ကို ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာပါ။
“သတင်းရလို့ ဝင်ဖမ်းတာလို့ပြောတယ်။ တရုတ်တွေ မိတာရှိတယ်။ တခြား နေရာတွေမှာလည်း ရှိသေးတယ်။ မူဆယ်က တရုတ်နဲ့ ကပ်နေတော့ ကျားဖြန့် တွေက ဝင်လိုက်ထွက်လိုက်ပါပဲ” လို့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။
မူဆယ်မြို့ဟာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်ပြီး ပြည်သူ့ စစ်တပ်ဖွဲ့တွေ အများအပြား လှုပ်ရှားတဲ့ တရုတ်နယ်စပ်မြို့တခု ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဆီဆောကျေးရွာအနီးမှာလည်း အခုလ ၁၀ ရက်နေ့က ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို အစိုးရတပ်က ဝင်ရောက်စီးနင်းခဲ့တာမှာ တရုတ်နိုင်ငံသား ၃၄ ယောက် ဖမ်းမိခဲ့တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးနေပြီး နောက်ကွယ်ကနေ ပါဝင်သူတွေကို လည်း အရေးယူမယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
လဲချားမြို့နယ်အတွင်းမှာ အစိုးရတပ်အပြင် မန်ပန်ပြည်သူ့စစ်၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ (SSPP/SSA) နဲ့ (RCSS/SSA) တပ်ဖွဲ့နှစ်ဖွဲ့လုံး လှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
အဲဒီဒေသအတွင်းမှာ ၂၀၂၄ ခုနှစ်ကတည်းက ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေ နေရာအနှံ့မှာ ရောက်နေတာလို့ ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြပါတယ်။
အခုလအတွင်းမှာ ရှမ်းပြည်တောင်ပိုင်းဒေသအတွင်းကနေ ကျားဖြန့်လုပ်ငန်း တွေကို အစိုးရတပ်က မကြာခဏဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။
အခုလ ၄ ရက်နေ့ကလည်း နမ့်စန်းမြို့နယ်၊ နားရိုင်ရွာသစ်ကျေးရွာ တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှာရှိတဲ့ ကျားဖြန့် ရုံကို အစိုးရတပ်က ဝင်ရောက် စီးနင်းခဲ့တာမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ၄၃ ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
