ဩဂုတ် ၁၃ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာနဲ့ချီရှိနေတဲ့အပြင် လူသေဆုံးမှုပါရှိလာတာကြောင့် တိုင်းအတွင်းရှိ လမ်းဘေးအစားအစာရောင်းချခြင်းကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ ၂၈၀ ယောက်ရှိခဲ့ပြီး အဲဒီထဲက အသက်၉၀ကျော်တယောက်သေဆုံးကာ ၅၄ ယောက်မှာ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေနိုင်တဲ့ လမ်းဘေး အစားအစာရောင်းချခြင်းကို ဒီနေ့ကစပြီး သုံးရက်မှ ငါးရက်အတွင်း ရောင်းချခြင်း တားမြစ်လိုက်ပြီး ပြန်လည် ရောင်းချရမယ့်အချိန်ကိုလည်း ရောဂါအပေါ်မူတည်ပြီး ထပ်မံအသိပေးသွားမယ်လို့ အုပ်ချုပ်ရေး နဲ့ရဲတပ်ဖွဲ့ ၊စည်ပင်တို့ပူးပေါင်းပြီး သတိပေး တားမြစ်လိုက်တာဖြစ်ပါတယ်။
” ညက လိုက်ကြေငြာသွားတယ်။ လမ်းဘေးစျေးသည်တွေကို ရောင်းခွင့်ပိတ်လိုက်တယ်ဆိုပြီးတော့ ။ အခုကဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတော့ လမ်းဘေးစာလည်း မစားရဲပါဘူး ။ ပိတ်လိုက်တာတော့ ပိုကောင်းတာပေါ့ ။ ” လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ကျောက်တံတားမြို့နယ် ဒေသခံကပြောပါတယ်။
လက်ရှိမှာ ဝမ်းပျက်ဝမ်းလျှော လူနာတွေကို အရေးပေါ်ဌာနနဲ့ စောင့်ကြည့်လူနာဌာနမှာ အရေးပေါ်ကုသမှုပေးနေပြီး လူနာဦးရေ ဆက်လက်များပြားလာနိုင်တဲ့အတွက် ဆေးရုံကြီးမှာ GE case Tent ကို ချက်ချင်းဖွင့်လှစ်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမခန့်ခွဲမူလုပ်ငန်းကော်မတီ ရဲ့ ဦးဆောင်မူ နဲ့ ရောဂါဖြစ်ပွားတဲ့ လမ်းမတော်၊လသာ၊ပန်းပဲတန်း၊ကျောက်တံတားမြို့နယ်တွေမှာ စည်ပင်၊ကျန်းမားရေးဦးစီးဌာန၊ခရိုင်/မြို့နယ်ထွေ/အုပ်တို့ပူးပေါင်းပြီး အစားအသောက် နဲ့ ရေကို စစ်ဆေးမှု လုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ မြို့နယ်တွေက အမှတ် (၂၄) ၊ ရွှေတောင်တန်းလမ်း အောက်၊ လမ်းမတော်မြို့နယ်နဲ့ အမှတ် (၁၄၆)၊ ၁၉ လမ်း ( အထက်) ၊ လသာ မြို့နယ်တွေမှာ သုံးစွဲတဲ့ရေထဲမှာ Residual Chlorine ပါဝင်မှုကို လက်တွေ့တိုင်းတာစစ်ဆေးဆောင်ရွက်ခဲ့ရာ Residual Chlorine 3.96 mg/ L နှင့် 0.31mg/L ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
Residual Chlorine ပါဝင်မှု ပမာဏ 1 mg/L ထက်ကျော်လွန်နေတာကြောင့် ရေကို သောက်သုံးမိပါက ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် Chlorine အနံ့ပြင်းထန်နေပါက လေသလပ်ခံ၍ Chlorine အနံ့ပျော့/ပျောက်သွားချိန်မှာ သုံးစွဲနိုင်တယ်လို့ စည်ပင်သာယာရေးကော်မတီက အသိပေးထားပါတယ်။
ဒါအပြင် အလုံမြို့နယ် ၊ သာကေတ မြို့နယ် ၊ အင်းစိန် ၊ စမ်းချောင်း ၊ မရမ်းကုန်း မြို့နယ်တွေမှာလည်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုရှိနေတာကြောင့် ကလိုရင်းဆေး ဖြန်းခြင်း ၊ ဓာတ်ဆားထုတ်နဲ့ လိုအပ်သူတွေကို Doxycycline ဆေးတိုက်ကျွေးခြင်း၊ အိမ်သာစနစ် မှန်ကန်စွာသုံးစွဲရေးနဲ့ တကိုယ်ရေ/ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကို လုပ်နေတယ်လို့ ဌာနဆိုင်ရာက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ဝမ်းရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးပါရှိတဲ့ မသန့်ရှင်းသောရေနဲ့ အစားအစာတွေကို စားသောက်မိရာမှတဆင့်ကူးစက်ဖြစ်ပွားခြင်းဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနဲ့ မိုးအကုန်ဆောင်းအကူးမှာ အဖြစ်များကြောင်း ရောဂါလက္ခဏာတွေက အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှီနံ့နံတဲ့ ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်း၊ အရေပြားရဲ့ကျုံ့ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများခြောက်သွေ့ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့အစာမစားမီ နဲ့ အစားအစာမပြင်ဆင်မီအချိန် ၊ အညစ်အကြေးနဲ့ အမှိုက် ကိုင်တွယ်ပြီးချိန်၊ အိမ်သာမှဆင်းချိန်တိုင်း.လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ စနစ်တကျ ဆေးကြောဖို့ လိုအပ်ပါတယ်။
တကိုယ်ရေသန့်ရှင်းဖို့နဲ့ ၊ ရေကိုကျိုချက်သောက်သုံးခြင်း ၊ အစားအစာကို ကျက်အောင်ချက်ပြီးမှစားသုံးခြင်း ၊ အစားအစာကို ယင်မနားအောင် လုံခြုံစွာ ဖုံးအုပ်ထားခြင်း ၊ခြင် နဲ့ယင် မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ဖို့လိုသလို ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲဖို့ လိုအပ်ပါတယ်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားကြောင်း သံသယရှိပါက အချိန်မီကုသမှုခံယူရန် နီးစပ်ရာကျန်းမာရေးဌာန နဲ့ ပြည်သူ့ဆေးရုံတွေကို သွားရောက်ပြသဖို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။
ဓာတ်ပုံ – အလုံကြက်ခြေနီ /CJ
