လုံခြုံရေးအကြောင်းပြချက်နဲ့ သီပေါက စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ခံရတဲ့ကိစ္စ ပြည်ထောင်စုအဆင့်တင်ပြထား

ဩဂုတ် ၁၃၊ ၂၀၂၆
NN + GG (VOM)
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက စာသင်ကျောင်း ၁၇ ကျောင်း ကို လုံခြုံရေးအရဆိုပြီး အခုလ ၃ ရက်နေ့ကစလို့ အစိုးရဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပိတ်လိုက်တဲ့ စာသင်ကျောင်းတွေထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဆောင်ကြဲရွာက အထက်တန်းနှစ်ကျောင်း၊ နောင်အန်ရွာ အလယ် တန်းကျောင်းခွဲ တကျောင်း၊ ပန်ခန်း၊ မခေါ်၊ နားတောင့်၊ ပန်စောက်မိန်း၊ နောင်တုံ၊ ပန်မိတ်ကျေးရွာတွေက မူလွန်နဲ့ မူလတန်းကျောင်း ၁၄ ကျောင်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလဆန်းက ရှမ်းဝန်ကြီးချုပ် ခရီးစဉ်အပြီးနောက်ပိုင်းမှာ ပိတ်လိုက်တာ။ စစ်တပ်က လုံခြုံရေး မပေးနိုင်တဲ့နေရာတွေဖြစ်လို့ဆိုပြီး ပိတ်တာလို့ ပြောတယ်။ ကလေးတွေတော့ ဒုက္ခရောက်ကုန်တယ်” လို့ သီပေါမြို့ခံ တယောက် က ပြောပါတယ်။
အဲဒီစာသင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ တထောင်ကျော်ရှိပြီး ဆရာ၊ ဆရာမ အယောက် ၃၀ ကျော် တာဝန်ထမ်း ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေဟာ သီပေါမြို့ပေါ်နဲ့ အနည်းဆုံး ၁၀ မိုင်ကျော် ကွာဝေးတာကြောင့် ကျောင်းဆက်တက်လိုတဲ့ ကလေးတွေဟာ သီပေါမြို့အထိ ကျောင်းလာတက်ရမယ့် အခြေအနေဖြစ်နေတာပါ။
“မဖွင့်ဘူးဆို အစကတည်းက မဖွင့်တာကောင်းတယ်။ အခုတော့ ကလေးတွေ ကျောင်းတဝက်လောက်ရောက်မှ ဒီလိုမျိုးလုပ်တာ အဆင်မပြေဘူး။ ဒီဘက်မှာလည်း နယ်မြေအခြေအနေက အေးဆေးပါပဲ။ ကလေးတွေပဲ ဒုက္ခရောက်ကုန်တာ” လို့ သီပေါမြို့ခံ နောက်တယောက်က ပြောပါတယ်။
လက်ရှိ ပိတ်လိုက်ရတဲ့ စာသင်ကျောင်းတွေဟာ MNDAA တပ်ဖွဲ့ ထိန်းချုပ်နယ် မြေမှာ ရှိတယ်ဆိုပေမယ့် ကျောင်းဖွင့်ခွင့်ရဖို့ MNDAA က ခွင့်ပြုပေးခဲ့သလို ပညာရေးဝန်ကြီးဌာနနဲ့လည်း သေချာညှိနှိုင်းခဲ့ရတာလို့ သီပေါမြို့နယ် ရှမ်းနှင့် တိုင်းရင်းသားများပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောပါတယ်။
ကျောင်းတွေစဖွင့်ကတည်း ခုချိန်ထိ အဖွဲ့အစည်းတွေအနေနဲ့ ဒေသခံပြည်သူနဲ့ ကျောင်းသား ၊ဆရာ/မ တွေအပေါ် မည်သည့်အရာမျှ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းကို မပြုလုပ်ခဲ့ဘဲ ကျောင်း ၁၇ ကျောင်းကို ပိတ်ခဲ့တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကျောင်းတွေ ပြန်ဖွင့်ခွင့်ရရှိရေးအတွက် ကိုယ်စားလှယ်တွေပေါင်းပြီး ပြည်ထောင်စုအဆင့်ကိုလည်း တင်ပြထားတယ်လို့ သိရပါတယ်။
” အမှန်က ဒီကျောင်း ၁၇ ကျောင်းလုံခြုံရေးအရ မပေးနိုင်ဘူး ဆိုတဲ့မှတ်ချက်နဲ့ ပိတ်လိုက်တယ်ဆိုတာ သိရတယ် ။အခု ပြည်ထောင်စုအဆင့်ကို တင်ပြထားပါတယ်။ အဓိက ကျောင်းပြန်ဖွင့် ပေးဖို့ တင်ပြတာပါ ။” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက် စံက ပြောပါတယ်။
စာသင်ကျောင်းတွေ ပိတ်လိုက်တဲ့အပေါ်မှာ သီပေါမြို့ခံတွေက ဝေဖန်မှုရှိသလို ကျောင်းသား မိဘတွေ ၊ ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ် ကလည်း သဘောမတူ လက်မခံကြောင်း ပြောပါတယ်။
ကျောင်းပေါင်း ၁၇ ကျောင်းကို ပိတ်လိုက်တဲ့အတွက် ကျောင်းသား/သူ ၁၀၀၀ ကျော် ပညာသင်ကြားမှုရပ်ဆိုင်းသွားပြီလို့သိရပါတယ်။
၁၂၀၇ တိုက်ပွဲအတွင်း TNLA သိမ်းခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြီးခဲ့တဲ့နှစ် မှာ ပြန်သိမ်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအချို့ကို အစိုးရတပ်က ထိန်း ချုပ် နိုင်ခဲ့ပေမယ့် လားရှိုး-သီပေါလမ်းပိုင်းနဲ့ သီပေါ-နမ့်လန်လမ်းပိုင်းက ကျေး ရွာတွေကိုတော့ MNDAA ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတုန်းကလည်း သီပေါမြို့နယ်အတွင်းက MNDAA ထိန်းချုပ်ခဲ့တဲ့ ကျေးရွာအချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ သီပေါမြို့က စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ မြို့ဖြစ်ပါတယ်။
ဓာတ်ပုံ / CJ

Related posts

Leave a Comment

VOM News

FREE
VIEW