သဖန်းဆိပ်ဆည်ကနေ ရေထပ်လွှတ်လို့ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းဖို့လို

ဩဂုတ် ၁၃ – ၂၀၂၆
SN (VOM)
အခုရက်ပိုင်း မူးမြစ်ရေတိုးလာပြီး စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် ရေဝင်ကောင်းတာကြောင့် ကန်ရေပြည့်အမှတ် ၅၄၅ ပေ ကျော်လာတာနဲ့အမျှ ဆည်ရေပိုလွှဲ ၁၂ ပေါက်ကနေ ဒီကနေ့ ဩဂုတ် ၁၃ ရက်၊ မနက်ပိုင်းမှာ အရင်ရက်တွေက ပမာဏထက်ပိုပြီး ရေတွေ လွှတ်ချထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
သဖန်းဆိပ်ဆည်ရဲ့ ရေပမာဏဟာ လက်ရှိမှာ ၅၄၅ ဒသမ ၇၅ ပေကို ရောက်ရှိနေပြီး ဆည်ကြံ့ခိုင်ရေးအတွက် ဖောက်ချထားရတဲ့ ရေတွေဟာ ဒီကနေ ညနေပိုင်းနဲ့ မနက်ဖြန် ဩဂုတ် ၁၄ ရက်၊ မနက်ပိုင်းမှာ ကာဘိုးဆည်အတွင်း ရောက်ရှိနိုင်ကာ လက်ရှိ ကာဘိုးဆည်မှာလည်း ရေတံခါးအားလုံး ဖွင့်ချထားရတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ဒေသတွေကို စီးဆင်းလာနိုင်တယ်လို့ သိရပါတယ်။
“စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေကြီးတာ ထပ်ဖြစ်လာနိုင်ပါတယ်။ ရေလွတ်ရာနေရာကို အမြန်ဆုံး ပြောင်းရွှေ့ဖို့လိုပါတယ်။ ရေကျပြီဆိုပြီး ကိုယ့်အိမ်ကိုယ် ပြန်နေဖို့ ပြင်ဆင်နေတဲ့သူတွေလည်း ရေလွတ်ရာနေရာတွေမှာပဲ ဆက်နေကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ကင်းတပ်ဆည်နဲ့ ကာဘိုးဆည်ကြားမှာရှိတဲ့ မူးမြစ် ကမ်းဘေး ဝဲ/ယာက ကျေးရွာတွေ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရေပြန်တိုးနေပြီး ကာဘိုးဆည် အောက်ပိုင်းနေရာတွေလည်း မူးမြစ်ရေ ထပ်တိုးနိုင်တဲ့အပြင် ရေပြန်ကျထားတဲ့ ရေဦးမြို့နယ်ရဲ့ မြေနိမ့်ပိုင်း နေရာတွေဟာလည်း လာမယ့် ၂၄ နာရီအတွင်း ရေများလာဦးမှာဖြစ်သလို ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးကမ်းကြီးဘက်လည်း ရေပြန်တက်နိုင်တယ်လို့ ဆိုပါတယ်။
“ရေကျူးဆက် လေးသောင်းကျော် လွှတ်ထားတယ်ပြောတယ်။ ထပ်ပြီးလည်း ရေလွှတ်ဖို့ရှိတယ် သိရတယ်။ တချို့နေရာတွေ ရေပြန်ကျနေပေမယ့် အခုထိ ရေမကျသေးတဲ့ နေရာတွေ ကျန်နေသေးတယ်။ ဆည်ရေ လွှတ်လိုက်ပြီဆိုရင်တော့ ရေဝင်ထားတဲ့ နေရာတွေအကုန် ရေပြန်တိုးလာနိုင်တယ်။ မူးမြစ်ရေဝင်နိုင်တဲ့ မြေနိမ့်ပိုင်းနေရာကလူတွေ ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းပြီး နေထိုင်သင့်တယ်” လို့ ရေဘေးကူညီနေသူ တယောက်က ပြောပါတယ်။
သဖန်းဆိပ်ဆည် ရေလွှတ်ချပြီးနောက် ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကောလင်း၊ အရာတော်၊ ကလေး၊ မင်းကင်း၊ စစ်ကိုင်းနဲ့ မြင်းမူ မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၉၃ ရွာရှိ လယ်ဧက ငါးသောင်းလေးထောင်ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးအဖွဲ့က မနေ့ ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ဩဂုတ် ၁၁ ရက်နေ့အထိ ရရှိတဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုကြောင့် ရေဦး၊ ကျွန်းလှ၊ တန့်ဆည်၊ စစ်ကိုင်း၊ ကန့်ဘလူနဲ့ မင်းကင်းမြို့နယ်တွေရှိ ရပ်ကွက်၊ ကျေးရွာတွေက အိမ်ထောင်စု ၃၂၂၁ စု၊ လူဦးရေ ၁၁၄၀၃ ယောက်၊ ရေဘေးရှောင်စခန်း ၂၉ ခုမှာ ယာယီရွှေ့ပြောင်း နေထိုင်နေရတယ်လို့ အသိပေးထားပါတယ်။
ရေကြီးမှုကြောင့် ဒီပဲယင်းမြို့နယ်က အမျိုးသမီးခုနစ်ယောက်၊ အမျိုးသား တယောက် စုစုပေါင်း ရှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး လက်ရှိ ရေဘေးအတွင်း ကယ်ဆယ်ရေးအဖွဲ့အင်အား နည်းပါးနေတဲ့အပြင် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး၊ အမိုးအကာ၊ မြွေဆိပ်ဖြေဆေးနဲ့ တခြား ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW