ဩဂုတ် ၁၄၊ ၂၀၂၆
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ရာ သိန္နီမှာ KTV၊ အနှိပ်ခန်းများလာပြီး အိမ်၊ မြေငှားဈေးကွက်ကို တရုတ်နိုင်ငံသားတွေ လွှမ်းမိုးထားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
“ဟိုမှာကြည့် ဟိုမှာလည်း အနှိပ်ခန်း။ သူတို့က အနှိပ်ခန်းကို ဖျော်ဖြေရေး စခန်းလို့ ရေးထားတာ။ သိန္နီမြို့ပေါ် အနှိပ်ခန်း ၆ နေရာ ထက်မနည်း ရှိတယ်။ မြင်သာထင်သာ ရှိတာ ၆ ခု။ အနှိပ်ခန်းတွေက အသန့်မဟုတ်ဘူး။ အရောတွေ။ မြို့လူဦးရေနဲ့ မလိုက်အောင် အနှိပ်ခန်းများနေတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
ဒီအနှိပ်ခန်းတွေကိုလာတဲ့ ဧည့်သည်တွေက ဒေသခံတွေ မဟုတ်ပဲ အများစုက တရုတ် နိုင်ငံသားတွေဖြစ်ပြီး KTV တွေကလည်း အများအပြားရှိလာတယ်လို့ သူက ပြောပါတယ်။
ဒေသခံအမျိုးသားတယောက်ကတော့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် သိန္နီမြို့ပေါ်မှာ အနှိပ်ခန်းတွေ မရှိသလို လောင်းကစားဝိုင်းတွေ၊ ဟိုတယ် တွေလည်း အများအပြား မရှိပဲ စကားဝါ တည်းခိုခန်းပဲ ရှေးကတည်းက ရှိတာလို့ ပြောပါတယ်။
“မြေငှားတာတွေလည်း တရုတ်နိုင်ငံသားတွေပဲ။ အဆောက်အဦး ဆောက်တာတွေလည်း တရုတ်တွေပဲ။ အိမ်တွေဆိုရင် တရုတ်နိုင်ငံသားတွေက ခါတိုင်း သုံးသိန်း လောက်နဲ့ ငှားပေးတဲ့ နေရာ အခုဆို သိန်း နှစ်ဆယ်လောက် ပေးပြီး ငှားပစ်တယ်” လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။
မြေတွေကို ငှားရမ်းတာမှာလည်း တရုတ်နိုင်ငံသားတွေက အဆမတန် ဈေးပေး ငှားရမ်းတာဖြစ်ပြီး နှစ်ပေါင်း ဆယ်ချီ စာချုပ်ချုပ်ပြီး ငှားကာ ခါတိုင်း အဆောက်အဦး မရှိတဲ့ မြေတွေပေါ်မှာလည်း တိုက်ကြီးတွေ အခိုင်အမာဆောက်လိုက်တယ်လို့ သူက ပြောပါတယ်။
ဈေးဆိုင်တွေ၊ ဆိုင်ပိုင်ရှင်တွေလည်း ၁၀ ဆိုင်လောက်မှာ မြန်မာနိုင်ငံသား ပိုင်ဆိုင် တဆိုင်လောက်သာ ရှိတော့တယ်လို့ သူက ပြောပါတယ်။ ဒေသခံတွေက စစ်ဘေးဒဏ်ကြောင့် နလန်မထူနိုင်သေးချိန် တရုတ်နိုင်ငံသားတွေက အရင်းနှီး အဆမတန်နဲ့ စီးပွားရေးဈေးကွက်တွေကို လက်ဝါးကြီး အုပ်လိုက်ကြတယ်လို့ ဆိုပါတယ်။
ဖျက်ခံရတဲ့ သိန္နီဈေးက ဈေးသည် တချို့ကိုတော့ အဲဒီ ဈေးဟောင်းအနီး ညောင်ပင်နားက လမ်းကြားတွေမှာ လမ်းဘေး ဈေးသည်အဖြစ် ပြန်လည် ရောင်းကြတာကိုတွေ့ရပါတယ်။
မူလက သိန္နီဈေးနေရာမှာတော့ ဆေးရုံသစ် တည်ဆောက်ဖို့ ဆိုင်းဘုတ်တွေ ထောင်ထားတာတွေ့ရပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကို မလုပ်တော့ပဲ ရပ်ဆိုင်းထားတာ တွေ့ရပါတယ်။
မြို့တွင်း ဆိုင်းဘုတ်တွေလည်း တရုတ်စာတွေအဓိက သုံးထားတာကြောင့် တရုတ်နိုင်ငံရဲ့ မြို့တမြို့လို ဖြစ်သွားကာ ငွေကြေးက အစ တရုတ်ငွေတွေ သုံးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စီးပွားရေး တိုးတက် ကောင်းမွန်လာတာကို ဝမ်းသာကြိုဆိုပေမယ့် မြန်မာနိုင်ငံသားတွေ မဟုတ်ပဲ လွှမ်းမိုး ချုပ်ကိုင်ထားတာကိုတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
Photo: Shy V(VOM)
