ဩဂုတ် ၁၄ – ၂၀၂၆
SN (VOM)
အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) လုပ်ငန်းရှင်တွေအနေနဲ့ သက်သာတဲ့ အတိုးနှုန်းနဲ့ ကျပ် သန်း ၁၀၀ အထိ ချေးငွေ လျှောက်ထားနိုင်သလို အာမခံပစ္စည်း မရှိသူတွေလည်း ချေးငွေအာမခံ (Credit Guarantee Insurance – CGI) စနစ်နဲ့ ကျပ် သန်း ၅၀ အထိ ချေးငွေ ရယူနိုင်တယ်လို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေတွေကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တို့မှတဆင့် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် (ဒါမှမဟုတ်) ခရိုင် MSME အေဂျင်စီတွေမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
“CGI Loan ချေးငွေ လျှောက်မယ်ဆို လျှောက်ထားတဲ့ လုပ်ငန်းရှင်က လုပ်ငန်းသက်တမ်း အနည်းဆုံး တနှစ်တော့ ရှိရပါမယ်။ SME ကတ် ရရှိပါမယ်။ အာမခံပေးဖို့ရှိတဲ့ လုပ်ငန်းရှင်တွေကတော့ လုပ်ငန်းတိုးချဲ့နိုင်ဖို့ တယောက်ကို ကျပ် သိန်း ၁၀၀၀ အထိ လျှောက်လွှာတင်လို့ ရပါတယ်” လို့ စက်မှုဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ချေးငွေစည်းကမ်း သတ်မှတ်ချက်တွေကတော့ MSME လုပ်ငန်းတခု (ဒါမှမဟုတ်) အများဆုံးထုတ်ချေးမယ့် ပမာဏအနေနဲ့ အသေးစားနဲ့ အငယ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ကျပ်သန်း ၅၀ အထိ၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ကျပ်သန်း ၁၀၀ အထိ၊ CGI စနစ်နဲ့ ထုတ်ချေးခြင်းအတွက် ကျပ်သန်း ၅၀ အထိဖြစ်တယ်လို့ သိရပါတယ်။
ချေးငွေကို ပုံသေပစ္စည်း (Fixed Capital) အတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းနဲ့အထက် အသုံးပြုပါက ချေးငွေသက်တမ်း အများဆုံး သုံးနှစ်နဲ့ တနှစ်ကို အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ လှည့်ပတ်ငွေ (Working Capital) အတွက် ၁၀၀ ရာခိုင်နှုန်း အသုံးပြုပါက ချေးငွေသက်တမ်း အများဆုံး တနှစ်ခွဲနဲ့ တနှစ်ကို အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ထားပြီး CGI စနစ် ချေးငွေကိုတော့ အတိုးနှုန်း တနှစ်ကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားတဲ့အပြင် ချေးငွေအာမခံ (CGI) ပရီမီယံကြေးကိုလည်း ထပ်ဆောင်း ကျခံရမယ်လို့ သိရပါတယ်။
ချေးငွေအတွက် တင်ပြနိုင်တဲ့ အာမခံပစ္စည်းတွေကတော့ မြေနဲ့ အဆောက်အအုံ၊ စက်၊ ယာဉ်ယန္တရား၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုလုပ်နိုင်တဲ့ ငွေချေး သက်သေခံလက်မှတ်တွေ၊ ချေးငွေအာမခံ Credit Guarantee တို့ဖြစ်တယ်လို့ သိရပါတယ်။
အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမယ့် မြေအမျိုးအစားနဲ့ အဆောက်အအုံ အမျိုးအစားတွေကတော့ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊ (၃)(ခ)မြေ၊ လယ (၃၀)(က) (ခ)မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇)၊ စက်မှုစီးပွားဂရန်၊ ကွန်ကရစ်တိုက် (RC)၊ အုတ်ညှပ်အဆောက်အအုံ၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက် အဆောက်အအုံ၊ Steel Structure၊ ခြောက်ထပ်နဲ့အထက် ကွန်ဒိုတိုက်ခန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ လုပ်ငန်း ၁၀ မျိုးကို ချေးငွေ ထုတ်ချေးခြင်းမပြုဖို့ တားမြစ်ထားပြီး အဲဒီလုပ်ငန်းတွေထဲမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ အာမခံလုပ်ငန်းတွေ၊ အသေးစား ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတွေ၊ အဖိုးတန် သတ္တုကျောက် ရောင်းဝယ်ရေးလုပ်ငန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် အရက်ဆိုင်တွေနဲ့ ပျော်ပွဲစားရုံတွေ (ခရီးသွားလုပ်ငန်းမှ အပ)၊ ဖျော်ဖြေရေး ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း (လက်နက်၊ ခဲယမ်းမီးကျောက်တွေ)၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့အရာတွေ ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ခြင်း လုပ်ငန်းတွေနဲ့ ဥပဒေအရ ကိုက်ညီမှုမရှိတဲ့ တားမြစ်ကန့်သတ်ထားတဲ့ လုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့လုပ်ငန်းတွေကိုလည်း ချေးငွေထုတ်ချေးခြင်း မပြုဖို့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
Photo – CJ
