ဩဂုတ်၁၅၊ ၂၀၂၆။
NN(VOM)
UWSA “ဝ” တပ်ဖွဲ့က သူတို့ထိန်းချုပ်နယ်မြေအတွင်းက ခရစ်ယာန် ဘုရားကျောင်းတွေအားလုံးကို ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အစွန်းရောက်တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့အချို့ ဝင်ရောက်လာလို့ ပိတ်တာလို့ ကနဦးသိရတယ်လို့ ပန်ဆန်းမြို့ခံ တချို့ဆီကနေ သိရပါတယ်။
“ယေရှုတရုတ်မ ဂိုဏ်းအဖွဲ့ ရောက်နေလို့ဆိုပြီး ပိတ်ထားမယ်လို့ သိရတာ ” လို့ ပန်ဆန်းမြို့ခံတယောက်က ပြောပါတယ်။
အစွန်းရောက်တဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့တွေ ရောက်နေတာကြောင့် တရုတ်အစိုးရဘက်က သတိပေးလို့ ပိတ်ထားရတာလို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိ သူ တွေဘက်က ပြောပါတယ်။
“ဝ” ဒေသမှာ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ပေးထားပြီး အစွန်းရောက် တဲ့ ဘာသာရေးယုံကြည်မှုကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ခရစ်ယာန် ဘုရားကျောင်းတွေကို ရက်ပေါင်း ဘယ်လောက်အထိ ပိတ်ထား မယ်ဆိုတာကိုတော့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
“ဝ” တပ်ဖွဲ့ဘက်က နားဝီးမြို့မှာရှိတဲ့ အသင်းတော် (၇) ခုလုံးကို ပိတ်သိမ်း လိုက်ပြီး “ယေရှုတရုတ်မ” ကို ယုံကြည်တယ်ဆိုတဲ့ အမျိုးသမီးတဦးနဲ့ ဓမ္မအမှုတော်ဆောင် ဆရာတဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ “ဝ” ဒေသအခြေစိုက် သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း “ဝ” ဒေသမှာ အခုလိုပဲ ခရစ်ယာန် ဘုရား ကျောင်းအချို့ ဖျက်ဆီးခံရတာ၊ ပိတ်ပင်ခံရတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုံစာ -၂၀၁၈ ခုနှစ် အတွင်းက ပိတ်သိမ်းခံခဲ့ရသည့် ဝ ဒေသခရစ်ယာန် ဘုရားကျောင်းအချို့ကို တွေ့ရစဉ်
