ဩဂုတ် ၁၆ – ၂၀၂၆
SS (VOM)
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် နှစ်နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer – MCCT) အစီအစဉ်ရဲ့ နာမည်ကို အလွဲသုံးစားပြုကာ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုတွေ ရှိနေတာကြောင့် အထူးသတိပြုကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ MCCT အစီအစဉ်မှာ အကျုံးဝင်သူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့်သာ ကောက်ယူနေတာဖြစ်ပြီး အွန်လိုင်းကနေ စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ဘူးလို့ ဆိုပါတယ်။
ဒါအပြင် အကျိုးခံစားသူ စာရင်းသွင်းဖို့ လျှောက်ထားပုံစံနဲ့ ပတ်သက်လို့လည်း ငွေကြေးတစုံတစ်ရာ ကောက်ခံတာမရှိသလို အခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အကျိုးခံစားခွင့် ရှိသူတွေကိုလည်း စာရင်းကောက်ယူတဲ့အဆင့် ပြီးဆုံးသွားပြီလို့ သိရပါတယ်။
“တရားဝင်မဟုတ်တဲ့ စာမျက်နှာတုတွေနဲ့ အကောင့်တုတွေက MCCT အစီအစဉ်အမည်ကို အသုံးပြုပြီး ငွေကြေးထောက်ပံ့မယ်လို့ ကြေညာနေတာတွေ တွေ့နေရပါတယ်။ အွန်လိုင်းကတဆင့် လင့်ခ်တွေ ပို့ခိုင်းတယ်။ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတာ၊ လျှောက်လွှာအတွက် သုံးသောင်းခွဲ ပေးရမယ်ဆိုပြီး ငွေကြိုတင်လွှဲခိုင်းတာတွေ ရှိနေတယ်။ အခုဘဏ္ဍာနှစ်အတွက် စာရင်းကောက်တာကလည်း ပြီးသွားပါပြီ။ ဒါကြောင့် ဌာနအနေနဲ့ နောက်ထပ် စာရင်းကောက်တာ လုံးဝ မရှိတော့ပါဘူး။ ဒီအချိန်မှာ MCCT အမည်နဲ့ စာရင်းကောက်တယ်ဆိုရင် အဲဒါ လိမ်ညာနေတာပါ” လို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။
MCCT ထောက်ပံ့ကြေးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကသာ သတ်မှတ်ချက်တွေနဲ့အညီ တရားဝင် ချပေးခြင်းဖြစ်ပြီး အကယ်၍ အွန်လိုင်းမှတဆင့် ငွေကြေးတောင်းခံခြင်းနဲ့ သံသယဖြစ်ဖွယ် လင့်ခ်တွေပေးပို့လာပါက မည်သည့်အချက်အလက်၊ မည်သည့်ငွေကြေးကိုမျှ မပေးဖို့လိုတယ်လို့ သူက ပြောပါတယ်။
ဌာနအနေနဲ့ MCCT အစီအစဉ်ကို ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်အပြင် ဧရာဝတီတိုင်းနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှာ အကောင်အထည် ဖော်နေတာဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ကြေးပေးနိုင်ဖို့ စာရင်းမကောက်ယူမီ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (ဒါမှမဟုတ်) နီးစပ်ရာ လူမှုဝန်ထမ်းရုံးတွေမှာ စာရင်းပေးသွင်းနိုင်ရေး အများပြည်သူ သိရှိနိုင်ဖို့ နိုင်ငံပိုင်မီဒီယာတွေနဲ့ သတင်းစာတွေမှတဆင့် ကြိုတင် နှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အကျိုးခံစားခွင့် ရှိသူတွေကို သုံးလပတ် နှစ်ကြိမ်၊ ခြောက်လစာ ထောက်ပံ့သွားမှာဖြစ်ပြီး အခုနှစ်မှ စတင်ကာ ဖုန်းကို ငွေလွှဲခြင်းစနစ်နဲ့ ထောက်ပံ့မှာဖြစ်လို့ ထုတ်ယူလိုတဲ့ ငွှေလွှဲဝန်ဆောင်မှုတွေကို မိမိတို့ရဲ့ ဖုန်းတွေမှာ ဖွင့်လှစ်ထားရမယ်လို့ အသိပေးထားပါတယ်။
“မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နှစ်နှစ်အောက်ကလေးအကုန် တန်းတူ ပေးစေချင်တယ်။ မခွဲခြားရင် ပိုကောင်းမယ်။ ပြီးတော့ တချို့က သတင်းစာ မဖတ်ဖြစ်တာ။ လူမှုကွန်ရက် မသုံးဖြစ်ကြတာရှိတယ်။ အဲဒီတော့ မသိလိုက်ကြတာများတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သေချာ အသိပေး၊ ကြေညာပေးရင် ပိုကောင်းမယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
MCCT အစီအစဉ်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့မှ မွေးဖွားလာတဲ့ ကလေးငယ်တွေ အသက် နှစ်နှစ် ပြည့်တဲ့အထိ အာဟာရပြည့်ဝစေဖို့၊ ကျန်းမာသန်စွမ်းစေဖို့ ရည်ရွယ်တာဖြစ်ကာ ပြီးခဲ့တဲ့နှစ်တွေက သုံးလတကြိမ် ထောက်ပံ့လေ့ရှိပြီး တလကို ကျပ် တသောင်းခွဲနှုန်းနဲ့ တွက်ချက်ကာ တကြိမ်ကို ကျပ် လေးသောင်းခွဲ ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။
Photo – CJ
