ဩဂုတ် ၁၆ – ၂၀၂၆
SN (VOM)
ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးကွက်အတွင်း ရှားပါးနေခြင်းနဲ့ ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် ရန်ကုန်နဲ့ အခြားမြို့ကြီးတွေရှိ ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ဖို့ခက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
သွင်းကုန်ကန့်သတ်ချက်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ငွေကြေး ဖောင်းပွမှုတွေကြောင့် ဘိလပ်မြေ၊ သံချောင်း အစရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးအဆမတန် မြင့်တက်နေတာဖြစ်ပြီး ကန်ထရိုက်တိုက် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားထားရတာတွေရှိသလို အကြမ်းထည်အဆင့်မှာတင် ရပ်တန့်နေတဲ့ လုပ်ငန်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အစိုးရရဲ့ မူဝါဒ သတ်မှတ်ချက်တွေကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို လိုသလောက် မှာယူတင်သွင်းဖို့ ခက်တယ်။ ဆိုတော့ သုံးရမယ့်ပစ္စည်းက ဈေးကွက်မှာ အလွယ်တကူ ဝယ်လို့မရဘူး။ စောင့်ဆိုင်းရတာတွေရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ လုပ်ငန်းတခု ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုတာက တော်တော်ကို အကျပ်ရိုက်စရာပေါ့။ အဆောက်အအုံတလုံးကို သူ့သတ်မှတ်ချိန်အတိုင်း ပြီးဖို့ဆိုတာ ခန့်မှန်းလို့မရတော့ဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေက တင်သွင်းနေရတာဖြစ်ပြီး လက်ရှိမှာ တည်ဆောက်ရေးအတွက် အဓိက အသုံးပြုနေရတဲ့ လုပ်ငန်းသုံး သံချောင်းတတန်ကို ပရီမီယံပါမစ်စျေး ၂၆ သိန်းကျပ်ဝန်းကျင်ရှိနေပြီး ပစ္စည်းဖိုး ပါမစ်ပေါင်းပါက သံတတန်ပေါက်စျေးက ကျပ် ၅၂ သိန်းဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
Logistics Cost, Customs Duty, Commercial Tax နဲ့ ငွေလဲ၊ ငွေဟ၊ ငွေခံခတွေနဲ့ဆိုပါက သံချောင်းဈေးဟာ အရင်းကိုပဲ တတန်ကို ကျပ် ၅၆ သိန်း၊ သိန်း ၆၀ လောက်ရှိနိုင်ပြီး တန် ၃၀၀၀ ကို ကျပ် ၅၇ သိန်းနဲ့ တွက်မယ်ဆို သိန်းပေါင်း တသိန်း ခုနစ်သောင်းတထောင် (အမေရိကန်ဒေါ်လာ လေးသန်းနီးပါး) ငွေကို မြုပ်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် Import Process သုံးလလောက် ကြာမယ်ဆိုရင်လည်း နောက်ပိုင်း ပစ္စည်းရောက်ပြီး ပြန်ရောင်းတဲ့အခါမှာ ငွေလက်ငင်းရဖို့ မသေချာသလို အရင်းတင် ကျပ်သိန်း ၆၀ လောက် ကုန်ကျနေတာဖြစ်ကာ အမြတ်ပြန်ယူနိုင်ဖို့ ကျပ် ၁၀ သိန်းလောက် ထပ်ပေါင်းမယ်ဆိုပါက သံတတန်ဈေးဟာ ကျပ်သိန်း ၇၀ ဝန်းကျင် ဖြစ်သွားပြီလို့ သိရပါတယ်။
ဒါအပြင် ဘိလပ်မြေဈေးကလည်း အမျိုးအစားပေါ် မူတည်ကာ တအိတ်ကို ကျပ် တသောင်းခုနစ်ထောင်ကျော်၊ တသောင်းရှစ်ထောင်ကျော် ရှိနေပြီး သဲတကျင်းကို ကျပ် တသိန်းသုံးသောင်းဝန်းကျင်၊ ကျောက်တကျင်းကို ကျပ် ငါးသိန်းဝန်းကျင်နဲ့ အုတ်တလုံးကို ကျပ် ၅၅၀၊ ၆၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကာ နေရာဒေသအလိုက် ဈေးနှုန်း ကွဲလွဲနိုင်တယ်လို့ သိရပါတယ်။
“ပြည်ပက တင်သွင်းရတဲ့ ပစ္စည်းတွေတင် မဟုတ်ဘူး။ ပြည်တွင်းမှာထုတ်လုပ်တဲ့ အုတ်၊ သဲ၊ ကျောက်ဈေးတွေလည်း နေ့စဉ်နဲ့အမျှ ဘက်စုံတက်တာ။ သံက အဆိုးဆုံးဖြစ်နေတာပေါ့လေ။ plant တွေဆို ဆီကိစ္စကတည်းက ထိုးတက်သွားတာ။ ပြန်က်ိုမဆင်းတော့ဘူး။ နိုင်ငံမှာ စက်သုံးဆီ ရှားပါးနေတာကလည်း သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် သက်ရောက်မှုရှိနေတယ်” လို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
ကုန်ကြမ်းပစ္စည်းတွေဟာ ဈေးတက်ပြီးရင်လည်း ပြန်ကျနိုင်ခြေ နည်းပါးတာကြောင့် တချို့ တင်ဒါလုပ်ကိုင်တဲ့သူတွေဟာ အောင်မြင်ထားတဲ့ တင်ဒါ ငွေကြေးပမာဏနဲ့ တက်လာတဲ့ ကုန်ဈေးနှုန်း မညီမျှတဲ့အခါ အခက်အခဲတွေဖြစ်ပေါ်ပြီး လုပ်ငန်းပြီးစီးအောင် မလုပ်နိုင်ဘဲ ရပ်တန့်ထားခြင်း၊ ထွက်ပြေးခြင်းတွေ ရှိလာတယ်လို့ သိရပါတယ်။
“ကုန်ကျရမယ့် စရိတ်စကနဲ့ ပြန်ပြီး တွက်ခြေကိုက်နိုင်ဖို့၊ အကျိုးအမြတ် ရရှိနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် လုပ်ငန်းအများစု မလည်ပတ်နိုင်ကြဘူး။ ကန်ထရိုက်တချို့ ထွက်ပြေးတာတွေကလည်း ဖြစ်နေတာကြာပြီ။ ဝယ်လက်တွေ သိန်းရာနဲ့ချီ ဆုံးရှုံးနေရတယ်” လို့ ကန်ထရိုက်တာ တယောက်က ပြောပါတယ်။
ကုန်ကြမ်းဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းမှာ ဘတ်ဂျက်ကို ပုံသေ တွက်ထားလို့မရတဲ့အပြင် တိုက်ခန်းအရောင်းအဝယ် ဈေးကွက်ကလည်း အေးစက်နေတဲ့အတွက် ငွေသားလည်ပတ်ဖို့ ခက်လာသလို ငွေကြေးလွှဲပြောင်းရမယ့် အပိုင်းမှာလည်း ဘဏ်စနစ် ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ရန်ပုံငွေ စီမံခန့်ခွဲဖို့ခက်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလောက အခြေအနေဟာ နိုင်ငံရေး မတည်ငြိမ်မှု၊ ကုန်ကြမ်းဈေးနှုန်း မငြိမ်မသက်ဖြစ်ခြင်းနဲ့ လုပ်သား ရှားပါးမှုတို့ကြောင့် လုပ်ငန်းအများစုမှာ အေးစက်လျက် ရှိပြီး သိသိသာသာ နှေးကွေး ကျဆင်းနေတယ်လို့ သိရပါတယ်။
Photo – CJ
