ဩဂုတ် ၁၆၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းက MNDAA ထိန်းချုပ်ရာ နယ်မြေဘက်ခြမ်း ၁၀၅ မိုင် မော်တောင်းရွာအနီးက ခိုတိန်ရွာမှာ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း အွန်လိုင်းငွေလိမ် ကျားဖြန့် အလုပ်ဆိုဒ် တခု စီးနင်းဖမ်းဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ ခိုတိမ်ရွာ ရှမ်းရွာမှာ။ ကျားဖြန့်ကို ဝင်ဖမ်းတာ ပြေးကုန်ပြီ။ မူဆယ်မြို့နယ် မော်တောင်းရွာနဲ့ နီးတယ်။ မော်တောင်းရွာ ကနေ ဆိုင်ကယ်နဲ့ ဆင်းသွားရင် မိနစ် ၂၀ လောက် ဆိုရောက်ပြီ။ တရက်နှစ်ရက်ဆို သတင်းထွက်တော့မယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေ အလုပ်လုပ် အခြေချခဲ့တဲ့ အဆောက်အဦး အိမ်ခြံဝင်းအတွင်းက သူတို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ဒေသခံတွေ ယူချင်တာအလကားလာယူလို့ ရတာကြောင့် ဒေသခံတချို့ ပစ္စည်းတွေ ဝင်ယူနေကြတယ်လို့ သူက ပြောပါတယ်။
“အဲဒီ ခိုတိန်ရွာမှာ အရင်ကတည်းက ကျားဖြန့် ရှိတယ်လေ။ မော်တောင်းရွာကနေ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လမ်းလျှောက်ရတယ်။ ခြံသွားတဲ့လမ်းဘက်ပဲ။ ရှမ်းရွာ ဟုတ်တယ်။ ရှမ်းစစ်သားတွေ ရှိတယ်။ ကျားဖြန့်လုပ်တာ ဘယ်လောက်ကြာပြီလဲ ဆိုတာ အတိအကျ မသိဘူး။ ရွာက အသိတောင်မှ အဲဒီ ကျားဖြန့်မှာ ထမင်းချက် အလုပ်သွားလုပ်တယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းကို တရုတ်တွေ အဓိက ဦးဆောင်လုပ်ပြီး ရှမ်းစစ်သားတွေ လုံခြုံရေးယူ စောင့်ပေးတာတွေကို ခြံသွားရင်း ဖြတ်လာရင် အဲဒီနားမှာ ရှမ်းစစ်သားတွေ အမြဲစောင့်ပေးနေတာ တွေ့တယ်လို့ သူက ပြောပါတယ်။
“လူမမိဘူး ထင်တယ်။ ကျားဖြန့်လုပ်နေတဲ့ လူ ၂၀၀ ကနေ ၃၀၀ လောက်အထိ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ကြားတယ်” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
တရုတ်ရဲတပ်ဖွဲ့နဲ့ အစိုးရတပ် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သတင်းပေါက်ကြားသွားတာကြောင့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူတွေ အယောက် ၃၀၀ ခန့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။
လွတ်မြောက်သွားသူတွေထဲမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေ ပါဝင်ပြီး အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
“မူဆယ်မြို့ပေါ်က ကျားဖြန့်လုပ်ငန်းလုပ်သူတွေ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ခရိုင်ဆေးရုံဝင်းထဲ မနေ့က လူသစ်တွေ ပြန်ရောက်တယ်။ လူသစ်က နေ့တိုင်း မရောက်ဘူး။ မနေ့က ဝင်တာ ရာချီတော့မရှိဘူး။ ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်လို့ ဖမ်းဆီးခံရသူတွေကို လက်ရှိမှာတော့ ငွေနဲ့ လုံးဝ ပြန်လည်း ရွေးယူလို့ မရပဲ မိသားစုဝင်တွေ လာယောက်တွေ့ဆုံချင်တယ်ဆိုရင် တွေ့ခွင့် တသိန်းခွဲ ပေးရပြီး နာရီပိုင်းတွေ့ဆုံ စကားပြောလို့ရတယ်လို့ သူက ပြောပါတယ်။
လတ်တလော မူဆယ်မှာ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို မကြာမကြာ ဖမ်းဆီးနှမ်နင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ ကလည်း မူဆယ်မြို့ စွမ်စော် ၂ လမ်းမှာ အွန်လိုင်းလိမ်လည် အလုပ် လုပ်သူ ၅၅ ယောက် နဲ့ လုပ်ငန်းသုံးပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ မေလ ကနေ ဇူလိုင်လ အထိ ၅ ကြိမ် ဖမ်းဆီးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Video Crd# ဒေသခံ
