ဩဂုတ် ၁၆ – ၂၀၂၆
SN (VOM)
ရန်ကုန့်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေ တိုးမြှင့်ကောက်ခံဖို့ ကြေညာခြင်းကို ဒီကနေ့ ဩဂုတ် ၁၆ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
“YBS ယာဉ်စီးခ ကျပ် ၂၀၀ ခရီးစဉ်ကို ၃၀၀ ကျပ်၊ ကျပ် ၄၀၀ ခရီးစဉ်ကို ၆၀၀ ကျပ်အဖြစ် စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီး ပြောင်းလဲကောက်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်ထားပါတယ်။ ပယ်ဖျက်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ အခက်အခဲမဖြစ်အောင်လို့ပါ” လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။
ယာဉ်အပိုပစ္စည်း၊ ယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူမှုတန်ဖိုး ကြီးမြင့်တာ၊ ယာဉ်ပြင်ဆင်စရိတ်တွေ မြင့်တက်လာတာကြောင့် ယာဉ်စီးခတွေကို တိုးမြှင့်ကောက်ခံမယ်လို့ YRTC က ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့က ကြေညာခဲ့တာပါ။
ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ အခုလို ယာဉ်စီးခကို တိုးမြှင့် ကောက်ခံတာဟာ အဆင်မပြေမှုများစွာ ရှိနေတယ်လို့ ပြည်သူလူထုကြား ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးချိန်မှာတော့ YRTC က ယာဉ်စီးခ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
ဒါအပြင် YPS ကတ်တွေကိုလည်း လက်ရှိ နှုန်းထားအတိုင်း ကောက်ခံသွားမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလို ယာဉ်စီးခတွေ တိုးမြှင့်မယ့်အစီအစဉ်ကို ပယ်ဖျက်တာဟာ အခြေခံ လူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှု လျော့ကျသွားပေမယ့် တဖက်မှာတော့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ အလုပ်သမားခ၊ ဆီဖိုး၊ ပြင်ဆင်စရိတ် အစရှိတဲ့ ရင်းနှီးမြှုပ်နှံထားရမှုတွေ တွက်ခြေမကိုက်၊ အရှုံးပေါ်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
YRTC ရဲ့ ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ စာရင်းရှိ ယာဉ်စီးရေ ၅၃၉၉ စီး ရှိပြီး အဲဒီထဲမှ တရက်ပြေးဆွဲနိုင်တဲ့ ယာဉ်စီးရေကတော့ အစီးရေ ၃၃၀၀ လောက်သာရှိကာ အသေးစားပြုပြင်ယာဉ် ၁၀၂၄ စီး၊ အလတ်စား ပြုပြင်ယာဉ် ၂၀၉ စီး၊ အကြီးစားပြုပြင်ယာဉ် ၅၁၀ စီးနဲ့ တခြား ပြေးဆွဲနိုင်ခြင်းမရှိတဲ့ ယာဉ် ၃၅၆ စီးခန့် ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ပြုပြင်ဆဲယာဉ်တွေရဲ့ ယာဉ်အပိုပစ္စည်း ဈေးနှုန်း ကြီးမြင့်နေတာကြောင့် ဝယ်ယူပြုပြင် ဆောင်ရွက်ရာမှာ အထိုက်အလျောက် အဆင်ပြေစေရေးအတွက် ယာဉ်စီးခနှုန်းထားတွေကို ထိုက်သင့်သရွေ့ တိုးမြှင့်ပေးဖို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) နဲ့ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) တို့က YRTC ထံ တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် YBS ယာဉ်အစီးရေ တိုးမြှင့် ပြေးဆွဲပေးနိုင်ရေးအပြင် ယာဉ်တွေပြုပြင်ဖို့အတွက် ယာဉ်အပိုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ ဈေးနှုန်းမြင့်မားခြင်း၊ ဝင်ငွေ/ထွက်ငွေ မမျှတခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားကို ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။
ဦးလျန်ကျင့်မန်က “အခု ယာဉ်စီးခ တိုးမြှင့်ဖို့ကို ပယ်ဖျက်လိုက်တာက အများပြည်သူ ခက်ခဲမှာကို ဦးစားပေး လုပ်ဆောင်လိုက်တဲ့ သဘောပါ။ ယာဉ်ပိုင်ရှင်တွေအတွက်ကိုလည်း ဖြေရှင်းပေးဖို့လည်း ကျွန်တော်တို့ လုပ်ရမှာပေါ့။ ဘေးကင်းလုံခြုံပြီးတော့ ဝန်ဆောင်မှုကောင်းတဲ့ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို ကျွန်တော်တို့ YRTC အနေနဲ့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ကြားထဲမှာ အလေအလွင့်တွေ မဖြစ်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ နိုင်ငံတော်ကလည်း ဒီလို အခက်အခဲတွေကို တခြားနည်းနဲ့ ဖြေရှင်းပေးမှာပါ။ စိတ်မပူပါနဲ့။ နိုင်ငံတော်က စဉ်းစားပေးမှာပါ” လို့ ပြောပါတယ်။
ပြည်သူတယောက်ကတော့ အခုလို ယာဉ်ပိုင်ရှင်တွေ အရှုံးပေါ်နေရတာဟာ ကားအများစုမှာ YPS ကတ်ဖြတ်စက် မရှိတာ၊ ပြည်လမ်း အပါဝင် ရန်ကုန်မြို့ရဲ့ လမ်းမတိုင်းမှာ တမှတ်တိုင်ကို အချိန်မှတ် တယောက် ရှိနေတာတွေကြောင့်ဖြစ်ပြီး အဲဒီလူတွေကို ကားသမားတွေက ပိုက်ဆံတွေကို အလကားရနေသလို ပေးနေကြလို့ အရှုံးပေါ်နေတာလို့ ပြောပါတယ်။
အဲဒီ အချိန်မှတ်တွေကြောင့် YBS စီးနင်းကြတဲ့ ပြည်သူတွေဟာ ရုံးတက်၊ ရုံးဆင်း နောက်ကျနေကြတဲ့အပြင် ယဉ်အန္တရာယ် များစွာ ကြုံတွေ့နေရတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အချိန်မှတ်တွေကို ရှင်းလင်းပေးစေချင်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း ဦးလျန်ကျင့်မန်က “အချိန်မှတ် ဆိုတာ တရားဝင် ခန့်ထားတာမဟုတ်ဘူး။ ယာဉ်မောင်းတွေက အချိန်မှတ်တွေကို ပိုက်ဆံပေးပြီး အခုလိုတွေ လုပ်နေတာ။ လူမိုက်ဆန်ဆန် လုပ်နေကြတဲ့ အဲဒီ အချိန်မှတ်တွေကို ကျွန်တော်တို့အခု ဖမ်းထားပါတယ်” လို့ ပြောပါတယ်။
လက်ရှိ YRTC လက်အောက်မှာ ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်းပေါင်း ၁၄၅ လိုင်း၊ ယာဉ်အစီးရေ ၅၄၃၈ စီးရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၅ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၂၃ စီးရှိကာ တရက်ကို ပျမ်းမျှ ၃၃၀၀ စီးခန့် ထွက်ပြီး ခရီးသွားပြည်သူဦးရေ နေ့စဉ် ၁ ဒသမ ၈ သန်းကို ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဦးလျန်ကျင့်မန် (FB)
