ဩဂုတ် ၁၇၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာမ ကျေးရွာအုပ်စု၊ ခိုတိန်ရွာ ကျားဖြန့်ကုမ္ပဏီက ထွက်ပြေးလာသူ တချို့အပြင် တခြားနေရာဘက်က ကျားဖြန့် အများအပြားပါ ၁၀၅ မိုင်မှာ ရောက်ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ခိုတင်က ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်သူ တချို့ အခု ၁၀၅ မိုင်ရောက်နေကြတယ်လို့ သိရတယ်။ ၁၀၅ မိုင်မှာလည်း ကျားဖြန်လုပ်တဲ့ နေရာတွေ အရမ်းများတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
သိမ်းထားတဲ့ နေအိမ် အဆောက်အဦးတွေ၊ ဂိုဒေါင်တွေမှာ ထည့်ထားပြီး နေခိုင်းတယ်လို့ သူက ပြောပါတယ်။
“တရုတ်နိုင်ငံသားတွေကို တင်ထားတဲ့ SSPP စစ်ကားတွေ ဩဂုတ်လ ၁၄ ရက်နေ့ည တီးမ ဘက် လေယာဉ် ဗုံးကြဲတဲ့ည လေယာဉ်တွေ ဝဲနေချိန် စစ်ကား ၆ စီး၊ ၈ စီး လောက် ဖြစ်မယ်။ နမ့်ဖတ်ကာကနေ ဖြတ်ပြီး နမ့်ခမ်းလမ်းဘက် တက်သွားတယ်” လို့ မျက်မြင် ဒေသခံ တယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုနဲ့ ကျားဖြန့်စခန်းက လူတွေ ထွက်ပြေးမှုဟာ ဆက်စပ်မှုရှိမရှိ အတည်မပြုနိုင်ပေမယ့် လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာဟာ SSPP တပ်စခန်းနဲ့ နီးသလို ခိုတိန်ရွာက ကျားဖြန့်ရုံကိုလည်း SSPP တပ်ဖွဲ့က လုံခြုံရေးယူပေးတာသိရတာကြောင့် တည်နေရာ ပေါက်ကြားပြီ အထင်နဲ့ ကြောက်လန့်ပြီး ထွက်ပြေးကုန်တာ လို့ယူဆရတယ်လို့ သူက ပြောပါတယ်။
MNDAA ထိန်းချုပ်ရာ နေရာတွေမှာလည်း အခုနောက်ပိုင်း ကျားဖြန့် လုပ်ငန်းတွေ ရှိလာကြောင်း သတင်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd#
