ဩဂုတ် ၁၇ ၊ ၂၀၂၆
CC (VOM)
ဧရာဝတီတိုင်း ၊ ငါးသိုင်းချောင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ ရေထပ်တိုးတဲ့အတွက် ကုန်းမြင့်တွေအထိရေရောက်လာလို့ အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီရေးလုပ်နေသူတွေဆီက သိရပါတယ်။
ငါးသိုင်းချောင်းမှာဆိုရင် ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာတင် ရေတပေလောက်ထပ်တိုးလာတဲ့အတွက် အိမ်တွေကနေ ရွှေ့ပြောင်းသူတွေရှိလာသလို ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့နေရာတွေကလူတွေ ပါ နေရာပြောင်းရွှေ့ရတာမျိုး ရှိလာတယ်လို့သိရပါတယ်။
“မြစ်ရေတက်တယ် ၊ အထက်ကရေကျတယ်။မိုးရွာတယ်။ နှစ်ရက်ကို နှစ်ပေနီးပါးလောက်တက်တယ်။ ငါးသိုင်သချောင်းက ရေထွက်ပေါက်နည်းတယ်။ မြေနိမ့်ပိုင်းအကုန်အဝင်တယ်။ ရေကတိုးတယ်။ ဆေးရုံတို့ဘက်တွေ ဝင်နေပြီ။ ကုန်းမြင့်တွေလည်းဝင်နေတယ်။ ရွာတွေဘက်ကတော့ ငဝန်မြစ်ရေတက်သမျှအကုန်ဝင်တယ်။ ဒီရက်ပိုင်းရေစီးကလည်းသန်တယ်။ မြို့ကရေထွက်ပေါက်နည်းတော့ အဲဒီဒဏ်တော့ခံရမယ့်သဘောရှိလား ။ မြို့ပေါ်မှာကို တထပ်အိမ်တွေမြုပ်ကုန်တာမျိုးရှိတယ်။ မနေ့ကဝင်သွားတဲ့ တိုးချဲ့ ၆ ရပ်ကွက်ဆိုရင် အိမ်တထပ်လောက်မြုပ်သွားပြီ။အခုက ရေကျော်နေရာတွေလည်းရှိတော့ ပစ္စည်းတွေက ကားနဲ့ ပစ္စည်းကဲ့ရတယ်။ အဲဒီတော့ ကားအမြင့်ပိုင်းမှအဆင်ပြေမယ်။ ” လို့ မြေပြင်ကူညီရေး လုပ်နေသူတယောက်က ပြောပါတယ် ။
ငါးသိုင်းချောင်းမြို့နယ်ထဲက ကျေးရွာတွေဘက်မှာလည်း ရေကြီးမှုတွေ ဖြစ်နေပြီး အကူအညီတွေ လိုအပ်နေကြောင်း ၊ မြို့အခြေအနေက အနိမ့်ပိုင်းတွေ ရေနစ်မြုပ်မှုများတဲ့အတွက် စက်လှေသုံးပြီးမှသွားလို့ရသလို တချို့နေရာတွေက ကားအမြင့်ပိုင်း ကားကြီးတွေသုံးမှသွားလာလို့ အဆင်ပြေတယ် သိရပါတယ်။
ငါးသိုင်းချောင်း – ရေကြည်လမ်းပိုင်းမှာလည်း ရေကျော်နေတဲ့နေရာတွေရှိတဲ့အတွက် ကားအမြင့်ပိုင်းတွေ သွားလာသင့်တယ်လို့ ဆိုပါတယ်။
ရေကြည်မြို့နယ်မှာလည်း မြို့ပေါ်အပါအဝင် ကျေးရွာဘက်မှာပါ နေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေကြီးနေ တဲ့အပြင် ရေဘေးသင့်သူတချိူ့မှာ ကျန်းမာရေးမကောင်းတာကြောင့် အစားအသောက်နဲ့ သောက်ရေသန့်ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
” ဇရပ်လှအုပ်စုထဲက ရွာတွေမှာ အိမ်တွေမြုပ်တာအထိရှိတယ်။အဲဒီအတွက် အဆင့်ထိုးနေရတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေလည်း နေမကောင်းဖြစ်နေတယ်ပြောတယ်။
အစားအစာ ၊ဆေးဝါး ၊ နေစရာ နဲ့ သွားရေလာရေးအတွက် ဒုက္ခရောက်နေကြတယ်။ အကူအညီတွေလိုအပ်နေတယ်။ အဲဒီဘက်တွေကို ရောက်အောင်သွားဖို့တော့ ကြိုးစားနေတယ်။
အဲဒီဘက်က ရေကြီးမှုပိုခံရတာပေါ့။ ” လို့ ရေကြည်မြို့နယ် ကူညီကယ်ဆယ်ရေးပြုလုပ်နေတဲ့ ဒေသခံက ပြောပါတယ်။
လက်ရှိ ရေကြည်မြို့နယ်မှာ မြို့ပေါ်လေးရပ်ကွက် နဲ့ ကျေးရွာ ၂၇ ရွာမှာ ရေကြီးနစ်မြုပ်နေပြီး ရေဘေးသင့်နေတယ်လို့ သိရပါတယ် ။
” လေးမျက်နှာ တာကျိုးပေါက်တာက ငါးသိုင်းချောင်း ၊ ရေကြည် အကုန်လုံး ဒဏ်ခံရတယ်။ ပျက်စီးရတယ်။ တာအပေါက်အသေးလေးကနေ ခုလိုဖြစ်ကုန်တာ။ လေးမျက်နှာရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ညံ့ဖျင်းမှုတွေ အလေးမထားမှုတွေ ကပေါ်ကရော်လုပ်မှု ဘာကိစ္စ မှမရှိဘူးဆိုပြီး အပေါက်သေးလေးကနေ လုပ်လိုက်တာ အခုရေကြည်ကပါဆိုင်နေပြီ။ ဒီလိုပဲ မြစ်ရေကလည်းနှစ်တိုင်းတက်နေမယ် ဒီငဝန်တာကြီးကရော ဘယ်လောက်ထိကြံ့ကြံ့ ခံမလဲ ၊ ဆည်မြောင်းဌာနတွေက တာတွေကိုပဲ အသစ်လုပ်နိုင်မလား ၊ တာကအချိန်မရွေးနိမ့်ကျသွားနိုင်တယ်။ ဆည်မြောင်းက ဒီတာတွေကို နိုင်နိုင်နင်းနင်းလုပ်နိုင် လား ၊ လုပ်နေသလားပေါ့။ အဲဒါတွေသာ နှစ်တိုင်း ဒီလိုကျိုးနေရင် ဘဝတွေက ခါးသထက်ခါးပြီပေါ့။ ဒါအပြစ်တင်ပြောနေတာမဟုတ်ဘူး။ဖြစ်နေတာကိုပြောနေတာ။ ဘယ်ရွာက ဘယ်တာအကုန်လက်ညှိုးထိုးပြလို့ရတယ်။ အဲတော့လေးမျက်နှာတာကလုံသွားပြီဆိုရင် ကျန်တဲ့ တာတွေကရော စိတ်ချရသလား ၊မကျိုးပါဘူးလို့အာ မခံလား ။” လို့ ရေကြည်ဒေသခံက ပြောပါတယ်။
အခု လေးမျက်နှာမြို့နယ်မှာ ရေပြန်တိုးလာတဲ့အတွက် အဲဒီကဆင်းလာမယ့်ရေတွေက နောက်ရက်တွေမှာ ငါးသိုင်းချောင်း ၊ရေကြည်ကို ဝင်ရောက်လာမှာဖြစ်လို့ ရေထပ်တိုးလာပြီး ရေကြီးမှုပိုဆိုးလာဖို့ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေး အသင်းများ
