ဩဂုတ် ၁၇ ၊ ၂၀၂၆
GG (VOM)
ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း လုပ်ငန်း လည်ပတ်မယ့် ရန်ကုန်တိုင်းထဲက စက်မှုလုပ်ငန်းတွေကို မီတာခ တယူနစ်၉၀၀ကနေ ၆၀၀ ကျပ်ထိလျှော့ချကောက်ခံပေးမယ့် အစီအစဥ်က စက်ရုံလုပ်ငန်းအများစုအတွက်တော့ သိသာတဲ့ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။
လက်ရှိ စက်ရုံအများစုဟာ ဝန်ထမ်းတွေခန့်အပ်ထားပြီး လစာစနစ်နဲ့ လည်ပတ်နေရတာဖြစ်ပြီး ညဘက်စက်ရုံလည်ပတ်မယ်ဆိုပါက ဝန်ထမ်းတွေကို အချိန်ပိုကြေးအဖြစ်လုပ်အားခနှစ်ဆပေးရခြင်း ၊ အချိန်ပိုခေါ်ယူဖို့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို တင်ပြရခြင်း ၊ အလုပ်သမားတွေအတွက် ညဘက်လုံခြုံရေးတာဝန်ယူရခြင်း စတဲ့ အခက်အခဲတွေရှိတာကြောင့် ညပိုင်းမှာစက်ရုံလည်ပတ်ဖို့က အဆင်မပြေဘူးလို့ သိရပါတယ်။
ဒါကြောင့် စက်ရုံအများစုက ညဘက် စက်ရုံလည်ပတ်ပြီး လုပ်ငန်းလုပ်ဖို့အဆင်မပြေတဲ့အတွက် ညပိုင်းမှာ မီတာခတွေလျှော့ချပေးခြင်းက စက်မှုဇုန်လုပ်ငန်းရှင်တွေအတွက်တော့ ထူးခြားမှုသိပ်မရှိဘူးလို့ သိရပါတယ် ။
” ညဘက်အလုပ်လုပ်ပြီဆိုရင် အလုပ်သမားဥပဒေအရ ခွင့်မပြုထားတာလည်းပါသလို ညနေ ၅ နာရီကျော်ရင် အချိန်ပိုတင်ပြရတာတို့ ၊ လုပ်သားခနှစ်ဆပေးရမှာတို့ရှိတယ်။ လခစား သမားတွေနဲ့ဆိုရင်တော့အဆင်မပြေဘူး ။ပုတ်ပြတ်သမားတွေတော့မပြောတတ်ဘူး ။သူတို့ကျ ဒါလုပ်ရင် ဒါအပြတ်ရမယ်ဆိုတော့ နေ့ ၊ ညဆင်းချင်ဆင်းမှာပေါ့။ စက်မှုဇုန် တွေမှာကတော့ ညနေ ၄ နာရီ ၅နာရီကျော်သွားရင် အချိန်ပိုကြေးနှစ်ဆပေးရတယ်။ နောက်ပြီးညသန်းခေါင် နာရီဘယ်လောက်ထက် မပိုရဘူးဆိုတဲ့ကိစ္စကရှိတယ်။ တချို့ကိစ္စတွေကျတော့ အလုပ်သမားဥပဒေနဲ့ညိနေတာတွေလည်းရှိတယ်။ ” လို့ စက်မှုဇုန်တခုရဲ့တာဝန်ရှိသူ က ပြောပါတယ်။
လက်ရှိမှာ ည ၁၁ နာရီကနေ မနက်နက် ၅ နာရီအတွင်း လုပ်ငန်းလည်ပတ်ရင် မီတာခ ၆၀၀ ပဲကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်ပြီး စက်မှုဇုန်တာဝန်ရှိသူတွေကို အသိပေး ညွှန်ကြားတာမျိုးမရှိသေးကြောင်း ၊ ဒီကနေ့ မှာတော့ ရန်ကုန်တိုင်း YESC ရုံးချုပ်မှာ တိုင်းလျှပ်စစ်ဌာန အပါအဝင် တာဝန်ရှိသူတွေနဲ့ စက်မှုဇုန်တာဝန်ရှိသူတွေ တွေ့ဆုံးသွားဖို့ရှိတယ်လို့ သိရပါတယ်။
” တစုံတရာ ညွှန်ကြားတာမရှိသေးဘူး ။ ဒါပေမယ့် ဒီနေ့ အလုံက YESC ရုံးချုပ်ကို စက်မှုဇုန်ဥက္ကဌတွေ တက်ရောက်ဖို့စာလာလို့ တက်ရမယ်။ ဒီနေ့ပြောမလားတော့ မသိဘူး ။ ဘာကြောင့်လျှော့ပေးတယ် ၊ ဘယ်လိုတွေရှိတယ်ဆိုတာ ဒီနေ့မှ သိရမယ့် အခြေအနေရှိတယ်။အခု ၉၀၀ ကောက်နေတာကလည်း မီးစက်နဲ့ဒီဇယ်သုံးပြီး လည်ပတ်ရတာထက်တော့ အဆင်ပြေတယ်ပြောလို့ရပါတယ်။ စက်ရုံအလုပ်ရုံတွေက ခုချိန်မှာ ကိုက်လို့ မြတ်လို့လုပ်နေတာမျိုးလည်းမဟုတ်ကြဘူး ။ အော်ဒါကလည်းအရမ်းကောင်းကြီးမဟုတ်သလို အဆိုးကြီးလည်းမဟုတ်ဘူး ။ အကုန်လုံးအဆင်ပြေအောင်သာလည်ပတ်နေရကြရတာပါ ။ ” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ဇုန်တွေထဲက စက်ရုံတချို့မှာ အလုပ်သမားနဲ့ အလုပ်ရှင်အကြားအငြင်းမှုတွေ ဖြစ်ပွားနေရာ အဲဒီ အငြင်းပွားမှုတွေထဲမှာ ညပိုင်း အချိန်ပိုခေါ်ယူတဲ့ကိစ္စတွေ ၊ အချိန်ပိုကြေး တိုးပေးဖို့ တောင်းဆိုတဲ့ကိစ္စတွေ ရှိနေတယ်လို့ သိရပါတယ် ။
” အလုပ်သမားတွေကလည်း ညဘက်ကို နေ့တိုင်း ဘယ်သူမှ အချိန်ပိုမဆင်းချင်ကြဘူး ။ အခုကာလ ပိုဆိုးတာပေါ့လေ ။ညဘက် အသွားအပြန်လုံခြုံရေးကလည်းရှိသေးတယ်။ အချိန်ပိုခေါ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေကလည်းရှိတယ်။ အချိန်ပိုခေါ်ပြီဆိုရင် အလုပ်သမားကလည်း လုပ်ခလစာရဲ့နှစ်ဆကိုလိုချင်တာ သဘာဝပဲ။ အချိန်ပိုကြေး ပေးတာမှာ အဆင်မပြေမှုတွေကလည်း ဖြစ်နေတော့ ညပိုင်းစက်ရုံလည်ပတ်ဖို့က ခက်ပါတယ်။ ” လို့ လုပ်ငန်းရှင်တယောက်က မှတ်ချက်ပြု ပြောပါတယ် ။
နေ့လည်ပိုင်း ဝန်အားသုံးစွဲမှုများပြားတဲ့ စက်မှုလုပ်ငန်းကြီးတွေအနေနဲ့ ညပိုင်းကို ပြောင်းရွှေ့လုပ်ကိုင်ပြီး ဓာတ်အားသုံးစွဲပါက ညဘက်မှာ ဓာတ်အားစနစ်တည်ငြိမ်မှုရှိနိုင်တဲ့အပြင် နေ့ပိုင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူတွေကို ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်အနေနဲ့လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်း စတဲ့ သုံးဦးသုံးဖလှယ် အကျိုးကျေးဇူး ရရှိစေမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
နိုင်ငံတကာမှာလည်း Smart Grid စနစ်ကို အသုံးပြုနေကြပြီး အခုလို အချိန်ဖြင့် ဓာတ်အားခကောက်ခံတဲ့ (Time of Use- TOU) ကို အသုံးပြုနေကြပြီဖြစ်တာကြောင့် ဝန်ကြီးဌာန အနေနဲ့လည်း လက်ရှိအခြေအနေပေါ် မူတည်ပြီး ပထမ အဆင့်အနေနဲ့ စတင် စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။
လက်ရှိ မိုးရာသီကာလမှာ ရေဝင်ရောက်မှု ကြောင့် ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေကနေ အပြည့်အဝ ဓာတ်အားထုတ် လုပ် ပေးနိုင်ပေမယ့် မဟာဓာတ်အားလိုင်းတွေရဲ့ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက် ရှိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားအသုံးများတဲ့ နေ့အချိန်ပိုင်းမှာ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပထမအဆင့်အနေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများတဲ့ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုလုပ်ငန်းတွေကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အချက်နဲ့ ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ မနက် ၅ နာရီအတွင်း တယူနစ်ကို မူလ ကျပ် ၉၀၀ နှုန်းမှ ၆၀၀ ကျပ်နှုန်းအဖြစ် လျှော့ချ ဓာတ်အားရယူသုံးစွဲခွင့် ဆောင်ရွက်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေ အပြင် မန္တလေးတိုင်း၊နေပြည်တော် နဲ့ ပဲခူးက စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကိုတော့ LNG ဓာတ်ငွေ့စက်ရုံကနေ ၂၄ နာရီ လျှပ်စစ်မီးဖြန်ဖြူးပေးနေပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်နူန်းကောက်ခံမှုကို ဖေဖော်ဝါရီလကတည်းက စတင်လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
