တလုတ်​ထော်မှာ ညကြီးရေတိုးလာလို့ တယောက်ရေနစ်သေဆုံး ၊ ညတွင်းချင်းကယ်ဆယ်ရေးလုပ်ရ

ဩဂုတ် ၁၈ ၊ ၂၀၂၆
GG (VOM)
ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ ဩဂုတ် ၁၇ ရက်နေ့ညနေပိုင်းက ရေထပ်တိုးလာတဲ့အပြင် အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ် ။
ဒါကြောင့် ရွှေ့ပြောင်းလိုတဲ့ ကျေးရွာရေဘေးသင့် ​ပြည်သူ ၅၇ ယောက်ကို လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ညတွင်းချင်း ကယ်ထုတ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ် ။
သေဆုံးတဲ့အမျိုးသမီးကတော့ အသက် ၃၇ နှစ်အရွယ်ရှိပြီး ယာယီရွှေ့ပြောင်းနေထိုင်တဲ့ ဘုန်းကြီးကျောင်းကနေ အိမ်ကို ပြန်ချိန်လမ်းမှာ ချော်လဲပြီး ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ရေကအရင်ရက်ထဲက ဝင်နေတာကို မပြောင်းကြဘူး ။ ဒီနေ့ညနေ ရေထပ်တိုးလာတော့မှ မနေရဲတော့ဘူး ဆိုပြီး လာခေါ်ပေးဖို့ ပြောကြတာ ။ အဲဒီရွာမှာ ရေအနိမ့်ပိုင်းက လူတရပ်ကျော်တယ်။ လမ်းပေါ်တောင် လူဆင်းလမ်းလျှောက်ရင် ခါးကျော်နေပြီ ။ ၄ပေ ကျော်ရှိတယ်။ ညချင်းသွားခေါ်တယ် လူ ၁၅၀ လောက်ရှိတာကို ၅၇ ယောက်ပဲ လိုက်တယ်။ ကျန်တဲ့သူတွေက မနက်မှ ပြောင်းမယ်ပြောကြတယ်။ မနက်ဖန်ကို မီးသတ်တပ်ဖွဲ့ တွေနဲ့ သွားပြီး သေချာခေါ်ဖို့တော့ စီစဥ်ထားတယ်။ သေတဲ့အမျိုးသမီးက ဘုန်းကြီးကျောင်းကနေ သူ့အိမ်ကို ခဏပြန်ကြည့်တာမှာ ချော်လဲပြီးသေတာ ။ လူတွေက ဘုန်းကြီးကျောင်းမှာရော အိမ်တွေမှာပဲ နေကြတာ ရှိနေသေးတယ်။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူက ပြောပါတယ် ။
အဲဒီလဟာပ ရွာက ရေဘေးသင့်သူတွေကိုတော့ တလုတ်ထော်မြို့ပေါ်က ဘုန်းကြီးကျောင်းမှာပို့ဆောင်ထားကြောင်း ၊ မြို့ပေါ်မှာတော့ ရေကြီးတာမျိုး မရှိသေးဘူးလို့ သိရပါတယ် ။
လေးမျက်နှာမြို့နယ် ရေကြီးမှုမှာလည်း ရေနစ်သေဆုံးသူ နှစ်ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
အခုဩဂုတ်လအတွင်းဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်း အတွင်းရေကြီးမှုအပါအဝင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ရှမ်းပြည်နယ် ရေကြီးမှုဖြစ်စဥ်တွေမှာ ရေနစ်သေဆုံးသူ ၃၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – လူမှုကူညီရေး အသင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW